Breaking News

ခန္တီးကနေ မုံရွာသွားတဲ့ အမြန်ရေယာဥ် နစ်မြုပ်ခြင်းနဲ့ ဆက်နွှယ်တဲ့ မျိုးနွယ်စုဝါဒ အန္တရာယ်


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၃ 


ခန္တီးကနေ မုံရွာသွားတဲ့ အမြန်ရေယာဥ် နစ်မြုပ်ခြင်းနဲ့ ဆက်နွှယ်တဲ့ မျိုးနွယ်စုဝါဒ အန္တရာယ် 

စက်တင်ဘာ ၁၉ရက်နေ့ နေ့ခင်းက ချင်းတွင်းမြစ်အတိုင်း ခန္တီးကနေ မုံရွာကို စုန်ဆင်းလာတဲ့ စစ်ရေယာဥ် အစောင့်အရှောက်ပါတဲ့ ရေယာဥ်တန်းထဲက အရပ်သား ၁၀၀ ဝန်းကျင် နဲ့ ကုန်စည်တွေတင်ဆောင်ထားတဲ့ ဝမ်းပြားရေယာဥ် (ဒေသအခေါ် ဖလက်ကြီး) နစ်မြုပ်မှုမှာ လူ ၉၀ ကျော်ပျောက်ဆုံးနေတယ်လို့ သတင်းတွေထဲ ဖေပြထားကြပါတယ်။  

စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေများတဲ့ ကျေးရွာတွေ ဖြစ်တဲ့ နယ်တဝိုက်မှာ နစ်မြုပ်တာဖြစ်ပြီး ဒီသင်္ဘောပေါ် မှာ စီးနင်းလာသူတွေထဲမှာလည်း ဒီနယ်ပယ်က စစ်ကောင်စီ ဌာနဆိုင်ရာက ဝန်ထမ်းတွေ၊ မုံရွာမှာ တက္ကသိုလ် ကျောင်းတက်မယ့် ကျောင်းသားတွေနဲ့ ကျန်းမာရေး ဆေးကုသဖို့ မြို့ကိုသွားကြမယ့်သူတွေ ပါရှိတယ်လို့ ဆိုပါတယ်။ ခန္တီးမြို့ကနေ ထွက်ခွာလာတဲ ရေယာဥ်တန်းမှာ စစ်ကောင်စီတပ်တွေရဲ့ ထောက်ပံ့ပို့ဆောင်ရေး ရေယာဥ်တွေ ပါသလို၊ အရပ်သားတွေနဲ့ ကုန်စည်တင်ဆောင်လာတဲ့ ရေယာဥ်တွေလည်း ပါရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်နယ်က ထွက်ရှိတဲ့ ကျောက်စိမ်းတွေကို ရန်ကုန်အထိ သယ်ဆောင်ဖို့အတွက် တင်ဆောင်လာတာလည်း ရှိတယ်လို့ အချို့သော သတင်းတွေမှာ ဖေါ်ပြထားကြတာလည်းတွေ့ရပါတယ်။ 

ရေယာဥ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကတော့ ရေအောက်မှာ ရှိနေတဲ့ ကျောက်ဆောင်ကို တိုက်မိပြီး ဝန်အလေးချိန်လည်း များတာကြောင့် တိုက်မိပြီးတခါထည်းနစ်မြုပ်သွားတယ်လို့ သတင်းတွေထဲ ပါရှိတာတွေ့ရပါတယ်။ ပျောက်ဆုံးနေသူတွေက အရပ်သားတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပြီး အချို့သော သတင်းကိုးကားချက်တွေမှာတော့ သတင်းရင်းမြစ်တွေက ပျူစောထီးတွေလို့ ရည်ညွှန်းဖေါ်ပြထားတာ တွေ့ရပါတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေးကို ထောက်ခံတဲ့ ကျေးရွာတွေကို ယေဘုယျအားဖြင့် ပျူစောထီးကျေးရွာလို့ ဆိုကြတာဖြစ်ပြီး ပျူစောထီးဆိုတဲ့ အသုံးအနှုန်းက လက်နက်ကိုင် အဖွဲ့ဝင် ဆိုတဲ့အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။ သို့ပေမယ့် အထက်အညာဒေသမှာ ကျေးရွာအလိုက် ပျူစောထီး ဖွဲ့စည်းထားရှိတဲ့ ကျေးရွာကို ပျူစောထီးကျေးရွာ လို့သတ်မှတ်မှုတွေ ရှိကြပြီး PDF တွေဖွဲ့စည်းထားတဲ့ ကျေးရွာကိုလည်း တဖက်က အန်အယ်လ်ဒီထောက်ခံတဲ့ ကျေးရွာ၊ PDF ကျေးရွာအဖြစ် သတ်မှတ်ကာ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ရှိနေတဲ့ သဘောဖြစ်ပါတယ်။ 

အခု အဖြစ်အပျက်မှာ နစ်မြုပ်တဲ့ ရေယာဥ်က အရပ်ဖက်ရေယာဥ် ဖြစ်ပြီး လုံလောက်တဲ့ ကယ်ဆယ်ရေးတွေ မလုပ်ကြဘူး လို့ အဆိုပါ ဒေသက ဒေသခံတချို့က သတင်းမီဒီယာကို ပြောဆိုထားတာတွေလည်း တွေ့ရပါတယ်။ လူ ၁၀၀ နီးပါး စီးနင်းလာတဲ့ ရေယာဥ်နစ်မြုပ်မှုဟာ ကြီးမားတဲ့ ရေလမ်းခရီး မတော်တဆမှုဖြစ်ပေမယ့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အနေအထားမှာ အရပ်သား၊ ခရီးသည် ဆိုတဲ့အမြင်ထက် စစ်ကောင်စီနဲ့ ကြံ့ခိုင်ရေး ထောက်ခံသူ၊ ပျူစောထီး ဖွဲ့စည်းလှုပ်ရှားတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေဆိုတဲ့ ရှုမြင်ချက်ကနေ ရှုမြင်ကြတာမျိုးလည်း ဖြစ်လာပါတယ်။ စစ်ကောင်စီဘက်ကလည်း PDF ထောက်ခံတဲ့ ကျေးရွာတွေကို ဝင်ရောက် ရှင်းလင်းတဲ့အခါ မထင်ရင် မထင်သလို သံသယနဲ့ စွပ်စွဲ ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးမှု၊ ပိုင်ဆိုင်မှုတွေကို ယူဆောင်သွားတာတွေ ကို ရန်သူနယ်မြေ၊ ရန်သူ့ပစ္စည်းသဖွယ် သဘောထား လုပ်ဆောင်ကြတာတွေ ရှိနေတာဖြစ်ပြီး အခုလို အဖြစ်အပျက်မှာလည်း အရပ်သားတွေ ရေယာဥ် မတော်တဆဖြစ်မှုမှာ သေဆုံးကြရတယ် ဆိုတဲ့ အမြင်မျိုးထက် စစ်တပ်ထောက်ခံသူတွေ စစ်ကောင်စီ လုံခြုံရေးရေယာဥ်တန်းနဲ့ စီးနင်းလိုက်ပါလာသူတွေ သေဆုံးတယ်ဆိုတဲ့ သဘောမျိုး ရှုမြင်မှုတွေ ရှိနေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

အခု ဖြစ်ရပ်၊ အဖြစ်အပျက်ပေါ် ရှုမြင်ကြပုံတွေကို လေ့လာသုံးသပ်ကြည့်ရင် ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းလို၊ မကွေးတိုင်း မြောက်ပိုင်းလိုဒေသတွေမှာ ကျေးရွာအလိုက် နိုင်ငံရေး အရ ထောက်ခံမှုအပေါ်မူတည်ပြီး တိုက်ခိုက်တာတွေ၊ ကုန်စည်ကူးသန်းမှု မလုပ်နိုင်အောင် ပိတ်ဆို့တာတွေ ဖြစ်ပွားနေတာ သတိပြုစရာဖြစ်ပါတယ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာတွေ၊ ပေါက်မြို့နယ်ထဲက ကျေးရွာတွေ၊ စစ်ကိုင်းတိုင်း မင်းကင်း၊ ခန္တီး၊ ကန့်ဘလူ စတဲ့မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေမှာ အခုလို အနေအထားတွေ ဖြစ်ပွားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ နိုင်ငံရေးအရ ထောက်ခံမှု မတူညီကွဲပြားမှုက ကျေးရွာအလိုက် ကွဲပြားမှုတွေအထိ ဖြစ်စေတာတွေ့ရပါတယ်။  အချို့ သဘောထားကွဲလွဲသူတွေက ကျေးရွာတွေကနေ တခြားကျေးရွာကို ပြောင်းရွှေ့ နေထိုင်ကြရတဲ့ အဖြစ်တွေ သတင်းဖေါ်ပြချက်တွေမှာ ဖတ်ရှုရသလို၊ အချို့သော ကျေးရွာတွေကို တိုက်ခိုက်တာ လုယက်တာတွေလည်း ဖြစ်ပျက်ခဲ့တဲ့ သတင်းအချို့ ပြီးခဲ့တဲ့ ကာလတွေမှာ ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်တွေက နိုင်ငံရေးအရ ကွဲပြားမှုထက်ကို အုပ်စုအလိုက် ခွဲခြားကာ တိုက်ခိုက်မှု၊ အရပ်သားနဲ့ လက်နက်ကိုင် ခွဲခြားပြီး ပြုမူတာမျိုးမဟုတ်တော့တဲ့ Tribalism ဆီကို ဦးတည်စေတဲ့ လားရာလည်း ဖြစ်ပါတယ်။ ဗမာလူမျိုးများအကြားမှာ နိုင်ငံရေးထောက်ခံ မတူညီခြင်းပေါ်မူတည်ပြီး မျိုးနွယ်စုမတူတဲ့ အစုကို တိုက်ခိုက်ကြတဲ့ သဘောမျိုးနဲ့ အလားသဏ္ဍာန်တူညီတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီအယူအဆနဲ့ သဏ္ဍာန်တူတာတွေ ၊ အပြုအမူတူတာတွေကို တွေ့မြင်လာရတဲ့ အနေအထားဟာ အနာဂတ် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် စိုးရိမ်စရာ အချက်တချက်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံ၊ ဖက်ဒရယ်နိုင်ငံကို ဦးတည်ချက်ထားကာ တော်လှန်တိုက်ခိုက်နေကြတဲ့အနေ အထားမှာ လမ်းချော်စေတဲ့ အယူအဆတွေ၊ ပင်မရည်မှန်းချက် ပန်းတိုင်ကို ထိခိုက်ပျက်စီးစေမယ့် အယူဝါဒတွေ ကျင့်သုံးမှုတွေကို သတိပြုဖယ်ရှားဖို့လည်း အရေးကြီးတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar