သီအိုဇော် - ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း
သီအိုဇော် - ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း တစေ့တစောင်း
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၃
အစိုးရအဖွဲ့သစ်တခုရဲ့ နိုင်ငံခြားရေးမူဝါဒဆိုတာမျိုးက ကက်ဘိနက်မှာပါတဲ့ နိုင်ငံခြားရေးဝန်ကြီး တဦးတည်းနဲ့ မသက်ဆိုင်တာကို သဘောပေါက်ထားပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်းကိုတော့ စိတ်ဝင်တစား ရှိမိပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံချင်းဖြစ်ရုံမျှသာမကပဲ၊ အိမ်နီးချင်းနိုင်ငံတခု၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများထဲက တောင်မှ ဒီနွေဦးတော်လှန်ရေး အပါအဝင် အာဏာရှင်တော်လှန်ရေး အစဉ်အဆက်မှာ တော်လှန်ရေးအင်အားစုများ၊ စစ်ဘေးရှောင်ပြေးကြရသူများအတွက် အတိုင်းအတာ တစုံတခုအထိ နားခိုစုဖွဲ့နိုင်တဲ့ အခွင့်အရေးပေးထား နိုင်ငံဖြစ်လို့ ဒီနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ်အကြောင်း သိချင်စိတ် များခဲ့ပါတယ်။
ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်းရှင် ဝန်ကြီးချုပ် ဆက်ထာသာဗီဆင်’(Srettha Thavisin) ဦးဆောင်တဲ့ ကက်ဘိနက်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်တဦး ဖြစ်လာသူကတော့ Dr. Parnpree Bahiddha-Nukara လို့ သိရှိရပါတယ်။ သတင်းမီဒီယာတွေဆီက ထိုင်းအသံထွက် အတိအကျ မကြားသိရသေးချိန်မှာ ‘ပန်ပရီ ဘဟီဒါ နုကရာ’ လို့ပဲ ရေးထားလိုက်ပါဦးမယ်။ အသက် (၆၆) နှစ်ရှိသူ ပန်ပရီဟာ ဖွေ့ထိုင်းပါတီရဲ့ ဒုတိယ ခေါင်းဆောင်ဟောင်းတဦး ဖြစ်ခဲ့ပြီး နောက်ဆုံးပါတီတာဝန်ကတော့ ဖွေ့ထိုင်းပါတီရဲ့ စီးပွားရေး အကြံပေး ဖြစ်ပါတယ်။
ချူလာလောင်းကောင်းတက္ကသိုလ်က ဥပဒေဘွဲ့ရတဦးဖြစ်ပြီး University of Southern Californiaက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနဲ့ မဟာဘွဲ့၊ Claremont Graduate University (CGU)က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့တို့ကို ရယူထားသူလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်များ ဖြစ်ခဲ့ကြတဲ့ ပရမ်တင်ဆူလာနွန်ဒါနဲ့ ချက်တီချိုင်း ချွန်ဟာဗန် လက်ထက်မှာ ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးရုံးရဲ့ မူဝါဒနဲ့ မဟာဗျူဟာ ညှိနှိုင်းရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ဇနီးဖြစ်သူ ပဝီးနာ (Paweena Bahiddha-Nukara)က ချက်တီချိုင်းရဲ့ မြေးတော်စပ်တယ်လို့ Thai PBS WORLD မှာ ဖော်ပြထားပါတယ်။ ၁၉၉၁ ခုနှစ်မှာ ချက်တီချိုင်း အာဏာသိမ်းခံရပြီး ယူကေနိုင်ငံမှာ သွားနေတော့ ပန်ပရီလည်း အလုပ်က ထွက်ပြီး အတူသွားရောက်နေထိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ချက်တီချိုင်း ပြန်ရောက်လာပြီး Chart Pattana ပါ တီကို တည်ထောင်ပါတယ်။ နောက်ပိုင်း သက်ဆင် အာဏာရစဉ်မှာ Chart Pattana ပါတီနဲ့ သက်ဆင်ရဲ့ Thai Rak Thai ပါတီနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။
ပန်ပရီရဲ့ နောက်ခံနိုင်ငံရေးလှုပ်ရှားမှုကို ပြန်ကြည့်ရင်တော့ Chart Pattana ပါတီရဲ့ အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် ၁၉၉၅-၉၈ ခုနှစ် ကာလများက တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်များရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့တာတွေကို ကောက်နုတ်ဖော်ပြရရင် ၁၉၉၆-၉၇ ခုနှစ်မှာ ထိုင်းဝန်ကြီးချုပ် ချောင်ဗာလစ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားရေးရာ အကြံပေး၊ ၁၉၉၉-၂၀၀၀ခုနှစ်မှာ စက်မှုလုပ်ငန်းဝန်ကြီးရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ပါတယ်။
၂၀၀၁-၂၀၀၃ ခုနှစ်မှာတော့ Chart Pattana ပါတီရဲ့ ဒုတိယ အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။ အဲဒီ ကာလမှာပဲ ဝန်ကြီးချုပ်ရုံး ဝန်ကြီးရဲ့အကြံပေး (၂၀၀၂)၊ အလုပ်သမားဝန်ကြီးရဲ့အကြံပေး (၂၀၀၂-၀၃)၊ ဒုဝန်ကြီးချုပ်ရဲ့ အကြံပေး (၂၀၀၂-၀၃)တို့ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၂-၀၃ခုနှစ်မှာ လွှတ်တော်အမတ်ဖြစ်လာပြီး နိုင်ငံခြားရေးရာကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ Chart Pattana ပါတီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်လာပါတယ်။
၂၀၀၃-၀၅ ခုနှစ်မှာတော့ လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် သက်ဆင်အစိုးရအဖွဲ့မှာ ပါဝင်လာပါတယ်။ ၂၀၀၅-၀၆ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖြစ် BIMSTEC ၇ နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါလ်၊ ဘူတန်၊ ထိုင်းတို့အကြား ကုန်သွယ်ရေးလွတ်လပ်မှု သဘောတူစာချုပ်များ ချုပ်ဆိုဖို့ ကြိုးပမ်းရာမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဒုဝန်ကြီးချုပ်ရဲ့ အကြံပေးအဖြစ် လုပ်ဆောင်ခဲ့သလို ၂၀၀၈-၁၀ ပြည့်နှစ်အတွင်းမှာ ဖွေ့ထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။
ပန်ပရီက အာရှပစိဖိတ်ဒေသတွင်းဆိုင်ရာ သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာ ဥပဒေတို့ကို လေ့လာဆည်းပူးနိုင်ဖို့ ရည်ရွယ်ထားတဲ့ သမာဆက် တက္ကသိုလ်ရဲ့ Master of Arts in Asia-Pacific Studies (MAPS) အတွက် ဩစတြေးလျ၊ ယူအက်စ်တက္ကသိုလ်များက ပါမောက္ခအချို့လည်း ပါဝင်တဲ့ အကြံပေးဘုတ်အဖွဲ့ မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ သမာဆက်တက္ကသိုလ်ရဲ့ Thammasat Institute of Area Studies (TIARA) မှာလည်း သူက ဘုတ်အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။
သူဟာ ထိုင်းနိုင်ငံက အထင်ကရ စီးပွားရေးလုပ်ငန်းကြီးတွေမှာလည်း ရာထူးအမျိုးမျိုးယူပြီး လုပ်ကိုင်ခဲ့ဖူးတာကို သတိထားမိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံနဲ့ မစိမ်းတဲ့ ကုမ္ပဏီတွေလည်း တွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက သူ ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့တဲ့ Amata VN Public Company Limited ဆိုရင် မြန်မာနိုင်ငံမှာ Amata City Yangon၊ Yangon Amata Smart & Eco City ပရောဂျက်ကို Amata Asia Company Limited အနေနဲ့ စတင်ပြီး ဖြစ်တယ်လို့ နားလည်ရပါတယ်။
နိုင်ငံပိုင် PTT Public Co.,Ltd ဆိုတာ နိုင်ငံတကာက သိရှိတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းပါ။ ကုမ္ပဏီလုပ်ငန်းစု တွေထဲမှာ ပါဝင်တဲ့ PTTEP မြန်မာ့စီမံကိန်းကတော့ ရတနာ၊ ရဲတံခွန်၊ ဇောတိက စီမံကိန်းများနဲ့ စွမ်းအင်ရေနံ ကဏ္ဍမှာ မြန်မာပြည်သူများအကြား လူသိများပါတယ်။ ပန်ပရီက မိခင်ကုမ္ပဏီ PTT Public Co.,Ltd ရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၃-၁၄ ခုနှစ်များမှာ လုပ်ဆောင်ခဲ့ပါတယ်။ ဖွေ့ထိုင်းပါတီ ယင်လတ်အစိုးရဆီက ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ပရာယွတ် ချန်အိုချာ အာဏာသိမ်းပြီးနောက် ၂၀၁၄ ခုနှစ် ဇွန် ၁၅ ရက်နေ့မှာ သူရာထူးက နုတ်ထွက်ခဲ့ပါ တယ်။
ဒီအချက်အလက်တွေကို ထောက်ရရင်တော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ်ဟာ ဒီရာထူး ခန့်အပ်မခံရမီကတည်းက ထိုင်း-မြန်မာ စီးပွားရေး ပလက်ဖောင်းကနေတဆင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအမြင်နဲ့ ရှုမြင်ကျွမ်းဝင်ခဲ့ပြီး ဖြစ်တယ်လို့ မှတ်ချက်ချရမလိုပါပဲ။ အခုအခါမှာတော့ စီးပွားရေးမျက်လုံးတွေနဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို ဆန်ကာစစ် ချလေမလား ဆိုတာလည်း သတိထား စောင့်ကြည့်ရမယ် ထင်ပါတယ်။
ပရာယွတ် အိမ်စောင့်အစိုးရက ဇွန်လအတွင်း ကမကထပြုလုပ်ပေးခဲ့တဲ့ Track 1.5 နဲ့ပတ်သက်ပြီး အာဆီယံ မူဝါဒနဲ့ ဆန့်ကျင်ပြီး မလိုအပ်တာ၊ အဆောတလျင် မလုပ်သင့်တာကို လုပ်ခဲ့တယ်ဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးခဲ့သလို၊ ထိုင်းနိုင်ငံက အာဆီယံအခန်းကဏ္ဍကို ထောက်ခံသင့်တယ်လို့ Thai PBS WORLDကို ပြောကြားခဲ့ဖူးပါ တယ်။ ဒီလိုပြောတာဟာ ပရာယွတ်တို့ Track 1.5 ဆောင်ရွက်တာကို သဘောမကျတာလား၊ ဒါမှမဟုတ် Track 1.5 ကိုပဲ သဘောမတွေ့တာလား ဆိုတာကလည်း မကြာမီ အဖြေပေါ်ပါလိမ့်မယ်။
အစိုးရသစ်တခုရဲ့ ကနဦးကာလ၊ ဘာခြေလှမ်းတစုံတရာမှ တရားဝင် မတွေ့မြင်ရသေးခင်မှာ ကောက်ချက်ချမစောဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ပရာယွတ်ချန်အိုချာ ပါခဲ့တဲ့ United Thai Nation(UNT) ပါတီ၊ ပရာဝစ်ဝေါင်ဆူဝမ်ရဲ့ Palang Pracharat(PPRP) ပါတီတို့ ပါဝင်တဲ့ ထိုင်းအစိုးရသစ်အနေနဲ့ ဖိထာတို့ Move Forward Partyရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်ရှုမြင်ပုံများနဲ့ ကွဲပြားနေနိုင်တာကိုတော့ အရှိတရားတခုအဖြစ် မှန်းဆ လက်ခံထားကြရမယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar