စစ်ကောင်စီ ခံစစ်အနေအထား ရောက်နေပြီလား
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၃
စစ်ကောင်စီ ခံစစ်အနေအထား ရောက်နေပြီလား
လတ်တလော လက်နက်ကိုင်တိုက်ပွဲ သတင်းတွေကို ဖတ်ရှုနားထောင်ကြည့်ရင် စစ်ကောင်စီ အနေနဲ့ ထိုးစစ်ဆင်တယ်ဆိုတဲ့ ဒေသအချို့ သာတွေ့ရမှာ ဖြစ်ပြီး နေရာဒေသအများအပြားမှာတော့ ရှိရင်းစွဲ စခန်းတွေ မြို့တွေ၊ တပ်ရင်းတွေကို ထိန်းသိမ်းထားတဲ့ အနေအထားနဲ့ အချို့သော ဒေသတွေမှာတော့ ရဲစခန်း၊ စစ်ကင်းစခန်းလိုမျိုး လက်လွှတ်ဆုတ်ခွာပေးလိုက်ရတဲ့ သတင်းတွေတွေ့ရမှာ ဖြစ်ပါတယ်။
ထိုးစစ်အနေနဲ့ ဘယ်ဒေသတွေ လုပ်နေလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ စစ်ကိုင်းတိုင်းက ဒေသတွေဖြစ်တဲ့ အရာတော်၊ ဝက်လက်နဲ့ ကန့်ဘလူ၊ စတဲ့ဒေသတွေ၊ မကွေးတိုင်း မြောက်ပိုင်း ဒေသအချို့၊ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်း တလျှောက် စတဲ့ ဒေသတွေမှာတော့ ထိုးစစ်ဆင်ဖို့ အင်အားစုပြီး တိုက်ပွဲတွေ ဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ခံစစ်အနေနဲ့ ဆိုရရင်တော့ မူဆယ်ဒေသမှာ TNLA နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ တနင်္သာရီတိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ ချင်းပြည်နယ် ထန်တလန်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တဝိုက်က တိုက်ပွဲတွေ၊ ကရင်ပြည်နယ် မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်တို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေ၊ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်ထဲက တိုက်ပွဲတွေ၊ ကရင်နီဒေသက တိုက်ပွဲအချို့က ခံစစ်အနေနဲ့ ခုခံတိုက်ခိုက်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဲဒီလို ခံစစ်ဆင်နေတဲ့ နေရာဒေသအချို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေက ပိုပြီးစိုးမိုးလာနိုင်တာ၊ စစ်ရေးအရ နေရာယူထားတဲ့ စခန်းတွေ၊ အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေးအတွက် လို့ဆိုပေမယ့် စစ်ရေးအရပါ စစ်ကောင်စီတပ်ကို ထောက်ပံ့နေရတဲ့ ရဲစခန်းတွေကို သိမ်းယူတာတွေ လုပ်လာနေတာ ဖြစ်ပါတယ်။
ဒီလို ရဲစခန်းတွေ၊ ကင်းစခန်းတွေ၊ စစ်ရေးအရ ဗျူဟာကုန်းလို့ ခေါ်တဲ့ တောင်ကုန်းတွေကို တော်လှန်ရေး အင်အားစုတွေဘက်က သိမ်းယူလာနိုင်တာတွေက ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုနိုင်မလဲ ဆိုတာတော့ မေးခွန်းတရပ် ဖြစ်နေဆဲပဲ ရှိနေသေးပြီး ယတိပြတ်ကောက်ချက်ချနိုင်တဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဆိုရမှာပါ။
ကျေးရွာတွေက အုပ်ချုပ်ရေးတွေကို အလုပ်မလုပ်နိုင်အောင် တော်လှန်ရေး အင်အားစုတွေက အမိန့်ထုတ်ပြန်ခြင်း၊ ပြင်းထန်တဲ့ သတိပေးခြင်း ဖြင့်သော်လည်းကောင်း တချို့နေရာဒေသတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး သတ်ဖြတ်ခြင်းဖြင့်သော်လည်းကောင်း စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖျက်ဆီး ရပ်ဆိုင်းထားနိုင်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ တဖက်မှာလည်း အဲဒီအုပ်ချုပ်ရေး နေရာတွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့အောက်က အုပ်ချုပ်ရေး စနစ်နဲ့ သော်လည်းကောင်း၊ သို့မဟုတ် ပကဖ လို့ခေါ်တဲ့ NUG အောက်က အုပ်ချုပ်ရေး စနစ်နဲ့ သော်လည်းကောင်း အစားထိုးထားကြ တာလည်း သတင်းတွေထဲ ကြားသိရပြီး လက်တွေ့မှာ ဘယ်လောက်ထိ အခြေကျနေသလဲ၊ ဘာအခက်အခဲတွေ ရှိနေသလဲ ဆိုတာတော့ သတင်းတွေမှာ ဖော်ပြကြတာ မတွေ့ရပါဘူး။
ဒါကတော့ လစ်ဟာသွားတဲ့ အုပ်ချုပ်ရေးကို ဘယ်လို အစားထိုးနေကြသလဲ ဆိုတဲ့ အပိုင်းဖြစ်ပြီး စစ်ရေးဘက်ပြန်ကြည့်ကြရင် စစ်ကောင်စီ အနေနဲ့ ခံစစ်၊ အချို့နေရာ ဆုတ်ပေးရတဲ့ အနေအထားနဲ့ အချို့နေရာမှာ ထိုးစစ်ဆင်တာတွေ လုပ်နေတယ်လို့ ယေဘုယျ အားဖြင့်ဆိုရမှာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲလို့ဆိုရလောက်တဲ့ အနေအထားဆိုရင် ကရင်နီဒေသက မဲ့စဲ မြို့တမြို့သာ ရှင်းရှင်းလင်းလင်း မြို့သိမ်းတိုက်ပွဲ တိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ထိန်းချုပ်ထားလိုက်နိုင်တဲ့ မြို့အဖြစ်နဲ့ ဆိုနိုင်မှာဖြစ်ပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့က နှစ်ဘက် ဘယ်သူမှ ပြတ်ပြတ်သားသား ထိန်းချုပ်မထားနိုင်တဲ့ မြို့ဖြစ်ပါတယ်။
စစ်ကောင်စီဘက်မှာ လေကြောင်းပစ်ကူနဲ့ ယန္တရားတပ်တွေ၊ တိုက်ပွဲ အဆင့်နဲ့ အညီလိုအပ်တဲ့ လက်နက်အင်အား ယန္တရားအင်အား ရှိနေဆဲပဲဖြစ်ပြီး ငွေကြေးအနေနဲ့လည်း နိုင်ငံရဲ့ အခွန်ငွေ၊ သယံဇာတက ရတဲ့ငွေကို သုံးစွဲနိုင်သေးတဲ့ အနေအထားရှိလို့ နေ့ချင်းညချင်း အင်အား အာဏာ ပြောင်းပြန်ပြောင်းလဲသွားဖို့တော့ မလွယ်ကူသေးဘူးလို့ အကဲဖြတ်ရမယ့် အနေအထားဖြစ်ပါတယ်။ ပြည်တွင်းစစ်ရဲ့ အရှုံးအနိုင် ချိန်ခွင်လျှာက တော်လှန်ရေး အင်အားစုတွေဘက်ကို အလေးသာလာတာ မှန်ပေမယ့်လည်း အဆုံးအဖြတ်အောင်ပွဲ တနည်း အပြတ်အသတ်နိုင်ဖို့အတွက်မှာတော့ ကြားမှာ ဖြတ်သန်းရမယ့် အဆင့်တွေ၊ လက်နက်တွေ၊ ကျည်တွေ၊ ယန္တရားတွေ အတွက် သုံးစွဲရမယ့် ငွေကြေးလိုအပ်ချက်တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေအတွက် မြန်မာလူထု၊ ပြည်ပရောက် မြန်မာနိုင်ငံက အလုပ်သမားတွေ၊ အပြီးအပိုင် အခြေချရွှေ့ပြောင်းနေထိုင်သူတွေ ရဲ့ ကူညီမှုနဲ့ လုံလောက်မလား ဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ထောက်ခံသူ၊ သို့မဟုတ် အကျိုးစီးပွား အသက်မွေးဝမ်းကျောင်းအရ ဆက်နွယ်နေသူတွေ အဖို့ လတ်တလော ပြောင်းလဲလာတဲ့ စစ်ရေး အခြေအနေ၊ အနေအထားတွေကို အကဲခတ်မိကြတဲ့ အရိပ်လက္ခဏာလည်း တွေ့နေရပါတယ်။ တပ်က အငြိမ်းစားအရာရှိကြီးတွေ၊ လက်ရှိတပ်က အရာရှိ တွေနဲ့ မိသားစုဝင်တွေ ကိုယ်၌က ယခင်က လုံခြုံတယ်လို့ ၄င်းတို့ ယူဆထားခဲ့ကြတဲ့ နေပြည်တော် ဧရိယာကို အခုအခါမှာ မလုံခြုံတော့ဘူးလို့ ခံစားနေကြရတယ်လို့ နေပြည်တော်မှာ ဆွေမျိုးသားချင်းရှိသူ တဦးက ဆိုပါတယ်။ နေပြည်တော်နဲ့ ဆက်စပ်နေတဲ့ ပြည်နယ်၊ တိုင်းဒေသတွေရဲ့ ဧရိယာ အစပ်တွေမှာ အချို့က နေပြည်တော် ကောင်စီဧရိယာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မလုံခြုံဘူးလို့ ခံစားလာကြရတာ ဖြစ်ပါတယ်။
ဒီလို စစ်ရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် နေ့ချင်း ညချင်း အနိုင်အရှုံးအဆုံးအဖြတ်ပေးတိုက်ပွဲတွေ ပေါ်လာတော့မယ်လို့ မျှော်လင့်ရင်တော့ စိတ်ကူးယဥ်ရာ ကျပါလိမ့်မယ်။ ခံစစ်ဖြစ်လာတဲ့ စစ်ကောင်စီရဲ့ စခန်းတွေ၊ ဧရိယာတွေကို နေရာဝင်ယူကာ ထိန်းချုပ်ကြမယ့် လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး အရည်အချင်း၊ အဖွဲ့အချင်းချင်း အကြားက ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကလည်း အရေးကြီးတဲ့ အချက်တွေဖြစ်ပြီး အဲဒီအချက်တွေ အားနည်းခဲ့ရင် သို့မဟုတ် မရှိခဲ့ရင် ဖြစ်လာနိုင်မယ့် ဖြစ်နိုင်ခြေတွေ အတွက်လည်း ထည့်သွင်းစဥ်းစား ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar