ကိုသန်းလွင် - အီလွန်မတ်၏ ဂြိုဟ်တုအင်တာနက်
ကိုသန်းလွင် - အီလွန်မတ် ၏ ဂြိုဟ်တုအင်တာနက်
(မိုးမခ) စက်တင်ဘာ ၃ ၊ ၂၀၂၃
( ၁ )
မတ်လ ၁၇ ရက်နေ့က အမေရိကန်ဗိုလ်ချုပ်ကြီးမီလီ (Mark A Miley) နှင့် ယူကရိန်းမှ ဗိုလ်ချုပ်ကြီး ဇူလူညီ (Valary Zuluzhnyi) တို့ တယ်လီဖုန်း ဆက်သွယ်၍ စကားပြောကြရာတွင် ယူကရိန်း ဗိုလ်ချုပ်က မစ္စတာ အီလွန်မတ်၏ စတားလင့်အင်တာနက်ကို စဉ်ဆက်မပြတ် ဆက်လက်အသုံးပြုနိုင်ရေးကို အလေးပေး ပြောကြားခဲ့ပါသည်။
မစ္စတာမတ် (Elon Musk) သည် တက်စလာကုမ္ပဏီ၊ Space X ကုမ္ပဏီတို့ကို ပိုင်ဆိုင်ပြီး မကြာမီကမှ တွစ်တာ ကုမ္ပဏီကို ဝယ်ယူခဲ့ကာ X ဟု အမည်ပြောင်းခဲ့သူ ဖြစ်သည်။ သူသည် စတားလင့်ခေါ် ဂြိုဟ်တုအင်တာနက် ဆက်သွယ်ရေးကုမ္ပဏီနှင့် အခြား အေ၊အိုင် ကုမ္ပဏီတို့ကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ သူသည် သြဇာအာဏာကို သုံးစွဲပြီး မထင်မှတ်သော စကားများကို အပြောများလာသဖြင့် စစ်တပ်နှင့် နိုင်ငံရေးခေါင်းဆောင်များအကြား စိုးရိမ်မကင်း ဖြစ်လာကြသည်။
( ၂ )
၂၀၁၉ ခုနှစ်မှ စတင်၍ Space x ရော့ကက်ဖြင့် ဂြိုဟ်တုများကို အပတ်စဉ် လွှတ်တင်ခဲ့ပြီး အင်တာ နက် နက်ဝပ် (Network) ကို ဖန်တီးခဲ့သည်။ အဆိုပါ ဂြိုဟ်တုများမှာ ဆိုဖာအရွယ် ဂြိုဟ်တုများဖြစ်ပြီး ကမ္ဘာနှင့်အနီးဆုံး ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အနည်းဆုံး တပတ်လျှင် တကြိမ်လွှတ်တင်ခဲ့သည်။ အဆိုပါဂြိုဟ်တုများသည် မြေပြင်မှ စတေရှင်များနှင့် ချိတ်ဆက်ကာ မြန်နှုန်းမြှင့်အင်တာနက်ကို ထုတ်လွှင့်ပေးသည်။ သူတို့သည် ညဘက် ကောင်းကင်ပြင်ကို အသွင်ပြောင်းလဲ စေခဲ့သည်။ လောလောဆယ်တွင် ဂြိုဟ်တုပေါင်း ၄၅၀ဝ ခန့် လွှတ်တင်ထားပြီး လာမည့်နှစ်တွင် စုစုပေါင်း ၄၂၀ဝ၀ ကျော်ကို လွှတ်တင်ရန် အစီအစဉ်ရှိသည်။ ဤနည်းဖြင့် ဒေါ်လာ ၁၄၀ ဘီလီယံတန်ဖိုးရှိသည့် နက်ဝပ်ကြီး ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်ရှိနေရာမှန်သမျှ၊ သဘာဝဘေးအန္တရာယ်ကြုံရသည့် နေရာများ အပါအဝင်တွင် အင်တာနက်ကို ရစေပါသည်။
လောလောဆယ်တွင် ရုရှားနှင့် ယူကရိန်းစစ်ပွဲအတွင်း ဒရုန်းနှင့် တိုက်ခိုက်ရန်၊ သတင်းအချက် အလက်များ စုဆောင်းရန်နှင့် စစ်တပ် အချင်းချင်း ချိတ်ဆက်ပေးနိုင်သည့် ဆက်သွယ်ရေး ကိရိယာအဖြစ် အသုံးပြုလျက်ရှိပါသည်။ အီရန်နှင့် တူရကီနိုင်ငံတို့တွင် အစိုးရကို ဆန့်ကျင်သူများက စတားလင့်ကို အသုံးပြု၍ အစိုးရ၏ ထိန်းချုပ်မှုများမှ ထွင်းဖောက်ရန် ကြိုးစားနေကြပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အီလွန်မတ်၏ ပစ္စည်းကိရိယာများကို သုံးစွဲနေကာ ဂျပန်အစိုးရကလည်း သုံးစွဲရန် လေ့လာလျက် ရှိနေပါသည်။
အီလွန်မတ်၏ နက်ဝပ်အပေါ်စိုးမိုးမှုများက အစိုးရကို စိုးရိမ်စိတ်များ ဖြစ်ပေါ်စေပါသည်။ ၁၉၇၀ ပြည့်နှစ်က တောင်အာဖရိကပြည် ပရီတိုးရီးယားတွင် မွေးဖွားခဲ့ပြီး အသက် ၅၂ နှစ် အရွယ်ရှိပြီဖြစ်သော အီလွန်မတ်၏ မျိုးချစ်စိတ်နှင့် သစ္စာရှိမှုမှာ စိုးရိမ်စရာများရှိနေပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အင်တာနက်သုံးစွဲမှုကို လိုသလို ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိသူအဖြစ် သူ့စွမ်းရည်မှာ အံ့အားသင့်စရာများ ရှိသည်။ မည်သည့်ကုမ္ပဏီမှလည်း သူ့စွမ်းရည်ကို ီအောင် လုပ်ဆောင်နိုင်သည် မဟုတ်ပါ။
ယူကရိန်းစစ်ပွဲအတွင်း မတ်၏ နက်ဝပ်မှာ အသုံးဝင်သည် မှန်စေ၊ တခါက ခရိုင်မီးယား ဒေသတွင် ဆက်သွယ်ရေးကို ဖွင့်ပေးပါရန် ပြောသည်ကို ငြင်းဆန်ခဲ့ဖူးသည်။ ယမန်နှစ်ကလည်း ရုရှားဘက်ကို နွှယ်သည့် ငြိမ်းချမ်းရေး အစီးအစဉ်တခုကို အီလွန်မတ်က ချပြခဲ့ဖူးသည်။ အောက်လွှတ်တော်မှ ပြောရေးဆိုခွင့် ရှိသူ နန်စီပလိုစီ တက်ရောက်သည့် ပွဲတခုတွင် ရုရှားတို့ သိမ်းပိုက်ထားသည့်နယ်များကို ပြန်မတောင်းတော့ဘဲ ငြိမ်းချမ်းရေးလုပ်ရန် အဆိုတစ်ခု တင်လာခဲ့ဖူးသည်။ ယူကရိန်းတို့ခံစစ်အတွက် တိုက်ပွဲဝင်နေခြင်းကိုသာ အားပေးပြီး ပြန်လည် ထိုးစစ်နှင့်တိုက်ခိုက်သည့် စစ်ပွဲများကို အားပေးခြင်းမရှိပေ။
ဧပြီလက တွစ်တာရေးသားချက်တခုတွင် စတားလင့်နှင့် တွစ်တာ စုပေါင်းပြီး တဦး တယောက် ၏ခေါင်းထဲတွင် စီးပွားရေးဒေတာများ ပြည့်နှက်နေသည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် အီလွန်မတ်နှင့် ပဋိပက္ခ မဖြစ်ရန်နှင့် သူနှင့် မပြေမလည်ဖြစ်မည်ကို နိုင်ငံတော်တော်များများက စိုးရိမ်လာမိကြသည်။ အမေရိကန် အစိုးရသည်လည်း အီလွန်မတ်၏ ဖောက်သည်တစ်ဦး ဖြစ်နေပေပြီ။ နာဆာမှ များစွာသော ဂြိုဟ်တုများကို လွှတ်တင်ရာတွင် အီလွန်မတ်၏ Space X ရော့ကက်ကို အသုံးပြုနေကြရသည်။
တရုတ်အစိုးရကလည်း သူ၏နိုင်ငံအတွင်းတွင် အင်တာနက်ကို ထိန်းချုပ်ထားရာ သူ ချမှတ်ထားသည့် စည်းကမ်းနည်းလမ်းများကို မဖောက်ဖျက်စေရန် ဆန္ဒရှိကြပါသည်။ နိုင်ငံတွင်းမှ ဝေးလံခေါင်းပါးသည့် အရပ်များ၌ အင်တာနက် အသုံးပြုရေး ကို ထိန်းချုပ်ရန်အတွက် သူ့ကို အကြောင်းကြားသည်ဟု ဆိုသည်။ သက္ကရာဇ် ၂၀၂၀ တွင် တရုတ် အစိုးရက အင်တာနက်ဆက်သွယ်ရေးအတွက် ဂြိုဟ်တုပေါင်း ၁၃၀ဝ၀ ကို လွှတ်တင်မည်ဟု ကြေညာထားသည်။ ဥရောပကောင်စီကလည်း သူပိုင် အင်တာနက် နက်ဝပ်အတွက် ယူရိုငွေ ၂ ဒသမ ၄ ဘီလီယံ သုံးစွဲမည်ဟု ဖော်ပြခဲ့သည်။
ဂြိုဟ်တုအရွယ်အစားမှာ ၁၉၆၀ ပြည့်နှစ်များက ဘတ်စ်ကားတစီး အရွယ်မျှရှိပြီး ကမ္ဘာမှကြည့်လျှင် တနေရာတည်း၌ (Geostationary) သာ မြင်နေရသည့် နေရာ၌ ရှိနေကြကာ ကမ္ဘာမှ ဝေးကွာပါသည်။ စက်မှုပညာ တိုးတက်လာသည့်ခေတ်တွင် ဂြိုဟ်တုအရွယ်အစားမှာ သေးငယ်သွားပြီး ကမ္ဘာပတ်လမ်းကြောင်းမှာလည်း ပိုမို၍ နိမ့်သောအရပ်များတွင် (ကမ္ဘာမှ ၃၅၀ မိုင်အကွာ) ရောက်ရှိလာကြသည်။
မစ္စတာမတ် သည် သူ၏ဂြိုဟ်တုများကို ၂၀၁၉ ခုနှစ်တွင် စတင်ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က အင်တာနက်အတွက် ဂြိုဟ်တုလွှတ်တင်ခြင်းမှာ အရူးတစ်ယောက်၏ အလုပ်မျိုးသာဖြစ်ပါသည်။ ၁၉၉၀ နှင့် ၂၀ဝ၀ ပတ်ဝန်းကျင်တုန်းက ဂြိုဟ်တုတလုံး လွှတ်တင်ခြင်းသည် အလွန်ဈေးကြီးခဲ့ပါသည်။
ထိုအခါတွင် မစ္စတာမတ်၏ Space X ရော့ကက်များမှာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်ပြီး စရိတ်စကမှာ အလွန်လျော့ကျသွားခဲ့ပါသည်။ တစ်ခါ လွှတ်တင်လျှင် ဂြိုဟ်တုပေါင်း ၁ ဒါဇင်ခန့် လွှတ်တင်နိုင်သဖြင့် တွက်ခြေကိုက်ခဲ့ပါသည်။ ယခုအခါ အပတ်စဉ်လိုလို ကာလီဖိုးနီးယား၊ ဖလော်ရီဒါအရပ်မှ လွှတ်တင်နေပါသည်။ ဂြိုဟ်တုတစ်လုံးသည် သုံးနှစ်ခွဲကြာအောင် အလုပ်လုပ်ပါသည်။ ယခုအခါ ကောင်းကင်ပြင်တခုလုံး ဂြိုဟ်တုများနှင့် ပြည့် နေသည်ဟု ထင်ရပါသည်။
စတားလင့် အင်တာနက်မြန်နှုန်းမှာ မြေပြင်မှ အင်တာနက် နက်ဝပ်များနည်းတူ တစက္ကန့်လျှျှ ၁၀ဝ မီဂါဗိုက် ဖြစ်ပါသည်။ စတားလင့်က ဖောက်သည်တစ်ဦးကို ဆက်သွယ်ရေးစက် တလုံးလျှင် ဒေါ်လာ ၆၀ဝ မျှ ကောက်ခံပါသည်။ လစဉ်ကြေးပေးရငွေမှာ တလလျှင် ၇၅ ဒေါ်လာဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် စတားလင့် ဂြိုဟ်တုအားလုံး၏ နေရာအတိအကျကို အချိန်တိုင်း သိရှိနေကြပါသည်။
၂၀၂၁ ခုနှစ်၌ စတားလင့်အင်တာနက်ကို အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံအနည်းငယ်၌သာ ရနိုင် ကြသော်လည်း ယခုအခါ နိုင်ငံ ၅၀ ကျော်တွင် ရနိုင်နေပါပြီ။ အာဖရိကတွင် နိုက်ဂျီရီးယား၊ မိုဇမ်ဘစ်နိုင်ငံ နှင့် ရဝမ်ဒါနိုင်ငံ အပါအဝင် နိုင်ငံများ၌ ရနိုင်ပြီး ကျန်နိုင်ငံ တဒါဇင်ခန့်အတွက်မှု ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ရနိုင်မည်ဟု စတားလင့်ဝက်ဆိုက်က ဆိုသည်။
နိုင်ငံများ၌ စစ်တပ်များ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ သင်္ဘေားလိုင်းများမှာ စတားလင့်ကို သုံးကြသည်။ စတားလင့်ကမူ ယနေ့တွင် သုံးစွဲသူ ၁ ဒသမ ၅ သန်းကျော်ရှိသည်ဟုဆိုပါသည်။ စတားလင့်၏ ပြိုင်ဘက်များကိုကြည့်လျှင် အမေဇုန်ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဘီးဆော့ (Jeff Bezos) ၏ Blue Origin အမည်ဖြင့် ရော့ကက်များလွှတ်သော ကုမ္ပဏီရှိပြီး ကွီးပါး (Kuiper) နက်ဝပ် ကိုတည်ဆောက်နေသည်။
ယူကရိန်းတွင် ယခုအချိန်၌ စတားလင့်ဆက်သွယ်ရေးစက်ပေါင်း ၄၂၀ဝ၀ ခန့်ရှိရာ စစ်တပ်သုံးဆေးရုံများနှင့် လူမှုအဖွဲ့အစည်းများ၌ အသုံးပြုနေကြသည်။ စတားလင့်ကို နေရာတကာမှာ သုံးနေကြရာ စတားလင့် မရှိတော့လျှင် လေယာဉ်ပျံပင် မပျံနိုင်တော့ပါဟု ဆိုသည်။ တယောက်နှင့် တယောက် ဆက်သွယ်ရန်မှာလည်း စတားလင့်ကိုပင် အသုံးပြုနေရသည်။
၄င်းကို ရုရှားက စစ်ပွဲစတင်တိုက်ခိုက်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ သုံးစွဲခဲ့ခြင်းဖြစ်သည်။ သူတို့ သုံးနေသည့် Viasat ဆက်သွယ်ရေး ဂြိုဟ်တုမှာ ရုရှားတို့၏ နှောင့်ယှက်မှုဖြင့် ဆက်လက်အသုံးပြုရန် မဖြစ်နိုင်တော့ပေ။ ထိုဂြိုဟ်တုမရှိတော့ခြင်းကို အကြောင်းပြု၍ မစ္စတာမတ် ကို အကူအညီတောင်းခဲ့ရခြင်း ဖြစ်သည်။ ချက်ချင်းဆိုသလို မစ္စတာမတ်က ကူညီရန် ဆုံးဖြတ်ခဲ့ပြီးနောက် များမကြာမီ ဂြိုဟ်တု ဆက်သွယ်ရေးစက်များ ယူကရိန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယူကရိန်းက အသုံးပြုနေသော စက်များ၏ ကုန်ကျစရိတ်မှာ ၁၂ လ အတွင်း ဒေါ်လာ သန်း ၄၀ဝ မျှရှိရာ ၄င်းကို ပေးချေရန် ယူကရိန်းက နည်းလမ်း ရှာဖွေနေသည်။
( ၃ )
ဖေဖော်ဝါရီလက တိုင်ဝမ်ကို ဆက်သွယ်သော အင်တာနက် ကေဘဲယ် နှစ်ချောင်းမှာ တရုတ်ငါးဖမ်း သင်္ဘောက တိုက်ဖြတ်သဖြင့် အလုပ်ရှုပ်ကုန်ကြသည်။ မစ္စတာမတ်ကို အကူအညီတောင်းခံရန်မှာ သူ့တွင် တရုတ် အစိုးရနှင့် ရှန်ဟိုင်းတွင် တက်စလာ လျှပ်စစ်ကားစက်ရုံ ရှိနေသဖြင့် တိုင်ဝမ်အစိုးရတွင် အခက်အခဲများ ရှိခဲ့သည်။ မစ္စတာမတ်က တိုင်ဝမ်ရှေ့ရေးနှင့်ပတ်သက်၍ နှစ်ဦးသဘောတူ အုပ်ချုပ်သောအစိုးရ ဖြစ်ပေါ် ရေးကို အဆိုပြုထားရာ တိုင်ဝမ်အစိုးရက သူ့လွတ်လပ်ရေးကို ထိခိုက်နေသဖြင့် လက်မခံနိုင်။ ထို့ကြောင့် သူ့အကူအညီကို ယူရန် မဖြစ်နိုင်ပေ။
Ref: One billionaire with unmatched power in space: By Adam Satariano N.Y. Times August 15, 2023
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar