Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၉ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၉ )

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၃


22/9/23

Diary in the darkness


မိုးကုတ်က သူငယ်ချင်း ဖုန်းဆက်တယ်။ သူ့မိခင်ဈာပနကို သေနတ်သံတွေကြားထဲက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ပြောပါတယ်။ လေယာဉ်ပျံဝဲသံတွေ ကြားရတဲ့အကြောင်း၊ ကိုးလံ၊ ကျပ်ပြင်၊ ကျောက်ဖားတဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ စကစ တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ပြောပါတယ်။ မိုးကုတ်ဆေးရုံမှာ ဒဏ်ရာရစစ်သားတွေနဲ့ ပြည့်နေတယ်။ မိုးကုတ်အနီးက တိုင်းရင်းသားတွေ မိုးကုတ်ဆေးရုံ တက်လို့မရ ဖြစ်နေတယ်။ အဲဒီနေရာတဝိုက် မှာ ရှမ်း၊ ကချင်၊ လီဆူး၊ ပလောင် လူမျိုးတွေ နေထိုင်ကြပါတယ်။ ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြသူတွေများပါတယ်။

ဒီနေ့ကစပြီး လက်ဖက်ရည်အစား ရဲယိုသီးဖျော်ရည်ကို အစားထိုး သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ဖက်ရည်တခွက်က ၁၅၀၀ ကျပ်ဖြစ်နေပြီလေ။ ရဲယိုသီးက ဈေးထဲမှာ တလုံးနှစ်ရာပဲ ပေးရတယ်။ ယခင် အာဏာမသိမ်းခင်က ဆိုရင် ရပ်ကွက်ထဲမှာ အလကား လိုက်ကောက်လို့ရတယ်။ ခုတော့‌ ဈေးကွက်ဝင်နေပြီလေ။ ရဲယိုသီးကို ထန်းလျက်နဲ့ ဖျော်သောက်တာ သောက်လို့ကောင်းပါတယ်။ ပူစပ်စပ် ချိုမြမြနဲ့ပါ။ငယ်ငယ်က အဖွားချက်တဲ့ ရဲ့ယိုရွက်နဲ့ ငါးခူဟင်းကို သတိရတယ်။ ဆေးဖက်ဝင်တယ်ဆိုပြီး တရပ်ကွက်လုံးကို လိုက်ဝေတာ မျက်စိထဲ မြင်ယောင်နေတယ်။ တလ တစ်ခါလောက် ဝေလေ့ရှိတယ်။ ရဲယိုရွက်နဲ့ ဒန့်ဒလွန်ရွက်ကို ဟင်းချိုချက်သောက်တာလည်း အစဉ်ပြေတယ်။ သွေးတိုးနဲ့ ဆီးချိုကို သက်သာစေတယ်လို့ ဖတ်ဖူးတယ်။ အခုလို ဆေးရှားပါးနေချိန်မှာ၊ အစစ အရာ ဈေးတက်နေချိန်မှာ ဒီလို သဘာဝအစာတွေကို စိတ်ဝင်တစားနဲ့ စားသုံးတတ်လာတာဟာ အမြတ်ပါပဲ။

ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ ဆီပုလင်းကို ရင်မှာပိုက်လို့ အောင်ပွဲရ စစ်သူကြီးဟန်နဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားတဲ့ပုံတချို့ တက်လာတယ်။ အောက်က မှတ်ချက်တွေမှာတော့ ဝိုင်းဝန်းလှောင်ပြောင် ထောမနာပြုကြတယ်။  စကစရဲ့ အောင်မြင်တဲ့ စီးပွားရေးစီမံကိန်းကြီးကို ချီးကျူးကြတယ်။  ကျနော်ငယ်ငယ် မဆလ ခေတ်က ဆီကို ခပေါင်းစီးကရက် မှိုတက်နဲ့ တွဲပေးတာမျိုး ကြုံဖူးတယ်။ အခုလည်း ကမ္ဘာ့အရောင်းသွက် အိုင်ဖုန်း ၁၃ နဲ့ တွဲ‌ရောင်းရင် သိပ်ကောင်းမှာပဲလို့ အကြံပြုလိုက်ရင် သူတို့ တကယ်လိုက်လုပ်မယ် ထင်တယ်။ 

လူထုက ဆီတန်းစီဝယ်နေချိန်မှာ စကစ ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့ လာဘ်ယူမှုနဲ့ ခုံရုံးတင်စစ်ဆေးခံနေရတယ်။ 

အောက်ပါလင့်မှာကြည့်ပါ။

https://fb.watch/nbj5go_dl_/?mibextid=Nif5oz

https://fb.watch/nc5InQPjOw/?mibextid=NnVzG8&startTimeMs=382689

ခုခံစစ် ၂ နှစ် ဦးအောင်ခင် https://fb.watch/nbSq0_68Mh/?mibextid=Nif5oz 

အောက်ခြေတပ်အရာရှိတချို့ကတော့ အမိန့်မနာခံမှု၊ တပ်ပြေးမှုတွေနဲ့ အရေးယူခံနေရတယ်။ 

လက်နက်ကိုင်တော်လှန်ရေးသမား‌‌‌ဟောင်းတစ်ယောက်က ပြောတယ်။ လက်နက်ကိုင်တွေကို နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ခွင့်ပြုတာ၊ စီးပွားရေးလုပ်ခွင့်ပေးတာဟာ လက်နက်ကိုင်အဖွဲ့အစည်းကို ဖျက်ဆီးလိုက်တာပဲတဲ့။ သူ ပြောသလိုဆို အခုလိုတပ်မ‌တော်တခုလုံး ဗုန်းဗုန်းလဲနေတာ အားလုံးရဲ့တရားခံ နံပတ်တစ်ဟာ ဦးနေဝင်း ဖြစ်နေတာပေါ့။

ဒီရက်ပိုင်းအတွင်း ရွှေဈေးနဲ့ ကားဈေးနည်းနည်းကျတယ်။ 

ရခိုင်မှာ ဗုံးခိုကျင်းတွေတူးပြီး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်နေကြတယ်။ ကချင်မှာ စကစတွေရဲ့ထိုးစစ် မရှုမလှ ပျက်စီးနေတယ်။ ကရင်နီ နဲ့ ကရင်မှာလည်း အလူးအလဲခံနေရတယ်။ တပ်ပျက်နေပြီ ဆိုတဲ့အသံတွေ တဖြည်းဖြည်း ကျယ်လောင်လာတယ်။ 

တပ်ပျက်တာ ဘယ်လောက်ဆိုးသလဲဆိုတာ ကျွန်တော် မသိနိုင်ပေမယ့် မီးပျက်လို့ ထမင်းအိုးပျက်တာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိနေရပါပြီ။


အန်ကယ်တူမီး

၂၂/၉/၂၃



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar