Breaking News

နေချိုသွေး - NUG ၊ မြောက်ပိုင်းရှမ်းပြည်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် စစ်တမ်း


နေချိုသွေး - NUG ၊ မြောက်ပိုင်းရှမ်းပြည်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် စစ်တမ်း

(မိုးမခ) စက်တင်ဘာ ၂၁ ၊ ၂၀၂၃


[ ၁ ]

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ တိုင်းတပါးနယ်ချဲ့ ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့‌ပေမယ့် ပြည်နယ်‌ ဒေသတွေနဲ့ တောင်တန်းဒေသတွေမှာ အများစု‌ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ ခေတ်အဆက်ဆက်အုပ်ချုပ်သူ အစိုးရ တနည်းအားဖြင့် စစ်အာဏာရှင်အစိုးရရဲ့ မတရားအနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှုကို ခံနေခဲ့ကြရတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ပါလီမန် ဒီမိုကရေစီအစိုးရဆီကနေ ၁၉၆၂ ခုနှစ် မတ်လ  ၂ ရက်နေ့မှာ စစ်ခေါင်းဆောင်နေဝင်း ဦးဆောင်ပြီးစစ်တပ်က အာဏာသိမ်းမှုကိုစတင်ခဲ့တဲ့နောက် တိုင်းရင်းသားတွေကို သိသာထင်ရှားစွာနဲ့ ဖိနှိပ်အုပ်ချုပ်မှုစတင်ခဲ့တယ်။ ဗမာတိုင်းရင်းသားအများစုရှိတဲ့ စစ်တပ်ရဲ့  ထိပ်ပိုင်းခေါင်းဆောင်တွေက တပ်ထဲမှာ တခြားတိုင်းရင်းသားတွေကို ရာထူးကြီးကြီးနေရာ မခန့်ထားတော့ဘဲ ဗမာလူမျိုးကြီးဝါဒကို စတင်အသက်သွင်းခဲ့ကြတယ်။ စစ်သင်တန်း‌ကျောင်းတွေရှိရာ စစ်တပ်မြို့လို့ခေါ်တဲ့ ပြင်ဦးလွင်မှာ ဖွင့်ထားတဲ့ (D.S.A) အရာရှိစစ်သင်တန်းကျောင်း အပါအဝင် စစ်အရာရှိသင်တန်းကျောင်းမှန်သမျှ ဗမာတိုင်းရင်းသားလူမျိုးက လွဲရင် တခြားတိုင်းရင်းသားမှန်သမျှ အကြောင်းအမျိုးမျိုးပြကာ တက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့တာ ယနေ့ခေတ်ကာလအချိန်ထိ...။

ဗမာတိုင်းရင်းသား လူမျိုးကြီးဝါဒကို အာဏာရှင်စစ်အစိုးရအဆက်ဆက် အသက်သွင်းခဲ့တဲ့ရလဒ်အနေနဲ့ ယနေ့အချိန်အထိ ကချင်၊ ကရင်၊ ချင်းနဲ့ ရခိုင် အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကျေးရွာအများစုမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ရင်ထဲမှာ ဗမာလူမျိုးကို တိုင်းရင်းသားအဖြစ် မမြင်ဘဲ ဗမာလူမျိုးကို အကြမ်းဖက်သမားလူမျိုးတမျိုးအဖြစ်ပဲ မြင်ကြတယ်။

သူတို့အများဆုံး ထိတွေ့ဆက်ဆံရတာက နယ်မြေရှင်းလင်းရေးဆိုပြီး သေနတ်ကိုင် ရောက်လာကြတဲ့ ဗမာအများစုပါဝင်တဲ့ စစ်တပ်။

အဲဒီအချိန်ကာလတွေထဲက တိုင်းရင်းသားဒေသတွေမှာ ဗမာစစ်တပ် ဝင်ရောက်လာရင် ရွာလုံးကျွတ် မီးရှို့ခံရတာ၊ ပစ္စည်းယူ၊ လူသတ်၊ ုဒိမ်းကျင့်ခံရတာတွေ ရှိခဲ့ကြတော့ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဗမာဆိုရင် အကြမ်းဖက်သမားလူမျိုးအဖြစ်ရွံကြောက်ကြီး ဖြစ်ခဲ့ရတယ်။

မယုံရင် အဲဒီ့ဒေသက ကျေးရွာတွေကို သွားလေ့လာကြည့်ပါ။

အဖြစ်မှန်ကို ဘာကြောင့် ပြောနိုင်သလဲဆို အခု ဒီစာကို ရေးနေတဲ့စာ‌ရေးသူက ရှမ်းပြည်ရဲ့ တောင်ပေါ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အဖေ ဗမာ၊ အမေ ဗမာက မွေးတဲ့ ဗမာတိုင်းရင်းသားလူမျိုးတယောက် ဖြစ်နေလို့ပါပဲ။

မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခြေခံရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ မိမိတို့ လူမျိုး‌တွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးတွေပဲဖြစ်တယ်။

ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားအများစုက နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းအဖြေရှာခဲ့ကြပေမယ့် ယနေ့အထိ အဖြေရှာ မရနိုင်သေးတဲ့အတွက် တိုင်းရင်းသားလူမျိုးအသီးသီးက လက်နက်ကိုင် လမ်းစဉ်နဲ့ ခုခံတော်လှန်စစ်တွေကို ဆင်နွှဲပြီး မိမိတို့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်တယ်။

အဓိကပြဿနာက ခေတ်အဆက်ဆက်တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရ တနည်း အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံရေး မရိုးသားမှုတွေကြောင့်ပါပဲ။

[ ၂ ]

ဆောင်းပါးမှာ အဓိက ရေးသားဖော်ပြချင်တာက( ၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူရွေးကောက်တင်‌မြှောက်ထားတဲ့ အစိုးရထံကနေ မဲမသမာမှု အကြောင်းပြပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအများဆုံး တည်ရှိရာ ရှမ်းပြည်(မြောက်ပိုင်း)က အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ် အကြောင်းအရာ‌တွေကို အဓိက ရေးပြလိုရင်း ဖြစ်တယ်။ ရှမ်းပြည်(မြောက်ပိုင်း) က PDF‌အဖွဲ့တွေကို စစ်ရေးမှာ အဓိကအကူအညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးအခြေအနေအရပ်ရပ်ကိုထိမ်ချန်ရမယ့် အရေးကြီး စစ်ရေးသတင်းကိစ္စကလွဲရင် ရေးပြရခြင်း ဖြစ်ပါတယ်။

အခုဆိုရင် ဗမာလူမျိုးအများစု ကြီးစိုးခြယ်လှယ်ထားတဲ့ စစ်တပ်၊ အာဏာရှင်ရဲ့ ခိုင်းဖတ်စစ်တပ်နဲ့ အာဏာသိမ်းစစ်ကောင်စီကို မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ ဗမာတိုင်းရင်းသားလူမျိုးတွေကိုယ်တိုင် ခုခံတွန်းလှန်နေတဲ့ စစ်ဖြစ်လာနေပြီ။ အာဏာရှင်တွေ ကျဆုံးပြီး အာဏာရှင်စနစ် ကျရှုံးပျက်သုဉ်းရေး အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းအားထုတ်လာနေကြတယ်။

ရည်မှန်းချက် ပန်းတိုင်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ပြည်‌ထောင်စုအစိုးရ ဖွဲ့စည်းနိုင်ရေးပဲဖြစ်တယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူမှုဖြစ်ပြီးနောက် စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေက စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council - NUCC) ကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တယ်။

NUCC ကို  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံမဲတွေနဲ့ တရားဝင်မှု (De Jure Legitimacy) ရရှိ ထားတဲ့ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ လက်တွေ့ မြေပြင်မှာ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေတွေနဲ့ လူထုထောက်ခံမှု အသီးသီးရရှိထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ပြည်နယ်/ဖက်ဒရယ် ယူနစ် အခြေပြုနဲ့ လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီတွေနဲ့ စစ်အာဏာသိမ်းမှုကိုလက်မခံတဲ့ နိုင်ငံရေးပါတီတွေအပါအဝင် နွေဦးတော်လှန်ရေး စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လူငယ်‌တွေနဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အလုပ်သမားသမဂ္ဂ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အကြမ်းမဖက် အာဏာ ဖီဆန်လှုပ်ရှားမှု (CDM)မှာ ပါဝင်သူတွေနဲ့ သပိတ်ကော်မတီ တိုင်းရင်းသား လူမျိုးပေါင်းစုံ လူထုလူတန်းစား အလွှာအသီးသီးက အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့ မှ ကိုယ်စားလှယ် ၅၆ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရတယ်။

NUCC အနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နဲ့ (၂) ကို ပြုစု ရေးသားကာ  ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက်  ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ တော်လှန်‌ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG) ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်။

NUG အစိုးရက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်အစိုးရကို ခုခံတွန်းလှန်တိုက်ခိုက်ဖို့  D-day အဖြစ် စတင် စစ်ကြေညာခဲ့ပါတယ်။

[ ၃ ]

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အပါအဝင် မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ အချိန်ကာလမှာပဲ မင်း‌‌အောင်လှိုင် ဦး‌ဆောင်တဲ့စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့တယ်။

စစ်အာဏာသိမ်းမှုကို အလိုမရှိတဲ့ မြန်မာပြည်တဝှမ်းလုံးမှာ ငြိမ်းချမ်းစွာနဲ့ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်ပြသခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူလူထုကို စစ်တပ်နဲ့ခိုင်းဖတ် လက်ဖြောင့်သေနတ်သမားတွေက ကျည်ဆန်အစစ်တွေ မီးခိုးဗုံးတွေနဲ့အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းပြုခဲ့တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း စစ်တပ် ခိုင်းသမျှ ဆန္ဒပြလူထုကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သလို အကျဉ်းထောင်ထဲကို ဖမ်းပြီးပို့ဆောင် ထောင်ချခဲ့တယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာပင် ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူလူထု အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်။

စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် ရှမ်းပြည်နယ်မှာ ပူး‌ပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/ TNLA) နဲ့ ရခိုင် (ULA/AA) တို့က အစောဆုံး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်‌နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်။အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသူ‌တွေရဲ့ မိသားစု‌တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မြန်မာစစ်တပ်အ‌နေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်နေခြင်း ချက်ချင်းရပ်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်‌ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့ မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့အတူ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း  ညီနောင်မဟာမိတ် ၃ ဖွဲ့အ‌နေနဲ့ ပူးတွဲကြေညာခဲ့တယ်။

တိုင်းရင်းသားညီနောင်မဟာမိတ် ၃ ဖွဲ့မှာပါဝင်တဲ့ TNLAတအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်မတော် စစ်ရေးလှုပ်ရှားရာ နယ်မြေဒေသတွေကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းယော်၊ မိုးမိတ်၊လားရှိုးစတဲ့ မြို့နယ်တွေ ဖြစ်တယ်။

မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တွေက တအာင်း(လောင်)တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေပါ။

ပြည်သူကို လက်နက်အားကိုးနဲ့ ပြည်သူ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရထံကနေ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နဲ့ TNLA တအာင်း(ပလောင်) တိုင်းရင်းသား လက်နက်ကိုင်တပ်‌တွေက ၂၀၁၉ ခုနှစ်ထဲကနေ ရှမ်းပြည်(မြောက်ပိုင်း)ဧရိယာထဲမှာ ခပ်စိပ်စိပ် ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်လာခဲ့တာပါ။

စစ်တပ်နဲ့ TNLA, AA, MNDAA ပူးပေါင်းထားတဲ့ လက်နက်ကိုင်တပ်‌တွေ ၂၀၁၉ ခုနှစ် ၈ လပိုင်း ၃၁ ရက်‌နေ့မှာ ထိ‌တွေ့တိုက်ပွဲဖြစ်ကြပြီး နောက်ရက်မနက်ပိုင်းမှာ စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်မြို့ တိုးဂိတ်အနီး မော်ဟစ်ရွာလူနေ အိမ်တွေပေါ် လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်တပ်ဘက်က ပစ်ခတ်မှုမှာ အပြစ်မဲ့အရပ်သား ၆ ယောက် အပြင်းအထန် ဒဏ်ရာရကာ ၅ ယောက် သေဆုံးခဲ့တယ်။

ဖြစ်စဉ်မှာ လက်နက်ကြီးကျည်ဆထိမှန်ပြီး လသားအရွယ် ကလေးငယ်တယောက်နဲ့ ကလေးမိခင်ပါ သေဆုံးခဲ့တယ်။ အဲဒီဖြစ်စဉ်ကို ‌ရှမ်းပြည်မြောက်ပိုင်းအခြေဆိုက် ရွှေဖီမြေသတင်းဌာနက သေဆုံးသူတွေရဲ့ ဓာတ်ပုံနဲ့တကွ လက်နက်ကြီးကျည်အပိုင်းအစတွေကို သတင်းတင်ပြခဲ့ဖူးပါတယ်။ 

စစ်တပ်ဘက်က သူတို့ပစ်ခတ်တဲ့ လက်နက်ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုခဲ့သလို သတင်းဖော်ပြခဲ့တဲ့ ရွှေဖီမြေသတင်းဌာနကို လားရှိုးက စရဖ(စစ်ဖက်လုံခြုံရေးအဖွဲ့)အနေနဲ့ စုံစမ်းထောက်လှမ်းခဲ့ဖူးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရွှေဖီမြေသတင်းဌာနက သတင်းသမားတွေ ယာယီနေထိုင်ရာ လားရှိုးမြို့ထဲက တနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပေမယ့် သတင်းသမားတွေ အချိန်မီ လွတ်မြောက်ခဲ့တယ်။ နောက်ပိုင်းသိရတာက ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက်တယောက်ကို ယာယီတည်းခိုရာနေအိမ်မှာ စစ်တပ်အင်အားများစွာနဲ့ အဓမ္မဖမ်းဆီးသွားခဲ့တယ်။

ပုဒ်မ ၅၀၅ နဲ့ လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ရွှေဖီမြေသတင်းဌာနက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နေရာဒေသကနေ ရှမ်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးသတင်းတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့အတွက် ရှမ်းပြည်ရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေကို သိချင်ရင်း ရွှေဖီမြေသတင်းဌာနကို စောင့်ကြည့်ရမယ့် သတင်းဌာန တခုလည်း ဖြစ်ပါတယ်။

ရှမ်းပြည်က စစ်ရေးအခြေအနေတွေကို ပြန်ဆက်ရရင် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂ ၂ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးအရှေ့တောင်ဘက် မီတာ ၈၀၀ ခန့်အကွာမှာရှိတဲ့ တောင်ယာတဲတလုံးရဲ မြေအောက်အခန်းမှာ ဝှက်ထားတဲ့ TNLAတအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ် ပိုင်တဲ့ လက်နက်ခဲယမ်းတွေကို ယခုအာဏာသိမ်း မင်းအောင်လှိုင် ဦး‌ဆောင်တဲ့ စစ်တပ်က သိမ်းဆည်းရရှိခဲ့ဖူးပါတယ်။

စစ်တပ်က ကံကောင်းလို့ရခဲ့တာပါ။ နွားကျောင်းသားတယောက်က တောင်ယာတဲထဲ ဝင်ပြီး စားစရာရှိလိုရှိငြား ရှာဖွေရာက လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တာပါ။ နမ္မတူမြို့နယ် အ‌ခြေစိုက် စစ်တပ်ရဲ့ ကင်းလှည့်စစ်ကြောင်းနဲ့တွေ့ပြီး စစ်တပ်ပိုင်ပစ္စည်းထင်လို့ သတင်းပေးမိရာက မင်းအောင်လှိုင်စစ်တပ်က တွေ့ရှိသိမ်းဆည်းရရှိခဲ့တာပါ။

ရရှိတဲ့ လက်နက်တွေမှာ အမ်(၂၂) ၃၉ လက်၊ စက်လက်(၂၉)လက်၊ အမ်(၂၁) ၆၉ လက်၊ အမ်(၁၆) ၉ လက်၊ အာပီဂျီ(RPG) အကြီး ၁၆ လက်၊ အာပီဂျီ (RPG) အသေး ၅ လက် ၊ (၁၂)ဗို့ဆလိုက် GUN ၂ လက်၊ FN-6လေယာဉ်ပစ် (ပခုံးထမ်းဒုံး) ၁ လက် အပြင် ကျည်မျိုးစုံ (၄၃၂၆၅) တောင့် ၊ လက်ပစ်ဗုံး(၈၈၀)လုံး ၊ (၆၀)မမ ဗုံးသီး (၁၄၈)လုံး၊ အမ်(၂၂)ကျည်အိမ် (၁၄၀၀)ခု ၊ (၆၀)မမ ဗုံးသီးထိပ်ဖူး (၉၀)ခု ၊ ယမ်းပျော့သံပုံး (၂၀)ပုံး ၊ အားမြင့်ယမ်းဗူး(၈၈၅)ဗူးတို့နှင့်အတူ TNLA ယူနီဖောင်း(ပြောက်ကျား/အစိမ်းရောရာနဲ့ စစ်ဝတ်ပစ္စည်း/အလံ)ထည့်ထားသည့် ဆာလာအိတ် ၇၇ အိတ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ အဲဒီအချိန်ကာလက စစ်တပ်အာဘော် မြဝတီရုပ်သံသတင်းမှာ ဖော်ပြခဲ့ဖူးသလို့ RFA နဲ့ DVB အပါအဝင် သတင်းဌာနတော်တော်များများက သတင်းသမားတွေကို ရန်ကုန်မြို့ကနေ ဖိတ်ခေါ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကနေ စစ်တပ်သုံး ရဟတ်ယာဉ်နဲ့ အကြို အပို့လုပ်ပြီး သတင်းရယူစေခဲ့ဖူးပါတယ်။

အဲဒီကာလကတည်းကစပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်တပ်နဲ့ TNLAတအာင်း(ပလောင်) တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေခဲ့တယ်။

၂၀၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်  နမ့်ကွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်တပ်ရဲ့ ယာဉ်တန်း ဖြတ်သန်းတဲ့အချိန် TNLA တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ပြန်တမ်းဝင်အရာရှိအပါအဝင်စစ်သား‌တွေ သေဆုံးမှုရှိခဲ့ပြီး စစ်ကားတစီး မီးလောင်ပျက်စီးသွားသလို (၂၂၀ မမ) လက်နက်ကြီး ၁ လက်နဲ့ ဗုံးသီးကျည်ဆန် ၂၀ လုံး၊ လက်နက်ငယ် ၆ လက်နဲ့ကျည်အိမ် ၁၆ ခုနဲ့ကျည်ဆန်တွေ အပါအဝင် ဆက်သွယ်ရေးစက်  ၂ လုံး ရရှိခဲ့တယ်လို့ TNLA တိုင်းရင်းသားလက်နက်ကိုင်တပ်ဘက်က သတင်းထုတ်ပြန်ခဲ့တယ်။

TNLA တအာင်း(ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်ရာ နယ်မြေအတွင်းမှာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ( ၂၃ ရက်နေ့က ပထမဦးဆုံးအကြိမ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအခမ်းအနားကို‌ ကျင်းပနိုင်ခဲ့တယ်။

TNLA တအာင်း (ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်မ‌တော်အနေနဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အတွက် ( ၂ဝ၂ဝ) ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့တဲ့အကြောင်းကို TNLAရဲ့အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပထမဆုံး ပြုလုပ်တဲ့ TNLA ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။

TNLA တအာင်း (ပလောင်)တိုင်းရင်းသားလက်နက်ကိုင်တပ်အနေနဲ့ မြေပြန့်ဒေသအထိဆင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ဖူးတယ်။

၂၀၁၉ ခုနှစ်ရဲ့ ဩဂုတ်လ ၁၅ ရက်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ ပြင်ဦးလွင်မှ နောင်ချိုမြို့ဘက်သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ နောင်ချိုမြို့မှ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တခုတို့ကို AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က  နံနက် ၅ နာရီခွဲခန့်မှာ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ဖူးတယ်။                    

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်းမှာ—

၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ စစ်တပ် နစကအနေနဲ့ နိုင်ငံရေးအမြင်မတူတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၄ ယောက်ကို သေဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကန့်ကွက်ရှုတ်ချ‌ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့တယ်။ စစ်တပ်က မတရားသဖြင့် အမိန့်ချ သေဒဏ်ပေးခံရသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် နဲ့ ဝါရင့်နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုအောင်သူရဇော် (ခ) ကတုံး (ခ) သူရ တို့ဖြစ်ပြီး သေဒဏ်စီရင်လိုက်ခြင်းက လက်ရှိကမ္ဘာ့နိုင်ငံရေး ဥပဒေရဲ့ စံထားချက်တွေနဲ့ ဆန့်ကျင်နေသလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနဲ့ နိုင်ငံရေးအခွင့်အရေး ကွန်ဗင်းရှင်းတွေကို ဆိုးဝါးစွာ ချိုးဖောက်နေခဲ့တယ်။ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အစည်းအဝေးက ချမှတ်တဲ့ ဂျာကာတာ ထိပ်သီးအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ရပ် အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းမယ့် လမ်းစဉ်တွေနဲ့လည်း လုံးဝဆန့်ကျင်နေတယ်။

ယုတ္တိမရှိတဲ့ ပြစ်မှုနဲ့ နိုင်ငံရေးအမြင်မတူတဲ့ပုဂ္ဂိုလ်တွေကို သေဒဏ်စီရင်ခြင်းက ပြည်သူတရပ်လုံးရဲ့ ဒေါသစိတ်နဲ့ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေခဲ့ပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို နစက အာဏာသိမ်းစစ်တပ်အစိုးရက တာဝန်ယူရမယ့်လို့  AA၊ TNLA၊ MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။ သေဒဏ်စီရင်ခြင်းခံရသူတွေရဲ့ မိသားစု၊ ဆွေမျိုး‌တွေနဲ့ထပ်တူ ဝမ်းနည်းရပြီး အာဏာသိမ်း နစကအစိုးရ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

[ ၄ ]

ရှမ်းပြည်နယ်(မြောက်ပိုင်း)က စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ လူငယ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စိုးမိုးထိန်းချုပ်ထားရာ နေရာဒေသတွေမှာ နီးစပ်ရာအဖွဲ့ တွေစုဖွဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ PDF တွေအဖြစ်နဲ့ စစ်ပညာကို သင်ကြားခဲ့တာဆိုရင် ဒေသခံတိုင်းရင်းသားတပ်တွေနဲ့အတူ အာဏာသိမ်းစစ်အစိုးရတပ်တွေကို တော်လှန်တိုက်ခိုက်နေပြီ။

ပြည်သူ့ကာကွယ်ရေး PDF တပ်တွေအနေနဲ့ မြေပြင် တိုက်ပွဲဖော်ဆောင်မှု စစ်ရေးသတင်းတွေကို လျှိုဝှက်နိုင်သမျှ လျှိုဝှက်ထားပြီး သတင်းမထုတ်ပြန်ခဲ့ကြပါဘူး။ နယ်မြေ‌ဒေသအရ ယခင်ထဲက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အများဆုံး တည်ရှိရာ ဒေသဖြစ်တဲ့အတွက် နောက်ဆက်တွဲ လုံခြုံရေးအရ PDF‌ တွေအနေနဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကို ထုတ်ဖော်မပြခဲ့ကြပါဘူး။

စစ်အာဏာရှင် ဆန့်ကျင်‌တော်လှန်ရေး စစ်ရေးအခြေအနေတွေကို လိုအပ်သလောက်ပဲ သတင်းထုတ်ပြန်ပြီး တပ်ဖွဲ့ ဘေးကင်းလုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်ရင်း မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ PEOPLE SECURITY & DEFENCE ARMY ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့(မူဆယ်မြို့)၊ PEOPLE SECURITY & DEFENCE ARMY ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (နမ့်ခမ်းမြို့)၊ PEOPLE SECURITY & DEFENCE ARMY - ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ (လားရှိုးမြို့)၊ PEOPLE DEFENCE FORCE OF THINNI . ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (သိန္နီမြို့)၊ PEOPLE DEFENCE FORCE - NAWNGHKIO ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (နောင်ချိုမြို့ ) PEOPLE DEFENCE FORCE KYAUKME ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ကျောက်မဲမြို့)၊  LASHIO CIVIL DEFENCE FORCE-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လားရှို့မြို) စတဲ့ အဖွဲ့တွေကပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်စစ်အုပ်စုက ထိပါး နှောင့်ယှက် သတ်ဖြတ် စော်ကားမှု မပြုနိုင်ရေး၊

ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်သွားနိုင်ရေးအတွက် ၂ဝ၂၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တပါတည်း ရှမ်းမြောက်ကာကွယ် ရေးတပ်ဖွဲ့ (Northern Shan State Defense Force) ကို ဖွဲ့စည်းခဲ့ပြီး—

“၁။ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေးအတွက် မိမိတို့ တော်လှန်ရေး ညီအစ်ကိုများမှ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်၍ စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရန် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည်။

၂။ မိမိတို့မဟာမိတ်အဖွဲ့များ အနေဖြင့် ပူးပေါင်း ဆက်သွယ်၍ စစ်ရေးအရ အဘက်ဘက်မှ ကူညီပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

၃။ နိုင်ငံအလိုက် မြို့ပြတိုက်ပွဲများ ဖြစ်ပေါ်လာပါက မိမိတို့ ရှမ်းမြောက်ကာကွယ်ရေးတပ်ဖွဲ့ (NSSDF)ကလည်း အမျိုးသားညီညွတ်ရေးအစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပူးပေါင်း၍ စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ကြမည်” စတဲ့ဖော်ပြပါအချက် ၃ ချက်ကို ထုတ်ပြန်ကြေညာခဲ့တယ်။

 ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ စစ်အာဏာရှင် ကျရှုံးရေးနဲ့ အာဏာရှင်စနစ်ကျဆုံး ပျက်သုဥ်းရေး စစ်ရေးလုပ်ဆောင်ချက်တွေကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် LASHIO CIVIL DEFENCE FORCE-LCDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လားရှို့မြို)ရဲ့  မဟာမိတ်တွေဖြစ်ကြတဲ့ People's Defence Force - Kyaukme နဲ့  PSDA Lashio သုံးဖွဲ့ ပေါင်းစည်းက ရှမ်းပြည်နယ်‌မြောက်ပိုင်း မဟာမိတ်တပ်ရင်း Northern Shan State Alliance Army (N.S.S.A.A) ကို ပြောင်းလဲဖွဲ့စည်းခဲ့ပြီး—

“ ၁။ ပြည်သူလူထုအပေါ် အကြမ်းဖက်နေသည့် စစ်အာဏာရှင်အုပ်စုများရန်မှ ခုခံကာ ကွယ်သွားရန်။

၂။ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသော အပြစ်မဲ့ပြည်သူများ၏ အသက်များကို ထောက်ထား၍ စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည့်တိုင်အောင် အဆုံး ထိတိုက်ပွဲဝင်ရန်။

၃။ အခြေအနေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs)နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့်လဲ ပူးပေါင်း၍ စစ်အာဏာရှင်ကို ဆုံးခန်းတိုင် တော်လှန် တိုက်ပွဲဝင်ရန်။

၄။ ပြည်ထောင်စုအတွင်း စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရန် ” စတဲ့ အချက် ၄ ချက်ကို သဘောတူ လက်မှတ်ထိုး ထုတ်ပြန်ကြေညာခဲ့တယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ (N.S.S.A.A)ရဲ့ အခြေခံစစ်သင်တန်းအပတ်စဉ် (၁) ကို အောင်မြင်စွာ ပို့ချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ (N.S. S.A.A)အနေနဲ့ စစ်ပညာအထူးမွမ်းမံသင်တန်း သင်တန်းအပတ်စဉ် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။

သင်တန်းဆင်ပွဲကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်၊ မန္တလေးသပိတ်အင်အားစု၊ တောင်တန်းဒေသ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့‌ နဲ့ ဒေသတွင်းက တိုင်းရင်းသားတပ်တွေက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးမှာ သဝဏ်လွှာ‌ပေးပို့ခွင့်ရတဲ့အတွက် အထူးဂု‌‌ဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

[ ၅ ]

ရှမ်းပြည်(မြောက်ပိုင်း)မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ PDFတပ်တွေရဲ့ အခန်းကဏ္ဍကို အကူအညီမပေးတဲ့အပြင် အာဏာသိမ်းစစ်တပ်နဲ့ အကျွမ်းတဝင်ရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုတွေနဲ့ လောင်းကစားလုပ်ငန်းတွေက ရတဲ့ဝင်‌ငွေအပါအဝင် တရားမဝင်မှောင်ခိုစီးပွားရေး လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ဒေသတွင်းတာဝန်ကျ စစ်အရာရှိတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့တွေလည်း အများအပြားရှိနေခဲ့တယ်။

ရှမ်းပြည်နယ်မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ် နှစ်တပ်ဖြစ်ပြီး နယ်မြေ‌စိုးမိုးထိန်းးချုပ်ထားနိုင်ကြသလို စစ်အင်အားကောင်းတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ရှမ်းပြည်(မြောက်ပိုင်း) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ရှမ်းပြည်(တောင်ပိုင်း) တပ်တွေလည်း ရှိတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် နားကျဲကျေးရွာနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ မဟာမိတ် ဆက်ဆံရေးရှိထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ဖူးတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်မှာ ရှမ်းပြည်(မြောက်ပိုင်း) နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု ပိန်းလုံရွာနဲ့ ညောင်ဆွယ်ကျေးရွာဘက်မှာ RCSS နဲ့ TNLA တို့အကြား ညနေ ၅ နာရီကျော်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ထိ‌တွေ့မှု ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားခဲ့ဖူးတယ်။ ဒီဇင်ဘာလအတွင်းမှာ RCSS/SSA နဲ့ TNLA တပ်ဖွဲ့အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

RCSS/SSA နဲ့ SSPP/SSA၊TNLA ပူးပေါင်းအဖွဲ့ တွေအကြားမှာ (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ကနေ စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူ (၂၀၀)ကျော်ဟာ မန်စံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ယာယီစစ်ဘေးရှောင်စခန်းတွေထံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဘက်က တာဝန်ရှိတဲ့ နှစ်ဘက်‌ ခေါင်းဆောင်းတွေက ငြိမ်းချမ်းရေးတံခါးတွေ အမြဲတမ်း ဖွင့်နေတယ်လို့ ပြောဆိုနေကြပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ တွေ့ဆုံဆွေးနွေးမှုက ၁ ကြိမ်ပဲ ရှိခဲ့ဖူးသလို RCSS/SSA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးယွက်စစ် နဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရနဲ့ အတိုင်းအတာတခုအထိ နားလည်မှုယူထားပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိထားတယ်လို ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ သိရတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထဲ ရှမ်းပြည်(မြောက်ပိုင်း)မှာ ရှိတဲ့“ဝ”ပြည်သွေးစည်ညီညွတ်ရေးတပ်မတော်(UWSA)အကြောင်း အနည်းငယ်ရေးပြရရင် ၁၉၇၀ခုနှစ်အစောပိုင်းကာလတွေမှာ ဝ တောင်တန်းတွေပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) အခြေချနေထိုင်ခဲ့ပြီး ဌာနေ ဝ တိုင်းရင်းသားတွေကို နိုင်ငံရေး စစ်ရေး အသိမျှဝေပေးခဲ့တယ်။ ၁၉၈၉ ခုနှစ်ထဲမှာ(CPB)ပြိုကွဲသွားခဲ့ပြီး နိုင်ငံရေးအသိအမြင်ရှိတဲ့ ဝ လူငယ်တွေက “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကို ဖွဲ့စည်းခဲ့တယ်။ ၁၉၈၉ ခုနှစ်ထဲမှာ နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး မျက်မှောက်ခေတ် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရလက်ထက်အထိ သိသာတဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲ အင်အားအကောင်းဆုံးနဲ့အများဆုံး ၊ လက်နက်ခဲယမ်း အတောင့်တင်းဆုံး၊ လုံးဝ ထိန်းချုပ်ထားနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ ဒေသနဲ့ ဝတိုင်းရင်းသားလူထုစုဖွဲ့မှု အများဆုံးအဖွဲ့ ဖြစ်တယ်။

ဝ ဒေသတွေကို ဗဟိုအစိုးရရဲ့အုပ်ချုပ်မှု ဩဇာမပါပဲ ကိုယ်ပိုင်တရားဥပဒေပြဌာန်းပြီး ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်နဲ့ ဒေသတွင်းကို တဟုန်ထိုး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ခဲ့ပြီး ကိုယ်ပိုင်အစိုးရ ကိုယ်ပိုင်စစ်တပ်နဲ့ ရှမ်းပြည်(မြောက်ပိုင်း)က ဝ တောင်တန်းဒေသတွေမှာ အခြေချ နေထိုင်လျက်ရှိတယ်။ ဝ တိုင်းရင်သားတပ်မတော်နဲ့ ဝ ဒေသအကြောင်းကို အကျယ်ရေးရရင် စာအုပ်ကြီးတအုပ်စာမက ရေးရမလိုဖြစ်တာကြောင့် အနည်းငယ်ပဲ ရေးသားလိုက်ရပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာပဲ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရအဖွဲ့ဝင်တွေ ရှမ်းပြည်(မြောက်ပိုင်း)မှာ စည်းရုံးရေးသွားရောက်ခဲ့တဲ့ သတင်းကို ကြားသိလိုက်ရတယ်။

ရှမ်းပြည်(မြောက်ပိုင်း)မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရှမ်းပြည်(မြောက်ပိုင်း)မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စစ်ဟာ နိုင်ငံတော်ကို အင်အားဖြည့်ပေးနေတဲ့ အင်အားတရပ်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်(မြောက်ပိုင်း)မှာရှိတဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေလီရတနာခန်းမမှာတွေ့ဆုံပြီး ပြည်သူ့စစ်ဟာ နိုင်ငံတော်ကို အင်အားဖြည့်ပေးနေတဲ့ အင်အားစုတရပ်ဖြစ်ပြီး နယ်မြေ ငြိမ်းချမ်းအောင် တာဝန်သိစိတ်နဲ့ ဆောင်ရွက်တဲ့သူတွေ ဖြစ်တယ်လို့ မြှောက်ပင့်ပြောကြားခဲ့သလို ရှမ်းပြည်(မြောက်ပိုင်း)မှာ TNLA နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်က နမ့်ခမ်း မြို့မပြည်သူ့စစ်၊ လုံထန် ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး TNLA နဲ့ တိုက်ပွဲ ဖြစ်ပွားနေတယ်။

ရှမ်းပြည်(မြောက်ပိုင်း)မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့အများစုတွေဟာ နိုင်ငံရေးရပ်တည်ချက် ခိုင်ခိုင်မားမား မရှိပဲ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း တွေအများစုဖြစ်ပြီး ဒေသခံလူထုတွေအတွက် ကောင်းကျိုးပေးတဲ့အဖွဲ့တွေ မဟုတ်ဘူးလို့ PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ သတိပေးပြောဆိုထားတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သွားတွေ့ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေက နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကျော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီး ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနဲ့ ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့ပဲ ဖြစ်တယ်။

ဒေသခံပြည်သူလူထုမျက်နှာ မကြည့်ပဲ ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြည်သူ့စစ်အမည်ခံ အဖွဲ့ တွေကို မမေ့မလျော့ သမိုင်း မှတ်တမ်းတင်ထားရပါမယ်။နောင်တချိန်မှာ ပြည်သူ့အာဏာ ပြည်သူပြန်ရတဲ့အခါ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အောင်မြင်တဲ့အခါ ဖျက်သိမ်းပစ်ပြီး အရေးယူရမယ့် ပြည်သူစစ်အမည်ခံ အဖွဲ့တွေပါပဲ။

ရှမ်းပြည်(မြောက်ပိုင်း) နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်နယ်အပါအဝင် မိုးကုတ်မြို့နယ်တွေမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ မန္တလေး PDF ၊တအာင်းတိုင်းရင်းသားတပ်(TNLA)ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန်လာတာကို တွေ့လိုက်ရတယ်။အဲဒီ့စစ်ဆင်ရေးကို "ကနောင် စစ်ဆင်ရေး"လို့ အမည်ပေးထားပြီးစစ်ဆင်ရေးမှာ TNLA နဲ့ မန္တလေး PDF တို့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

မန္တလေး PDF က ဖော်ဆောင်တဲ့ "ကနောင် စစ်ဆင်ရေး"မှာ TNLA ဘက်က အပြည့်အဝ ပူးပေါင်းပါဝင်ပြီး တိုက်ခိုက်ပေးနေတယ်လို့ မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အော်စမွန် ပြောကြတဲ့ သတင်း မြင်တွေ့ကြားသိလိုက်ရတယ်။

ဇူလိုင်လ ၁၅ ရက်ကနေ စက်တင်ဘာလ( ၁၀ )ရက်အထိ မန္တလေးတိုင်း မတ္တရာ၊ မိုးကုတ်နဲ့ ရှမ်းပြည်(မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ TNLA နဲ့ မန္တလေး PDF တွေရဲ့ ကနောင် စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီး  ၂ ယောက်၊ စစ်ကြောင်းမှူး ၁ ယောက်၊ ဒုစစ်ကြောင်းမှူး ၁ ယောက်နဲ့ တပ်သား ၇၆ ယောက်၊ စုစုပေါင်း ၈ဝ ယောက် သေဆုံးခဲ့တယ်လို့ မန္တလေး PDFက (၂၀၂၃) ခုနှစ် စက်တင်ဘာလ ၁၁ ရက် ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

“ ၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်...

၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်...

၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်...

၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်...”ဆိုတဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဋ္ဌာန် (၄) ချက်နဲ့ ဆောင်းပါးကို နိဂုံးချုပ် ကမ္ပည်းတင် ရေးသားလိုက်ရပါတယ် ။ ။


(နေချိုသွေး)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar