Breaking News

ကြံထူး - သတ်ပုံမှားတဲ့ည

သတ်ပုံမှားတဲ့ည
ကြံထူး
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၃

ညဉ့်ဦးယံရဲ့ အတွေးထဲ
ကော်ဖီတစက်လောက် မျက်စဉ်းခပ်လိုက်တဲ့အခါ
သန်းခေါင်ယံဟာ ဖျတ်ဖျတ်ကိုလူးလို့။

ကြယ်တွေကြားက တီးတိုးစကား
ငါ့နှလုံးသားမှာ ဆူညံနေရဲ့။

လိုက်ကာစတွေ လူးလွန့်နေကတည်းက
လေညင်းတွေ ခိုးကြည့်နေပြီဆိုတာ ငါသိတယ်။ 

ဆောင်းနှင်းတွေ ခြေငြိမ်သလောက်
အိမ်ခြေယာမဲ့ ဝိညာဉ်တွေ
ခေါက်တုံ့လူးလာ ဖြတ်လျှောက်
သူတို့ယူဆောင်လာတဲ့
စိတ်ကူးအိပ်မက်တွေကလည်း
ဟိုတစ ဒီတစ ကွဲအက်လို့ပေါ့။

ဂနာမငြိမ်တဲ့ ညတညဟာ
ဝိရောဓိ တိမ်တိုက်တွေကြား
သတ်ပုံတွေ မှားပြီးရင်း မှားနေလေရဲ့။ 

* ကဗျာခေါင်းစဉ် “သတ်ပုံမှားတဲ့ည” စကားလုံးမူရင်းဖန်တီးသူ တေးရေးဆရာကို ခရက်ဒစ်ပေးပါသည်။
=
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar