ကုလ၊ မြေခွေးနဲ့ အိုးအိမ်မဲ့ အမေရိကန် သောင်းပြောင်းထွေလာ
ကုလ၊ မြေခွေးနဲ့ အိုးအိမ်မဲ့ အမေရိကန် သောင်းပြောင်းထွေလာ
နိုင်ငံတကာသာဂိ၊ (မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းသမ္မတက ရုရှားကို ပြစ်တင်ဝေဖန်သွားတယ်။ ရုရှားကို လုံခြုံရေးကောင်စီကနေ ဖယ်ထားသင့်တယ်လို့ အကြံပေးလိုက်တယ် ဆိုပါတယ်။
မနှစ်က ဇီလန်စကီးကို အမေရိကန်လွှတ်တော်က ကော်ဇောနီခင်း ကြိုခဲ့သလောက် အခုနှစ်မှာတော့ အတိုက်အခံ ရီပတ်ဘလစ်ကန်အမတ်တွေက ဆန့်ကျင်ကြလို့ လွှတ်တော် နှစ်ရပ်ဆီကိုတောင် မဖိတ်တော့ဘူး ပြောပါတယ်။
အမေရိကားက ဘတ်ဂျက် ခုထိ မကျသေးတော့ နှစ်ဘက် အမတ်တွေ တကျက်ကျက် နိုင်ငံရေးကစား (ရန်ဖြစ်) နေကြတယ်။ သည်တော့ အမေရိကန်ကနေ ယူကရိန်းကို လက်နက်နဲ့ ငွေကြေး အကူတွေ ဆက်ပေးတာ တိုးပေးတာ ကို မလုပ်ချင်ကြဘူးလေ။ ပြည်တွင်းရေးကိုပဲ အားပေးပါ လုပ်ချင်နေကြတာကိုး။ မဲဆန္ဒရှင်တွေကို ဆွယ်တဲ့သဘောပါပဲ။ ဒီမိုကရက်အမတ်တွေက လစ်ဘရယ်တွေဆိုတော့ လက်လွယ်တယ်။ ခံစားချက်ရှေ့တန်းတင်တယ်။ ရီပတ်ဘလစ်ကန်အမတ်တွေက ရှေးရိုးစွဲတွေ ဆိုတော့ လက်နှေးတယ်၊ ကိုယ့်အတွက်ဘဲ စဉ်းစားတယ်။ အဲသည် ၂ စွန်း ကွဲကြတော့ တိုင်းပြည်လဲ တန်းလန်းကြီး ဖြစ်နေတာပေါ့။
နောက် သတင်းထူးကတော့ ဩဇီက သတင်းအင်ပါယာမင်းကြီး မားဒေါ့ အနားယူပြီတဲ့။ အသက်ကလဲ ၉၀။ သူ့သားကို သူ့မီဒီယာအင်ပါယာကို လွှဲပေးမယ်။ အဲသည်ထဲမှာ အမေရိကန်နိုင်ငံရေးကို ဇောက်ထိုးမိုးမျော် ကစားနိုင်တဲ့ နှောင့်နိုင်တဲ့ Fox News လဲ ပါတယ်။ ဖေ့စ်ဘွတ်မှာ သူငယ်ချင်းတဦးရေးထားတာကို ကိုးကားရရင် …
အော်စီရဲ့ ဝန်ကြီးချုပ်ဟောင်း မာကွန်တမ်ဘောလ် က Rupert Murdoch သည် အမေရိကကို နှစ်ခြမ်းကွဲစေခဲ့တဲ့သူ၊ အမေရိကန် ပြည်တွင်းစစ်တုန်းကလို အခုလက်ရှိ အမေရိကန်ကို နှစ်ခြမ်းကွဲအောင် လုပ်ခဲ့တဲ့ သူလို့ ကို ပြောပါတယ်၊ Angertainment damaged the Democratic world - ဒေါသကို မီးထိုးပြီး ဒီမိုကရေစီကို မီးတိုက်ခဲ့သူ ဆိုပဲ။
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က Fox News ၏ အခါတော်ပေး မြှောက်ပင့်ချက်တွေကြောင့် ၂၀၁၆ မှာ သမ္မတ ဖြစ်လာပြီး၊ ၂၀၂၀ မှာ အမေရိကန်သမိုင်းမှာ အမေရိကန်လွှတ်တော်ကို ဝင်စီးခံရအောင် မြှောက်ပေးခဲ့တယ်။ အခုလဲ ဒေါ်နယ်ထရမ် ၂၀၂၄ အတွက် မဲဆွယ်ပေးတဲ့ Fox News သတင်းဌာနအဖြစ် ရပ်တည်ဆဲ။
သို့သော် အမေရိကန် မဲရေတွက်စက်တွေ ဖောက်ပြန်တယ်လို့ မဟုတ်တမ်းတရား သတင်းလုပ်ကြံလွှင့်ခဲ့တဲ့ မြေခွေးသတင်းဌာနကို အမေရိကန်လုပ်ငန်းရှင်တွေဘက်က တရားစွဲဆို အရေးယူနိုင်ခဲ့လို့ မြေခွေးလဲ ဒေါ်လာ သန်းချီ လျော်ကြေးပေးရ၊ သတင်းကြေညာသူတွေလည်း အလုပ်ပြုတ်ရ ဖြစ်ခဲ့ပါတယ်။ အခုသည်တခါ မြေခွေးသတင်းပိုင်ရှင်ကြီး ရူးပတ်မားဒေါ့လည်း အနားယူပါပြီ။
အမေရိကန်ကို နတ်ပြည်မှတ်ပြီး လူတွေ သိန်းချီပြီး လာဖို့ ကြိုးစားနေကြတယ်။ မက္ကစီကို နယ်စပ်ကနေ ဝင်လာမစဲ တသဲသဲ။ အမေရိကန်ပြည်တွင်းမှာတော့ အမေရိကန်တွေ ကိုယ်တိုင် အလုပ်လက်မဲ့ စီးပွားပျက် မူးယစ်ဆေးကျွန်ဖြစ်ပြီး ဘ၀ပျက် အိုးအိမ်မဲ့ဖြစ်နေကြသူတွေလည်း သိန်းချီ ရှိနေပါတယ်။ သူတို့တွေကို homeless တွေ unhoused တွေလို့ ခေါ်ကြတယ်။ homeless ဆိုတာ အိုးအိမ့်မဲ့။ unhoused ကတော့ အိမ်ပေါ်က ဆင်းရသူလို့ အဓိပ္ပါယ် ရတယ်။ Unhoused လို့ ခေါ်တာ ယဉ်ကျေးတယ် ခံသာတယ် ပြောကြတာပဲ။
အမေရိကန်တွေက လူတွေကို ဆင်းရဲတယ်လို့ တိုက်ရိုက်မပြောချင်တော့ စကားတွေ လှအောင်သုံးတတ်ကြတယ်။ low income ဆိုပဲ။ ဝင်ငွေနည်းတဲ့သူတွေဆိုတော့ ဆင်းရဲတယ်လို့ မဆိုတာလား။ မျက်စိလည်အောင်လုပ်တာပါ။ ဆင်းရဲတာတော့ ဆင်းရဲတာပဲ။ အိမ်မဲ့တာတော့ အိမ်မရှိတာပဲ။
အမေရိကားကို နယ်စပ်ဖြတ်ကျော် ဝင်လာသူတွေလဲ အိုးအိမ်မဲ့တွေ ဖြစ်နေကြသလို ပြည်တွင်းက နိုင်ငံသားတွေကိုယ်တိုင် ဝင်ငွေနည်းပြီး အိမ်နဲ့ မနေနိုင်လို့ လမ်းပေါ်ရောက်နေကြတာ အများကြီးပါ။ ရီပတ်ဘလစ်ကန်အာဏာရတဲ့ ပြည်နယ်တွေမှာ သည်လူတွေက မနေကြဘဲ ဒီမိုကရက်တွေ အာဏာရတဲ့ ပြည်နယ်တွေကို ပြောင်းလာကြတယ် ဆိုပဲ။ သည်တော့ သဘောကောင်းတဲ့ ဒီမိုကရက်ပြည်နယ်တွေမှာ မူးယစ်ဆေးဝါးစွဲ၊ စိတ္တဇဝေဒနာရှင်၊ အိုးအိမ်မဲ့သူတွေ၏ ပြသနာတွေ မိုးထိုးလို့ နေပါတယ်။ ရာဇဝတ််မှုတွေလည်း ထူပြောပါတယ်။
တခြားမကြည့်နဲ့ ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုဘေးဧရိယာကိုသာ ကြည့်ပါ။ သဘောကောင်းတဲ့လူတွေခင်မျာ သည်လိုမျိုးဒဏ်တွေ ကြာကြာခံရတော့ ဂရုဏာတရားခမ်းခြောက်တဲ့ စိတ်ဝေဒနာ ခံစားကြရပါတယ်။ Compassion Fatigueလို့ ခေါ်ပါသတဲ့။
တချို့ကျတော့လဲ သူများက မေတ္တာ ကရုဏာ မုဒိတာ စေတနာ သဒ္ဒါတရားစိတ် ယိုဖိတ်ပြီး လှူတန်း လုပ်ကိုင် ပေးဆပ်နေကြတာကို ကိုယ်ကိုယ်တိုင်လဲ ဘာမှ ဝင်မကူ ဝင်မလုပ်ပေးဘဲနဲ့ ဘေးကနေ အပြစ်တင် ရှုံ့ချနေကြတာမျိုးကလဲ ရှိပါတယ်။ နွေဦးတော်လှန်ရေးကြီးထဲက ဟိုအသံ သည်အသံ စီစီညံညံ ဖြစ်လာရင် အဲသည်လိုလူမျိုးတွေက တိုင်ပေါ်တက်ပြီး ပြောချင်ကြတယ်။ တွေ့လား ဒါတွေကြောင့် ငါတို့က အစကတည်းက မပါတာ မကူတာတဲ့။ လုပ်ပုံက အဲသလို တလွဲတွေလဲ ရှိပါသေး။ ဒါကတော့ ဘာမှ မဆိုင်ပဲ ဘလိုင်းကြီး ဝင်ဖောင်းထု ရေးတာပါ။ ဘယ်သူ ပျက်ပျက် ကိုယ်တရားမပျက်ဖို့ လိုပါတယ်။ အလဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar