Breaking News

ညိုထွန်းလူ - ဟိုတောင်ပေါ်ရိုးဆီက

ဟိုတောင်ပေါ်ရိုးဆီက
ညိုထွန်းလူ
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၂၃

လူတိုင်းလူတိုင်းမှာ သူ့တို့ကိုယ်သူတို့ သိချင်မှသိမှာ ဖြစ်ပေမယ့် စွဲလန်းစိတ်နဲ့အလွမ်းဝေဒနာတခုတော့ ရှိကြစမြဲမို့ ကျွန်တော်လည်းဒီအရေးက ဘယ်လွတ်ကင်းနိုင်ပါ့မလဲ။ အဲတော့ အကြောင်းတိုက်ဆိုင်လာတဲ့အခါ Nostalgia လို့ခေါ်တဲ့ အိမ်လွမ်းဝေဒနာ သို့မဟုတ် အတိတ်ကိုလွမ်းရတဲ့ဝေဒနာက သူ့ဘာသာအော်တိုမစ်တစ်ပူးကပ်လာခဲ့ပါလေရော။
မေလအကုန် ဂျွန်လဆန်း မိုးဦးကျကာလကိုရောက်လာတိုင်းကောင်းကင်တစ်ခုလုံး အုံ့မည်းတက်လာတဲ့ မိုးသားတွေကို မော့ကြည့်ရင်းနန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရည်တပြင်တည်းသီချင်းကိုဟဲလိုက်မိ‌ပေတယ်။ 

ဟေ့သူငယ်ချင်းရေ၊ တို့နယ်ပယ်တခွင်၊ မိုးသက်ကယ်ဆင်၊ ရှစ်ခွင်ကမည်း၊ မိုးရွာမလိုလိုနဲ့ပင် လို့ အဲဒီသီချင်းက‌လေးကိုဆိုရင်းနဲ့ စိတ်အာရုံက ရွာကိုအပြေးအဖျန်းရောက်သွားခဲ့ပါတယ်။ မျက်စိထဲမှာ ထန်းပင်ထန်း လက်တွေကြားက ထန်းလက်တဲကလေးတွေနဲ့ ရွာကလေးပီစိကွေးကို မြင်ယောင်သွားခဲ့ပါတယ်။ 
ရွာကိုစိတ်နဲ့သွားရခြင်းဖြစ်လို့ အင်မတန်မှ ပျော်စရာကောင်းပေရဲ့။
ဒါပေတဲ့ လက်တွေ့မှာတော့ ဘယ်ဟုတ်ပါ့မလဲဗျာ၊ ကိုယ့်အညာကိုယ့်ရွာကို မပြန်နိုင်တော့သလို ကံကောင်းထောက်မစွာနဲ့ရွာကိုရောက်ခဲ့ရင် တောင်မှ အကိုရဲ့ညိုနွဲ့ကြိုလှည့်ပါ့ဆံကေသွယ်လို့လည်း မလုပ်နိုင်တော့ပါ။ အခြေအနေက သိကြတဲ့အတိုင်းမို့ အဝေးကိုလွင့်နေတဲ့ ရွာအလွမ်းစိတ်တွေဟာ ကျွန်တော့်ဆီကို ကပျာကယာနဲ့ပြန်ပြေးလာခဲ့ရတယ်ခင်ဗျ။
ကျွန်တော်က နန်းတော်ရှေ့ဆရာတင် ခရေဇီဖြစ်တော့ သူ့သီချင်းတွေကို စိတ်ကူးရတိုင်း သီဆိုနေမိပြန်တယ်။ ဒီတော့တမြန်မနေ့တုန်းက ဟိုး-အ‌ရှေ့ဖက် မြူခိုးတွေဝေနေတဲ့ ရှမ်းရိုးမကြီးကိုငေးမောရင်း ဟိုတောင်ပေါ်
ရိုးဆီက မြူခိုးတွေလွင်၊ မိုးရွာမယ်မထင်မိပါလို့၊ ပါလာတဲ့ရှန်တဘက်ကလေးကို ခေါင်းပေါ်တင်မိပြန်ရင် သည်းသည်းမည်းမည်းရွာပြန်တော့- -လို့ မင်းဂံဘုတ်သီချင်းကိုဆိုမိလိုက်ပြန်ပါလေရော။
                            - - - -
မန္တလေးဟာ လွမ်းမယ်ဆိုရင်လည်း လွမ်းစရာတွေချည်းရှိနေတယ်။ မန္တလေးကိုလည်း သဘာဝအလှတွေနဲ့ ဝန်းရံထားတယ်။ မန္တလေးရဲ့အရှေ့ဖက် အောင်ပင်လယ်ဘက်ထွက်လိုက်ရင် စိမ်းစိုတဲ့လယ်ကွင်းတွေ
နဲ့၊ညို့မှိုင်းနေတဲ့ရှမ်းရိုးမတောင်တန်းကြီးနဲ့။ ဘယ်လောက်ကြည်နူးစရာကောင်းလဲ။
ဒါကြောင့်မို့ လွယ်လွယ်ကူကူနဲ့ တောမမြင်ရ တောင်မမြင်ရတဲ့ ရန်ကုန်သား ဘထွေးမူးနဲ့ ဖိုးနိုင်လင်းတို့ကို တော်တော်လေးသနားသွားမိတယ်။ သူတို့ခမျာများ တောင်တောရယ်သာလို့ သီချင်းဆိုမိရင် ဘာမသိညာ မသိ
နဲ့ မြောက်တောကမသာယာဘူးလို့တွေးမိကြမယ်ထင်ပေရဲ့။ အဟွန့် .... ။

အမှန်တော့ ကျွန်တော်ကလည်း ကိုယ့်အချင်းချင်းမို့ စဟယ်နောက်ဟယ်နဲ့ လုပ်နေရပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် အရွေ့မြန်တဲ့ခေတ်ရဲ့နောက်ကိုမလိုက်နိုင်တော့ဘဲ အသွင်သဏ္ဍာန်တွေလုံးဝပြောင်းလဲသွားခဲ့တဲ့ အသွင်ပြောင်းမန္တလေးထဲမှာ မအူမလည်နဲ့ယောင်တောင်ပေါင်တောင်ဖြစ်နေမိတာပါပဲ။
ဆိုတော့ ယနေ့ခေတ်ကာလမန္တလေးရဲ့မြင်ကွင်းတွေကိုကြည့်ရင်း တဪဪ တဟယ်ဟယ်နဲ့ မြည်တမ်းရုံပဲရှိပါတော့တယ်။ ငယ်ငယ်တုန်းက ကိုယ့်စိတ်ထဲမှာစွဲနေတဲ့အရာတွေက မှတ်သားဉာဏ်တွေထဲမှာ တဖြေး ဖြေး လွင့်ပျောက်ကုန်ပါပြီ။
                              - - - -
တနေ့က အောင်ပင်လယ်ဘိုးဘိုးကြီးနတ်စင်အနားကနေပြီး အောင်ပင်လယ်ကွင်းကြီးကို အသစ်ဖြတ်ဖောက်ထားတဲ့ လမ်းမကြီးဆီကိုရောက်သွားခဲ့တယ်။ 
အဲဒီလမ်းမကြီးက ထင်ရှားတဲ့သိပ္ပံလမ်းမကြီးနဲ့ အောင်ပင်လယ်အဝိုင်းပေါ်မှာဆုံကြတယ်။ ခြောက်လမ်းသွားလမ်းမကြီးဖြစ်ပြီး လမ်းအလယ်မှာ မီးတိုင်တွေစိုက်ထားတယ်။ 
လမ်းဟာ မြောက်မှတောင်သို့ စီးဆင်းနေတဲ့ မြောင်းမကြီးထိပ်မှာ ဆုံးသွားခဲ့တယ်။ အဲဒီမြောင်းမကြီးကို ကျော်ပြီး ရှေ့ဆက်သွားလိုက်ရင်ရေတံခွန်တောင်ကို ခဏလေးနဲ့ရောက်သွားခဲ့တယ်။ ဒါကြောင့်မို့ ရေ
တံခွန်တောင်ဟာ ဟိုတုန်းကလို အသွားအလာခက်ခဲပြီးမန္တလေးနဲ့အဝေးကြီးမဟုတ်တော့ပါ၊ သွားချင်ရင်အနီးကလေး‌ပေါ့။
အောင်ပင်လယ်ကို ဖြတ်ဖောက်ထားတဲ့လမ်းရဲ့ဝဲယာနဘေးက ဝင်းခတ်ထားကြတဲ့မြေကွက်ကြီးတွေကို မော်တော်ကားပေါ်ကနေပြီးငေးမောနေမိပါတယ်။ အဆိုပါ မြေကွက်ကြီးတွေဟာတစ်ကွက်ကို သိန်းပေါင်း
သုံးလေးသောင်းပေါက်ဈေးရှိဆိုလားကြားခဲ့ရရဲ့။
ကျွန်တော်က တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေကို မဝယ်နိုင်ပေမယ့် သွားငန်းကြတဲ့အမျိုးသမီးတွေလိုပဲ အထင်ကရရှိတဲ့လမ်းမကြီးတွေရဲ့နဘေးက မြေကွက်တွေနဲ့ ဆောက်လက်စအဆောက်အအုံတွေကို အလကားမတ်တင်းငေးရတာကိုလည်းအင်မတန်မှ သဘောကျမိပေတယ်။ 

နို့ပြီး ကိုယ့်ပါးစပ်နဲ့မဆန့်လောက်အောင် ဘယ်ဟာကဖြင့် သိန်းပေါင်းလေးသောင်းတန်သတဲ့လို့ ကြားရတဲ့သတင်းစကားကို  တဆင့်ပြန်လည်ဖောက်သည်ချလိုက်ရရင်လည်း သိပ်ကိုမှအရသာရှိမိပေတယ်။
အသွင်ပြောင်းမန္တလေးရဲ့မြင်ကွင်းဟာ အရှိတရားကိုလက်သင့်ခံနိုင်အောင် ကျွန်တော့်ကိုသွန်သင်ပေးနေတာကော။ မြေကွက်ကျယ်ကြီးတွေနဲ့ ကြီးမားတဲ့အဆောက်အဦးတွေပိုင်ဆိုင်ထားကြတဲ့သောက်သောက်
လဲချမ်းသာသူတွေရှိသလို မြို့ဆင်ခြေဖုံးမှာ အိုးမဲ့အိမ်မဲ့တွေလည်းဒုနဲ့ဒေးပေါ့။ 
ကုန်ဈေးနှုန်းတက်လို့ရင်မောနေကြရပေမယ့် သိန်းဂဏန်းငွေကို လေလိုသုံးနှိုင်ကြသူတွေလည်းရှိရဲ့။ ပြီးတော့မန္တလေးဟာ မြန်ဆန်လွန်းတဲ့အဖြစ်အပျက်ကို သိမြင်အောင် သင်ကြားပေးနေပြန်တယ်။ ဟိုတရက်က ကိစ္စလေးရှိလို့တမ္ပဝတီဖက်ကိုသွားတော့ လမ်းမှာ စားဆီဝယ်ဖို့တန်းစီနေကြတဲ့လူတန်းကြီးကိုတွေ့လိုက်ရတယ်။ နာရီဝက်လောက်အကြာ အဲဒီဖက်ကိုပြန်ရောက်တော့ စောစောက‌လူတန်းကြီးလည်းမရှိတော့ဘူးဗျ။ ရောင်းချပေးတဲ့စားဆီကုန်သွားလို့တဲ့။ အဖြစ်နဲ့အပျက်ကလည်း မြန်လိုက်ထှာဟာ လို့ပဲပြောနိုင်ပါတော့တယ်။
တကယ်တော့မန္တလေးမှာနေပြီး မန္တလေးကိုချစ်ခဲ့ရပေမယ့် လက်ရှိမြင်တွေ့နေရတဲ့အသွင်ပြောင်းမန္တလေးကတော့ ကျွန်တော်နဲ့သဟဇာတမဖြစ်လို့မနိပ်ပါဘူး။ 
ဒါပေတဲ့ဘယ်တတ်နိုင်မလဲ။ 
လွန်ခဲ့တဲ့နှစ်အစိတ်လောက်တုန်းက မန္တလေးကဗျာဆရာတယောက်က မန္တလေးရဲ့မိုးကောင်းကင်ကြီးကို ဘယ်သူပိုင်သလဲတဲ့။ ကျွန်တော်လည်းမသိပါ။ လောလောဆယ်ဆယ်တော့ မြူခိုးတွေပွေ့ဖက်ထားတဲ့ရှမ်းရိုးမကြီးကိုမြင်လိုက်ရတော့ အလွမ်းစိတ်တွေယိုဖိတ်ကုန်ပြီး မင်းဂံဘုတ်သီချင်းကလေးကိုပဲ ဖီးလ်အပြည့်နဲ့ဆိုနေမိပေတယ်။ ဟိုတောင်ပေါ်ရိုးဆီက မြူ
ခိုးတွေလွင်။ မိုးရွာမယ် မထင်မိပါလို့ ... ။
ဪ ကျွန်တော့်မှာဖြင့် အရိပ်သုံးပါးနားမလည်၊ သေနတ်ပစ်သံတဖုန်းဖုန်းဖောင်းဖောင်းနဲ့ ပြဇာတ်ခန်းကမပြီးသေးပေမယ့် တေးသံသာများနဲ့သီဆိုဟစ်ကြွေးမယ့်ကိုယ့်အလှည့်ကို ရောက်ချင်ဇောအားကြီးနေမိတယ်။ တယ်လည်းခက်လိုက်ပါဘိ။ 
(ဓာတ်ပုံ- ဆရာစိုးဘားဒိုင်)

ဤတွင်ကားလိပ်ချ
ညိုထွန်းလူ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar