မနအ - ဆိတ်ဖလူးနံ့သင်းတဲ့ ခြံဝင်းလေးထဲမှာ
ဆိတ်ဖလူးနံ့သင်းတဲ့ ခြံဝင်းလေးထဲမှာ
မနအ
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၃
လရောင်ဝေးရေ
ငါတို့ခြံကလေးရဲ့အပြင်မှာ
မင်းက
ခရမ်းပြာမြင်းရိုင်းကို ဇက်ဖွင့်
အလင်း အလံလွင့်လို့
ငါတို့ခြံကလေးထဲမှာတော့
လရောင်ဟာ တကယ်ဝေးလို့
ဘယ်ကိုမှ မပြေးသာတဲ့
စီစီတီဗီကင်မရာတွေရဲ့ ကွန်ရက်မှာ
အခက်ကြီးထဲ ခုန်ချမယ်ဆိုတဲ့ အသံလည်းပျောက်
ငါတို့ခြံလေးထဲ ငါတို့ဟာ ထောင်ချောက်မိနေကြ
အလှပဆုံးသင်္ကေတအသစ်ဆိုတာ
ဒီ နှစ်ဆယ့်တစ်ရာစုရောက်ပါမှ
နှစ်ဆယ့်တစ်ပေါက်မှာ နှစ်ပိုင်းတစ်ပိုင်းပဲ့၊ ကျိုးလို့
ဆိတ်ဖလူးရနံ့ သဲ့သဲ့ရနေသလိုမျိုး ဆိုတော့
လရောင် ပြိုးပြိုးပြောက်ပြောက်တောင်မလင်းတဲ့
ဒီ ခြံဝင်းလေးထဲမှာ
ဘယ်မှာလဲ ညယ်
ဘယ်မှာလဲ ညဥ့်ပုံပြောသူ
ဘယ်မှာလဲ နာရီနဲ့ လူ
ဟော့သည်က ပေါင်းထူနေတဲ့ ခြံလေးထဲမှာ
ဘယ်သူက ဘယ်မှာလဲ လရောင်ဝေးရေ
လရောင် ဆွတ်လို့ လွတ်နေတဲ့ နေရာလေးက
ငါတို့ခြံ ငါတို့မြေ ငါတို့နေရာလေးထဲ
ဘယ်မှာလဲ လရောင်ဝေးရေ
ငါတို့တတွေဟာ
ခြံအပြင်မှာ သာနေတဲ့ လရောင်လေးကိုပဲ ငေးလို့
ငါတို့ဟာ အင်တာနက်ပလက်ဖောင်းတွေကို ငေးလို့
ငါတို့ဟာ လရောင်ဝေးတွေပါ ။ ။
၂၇ ဩဂုတ် ၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar