ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အညာဆီ အညာသွေးနဲ့ အညာပြည် အညာအရေး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အညာဆီ အညာသွေးနဲ့ အညာပြည် အညာအရေး
(မိုးမခ) စက်တင်ဘာ ၈ ၊ ၂၀၂၃
ငါတို့အညာမှာ ဘာမှ မရှိတော့ဘူး။ ဘာမှ မကျန်တော့ဘူး။ ရွာတွေအကုန်လုံး မီးတိုက် ခံလိုက်ရတဲ့နောက်မှာ လက်မှုပစ္စည်းဆိုတာမျိုး မရှိတော့ဘူး။ ရှေးက ထိန်းလာတဲ့ ဘာပစ္စည်းမှ မကျန်တော့ဘူး။ ရှေးဟောင်းလက်ရာတွေဆို လှည်းတောင် မကျန်တော့ဘူး..နော်။
ဘာဆိုဘာမှ အညာမှာ မကျန်တော့ဘူးလို့ ပြောရင်ရတယ်။ အဲဒီ မီးရှို့ခံလိုက်ရတဲ့အထဲမှာ စိတ်တွေပါ ဘယ်လောက် လောင်မြိုိုသွားမလဲဆိုတာ မှန်းမရဘူး။ အကောင်းမြင်စိတ်တွေ၊ ချစ်ခင်စိတ်တွေ၊ ညှာတာစိတ်တွေ၊ ဖေးမစိတ်တွေ၊ သိသိ မသိသိ ဖော်ရွေစိတ်တွေ၊ ပြုံးပြဖို့ ဝန်မလေးတဲ့စိတ်တွေ၊ သိသိ မသိသိ အိမ်ထမင်းခေါ်ကျွေးတဲ့ သဘောထားတွေ၊ အညာမှာ အဲဒါတွေရော အကုန်လောင်မြိုိုသွားလား။
အဲဒီတော့ အညာက မီးတိုက်ခံလိုက်ရတာ အိမ်တွေတင်မဟုတ်ဘူး။ အညာယဉ်ကျေးမှုကြီးတခုလုံး မီးတိုက်ခံလိုက်ရတာ။ ပြန်ပြီးတော့ တည်ဆောက်တဲ့အချိန်မှာလည်းပဲ ရွာခွဲတွေ အများကြီး ပေါ်လာမှာပေါ့။ အနီရွာ၊ အစိမ်းရွာ၊ ပျူရွာ၊ မပျူရွာ မျိုးစုံကွဲသွားမှာပေါ့။ အညာက ပုံရိပ်အဟောင်းတွေ တခုမှ မြင်ရတော့မှာ မဟုတ်တော့ဘူး။ အကုန်ပြောင်းသွားမယ် မြင်ကွင်းတွေက။ အခုယာယီအစားထိုးထားတဲ့ ထန်းတဲနေရာတွေက modular house တွေ ရောက်ချင်ရောက်လာမှာပေါ့။ ဒါတွေပဲ ရောက်လာရမှာပေါ့။ သံဖရိန်တွေနဲ့ ဖြစ်သွားမှာပေါ့။ ရှိတဲ့ ထန်းပင်လေးတွေလည်း တိုင်လုပ်၊ တန်းလုပ်ထားတာ ဆိုတော့ ကုန်သွားမှာပေါ့လေ။ စစ်ပြီးသွားရင် ဘာမှကျန်မှာ မဟုတ်တော့ဘူး။
အညာမြင်ကွင်း၊ အညာရှုခင်း ပျောက်သွားရင် အညာရနံ့လည်း လွှင့်သွားမှာပေါ့။ အညာရနံ့ လွှင့်သွားရင် အညာအပြုံးနေရာမှာ အညာအမုန်း ဝင်ချင်လည်း ဝင်လာမှာပေါ့။ အညာဆိုတာ မြန်မာပဲ။ မင်းအောင်လှိုင်နဲ့ စစ်တပ်က မြန်မာ့ယဉ်ကျေးမှုကြီးတခုလုံး မီးတိုက်ပစ်လိုက်တာ။ တိုင်းရင်းသားတွေနဲ့ မြန်မာကြားမှာ ရှိနေတဲ့ အာဃာတ တရားတွေပါ လောင်ကျွမ်းသွားတာကတော့ အမြတ်ပေါ့လေ။
အေး.. စစ်အာဏာသိမ်းပြီဆိုရင် ခေတ်ကြီးတခုလုံး ကောက်ရွှေ့ခံလိုက်ရတာကိုး။ အခုက ခေတ်ကြီးတင်မကဘူး၊ ယဉ်ကျေးမှုကြီးတခုလုံးပါ ကောက်ရွှေ့ခံလိုက်ရတဲ့သဘော ဖြစ်သွားတယ်။ စစ်အာဏာ သိမ်းလိုက်ပြီဆိုမှတော့ အရင်အဟောင်းတွေ စဉ်းစားပြီး သိပ်ဖက်တွယ်ထားလို့ မရတော့ဘူး။ ပါတီနိုင်ငံရေးဆိုတာတောင် ပြန်လာချင်မှ လာတော့မှာပေါ့။ ကိုယ့်နိုင်ငံက ဘယ်လိုပုံစံနဲ့ ပြန်ဖြစ်ပေါ်လာမလဲဆိုတာ မှန်းမရသေးဘူး။ ကောင်းတာကတော့ ရှေးကတည်းကနေ စစ်ဘုရင်တွေ ကြီးစိုးလာတဲ့ စနစ်ဆိုးကြီးတခုလုံး ကျွဲကူးရေပါ တွန်းလှန်ခွင့်ရမယ်ဆိုရင် အကောင်းဆုံးပါပဲ။ မြန်မာပြည်မှာ လက်နက်ကိုင် ဗိုလ်ကျမှုမှန်သမျှ ဆုံးခန်းတိုင်အောင် ရည်မှန်းရမှာပ။ လက်နက်ကိုင်လူလည်ကျတဲ့ ဇာတ်မျောကြီးတွေပါ တခန်းရပ်ရမယ်လေ။ မဟုတ်ရင် တိုင်းရင်းသားဒေသတွေလဲ ဘယ်လိုလုပ် နာလန်ထူတော့မလဲ။ ဘယ်လိုလုပ် မိသားစုထမင်းဝိုင်းဆိုတာ ရှိလာအုံးမှာလဲ။ အညာမှာလည်း လက်နက်ကိုင်တော်လှန်ရင်း လက်နက်ကိုင် ဗိုလ်ကျမှုအသစ်တွေတောင် ခေါင်းပြူလာပြီဆိုဘဲ။ တိုင်းရင်းသားဒေသတွေ ကြုံရတဲ့ အဖြစ်ဆိုးမျိုးတွေ အညာကို သွင်းမလာကြနဲ့တော့။ နူရာဝဲစွဲ လဲရာသူခိုးထောင်း မလုပ်ကြပါနဲ့တော့။
စစ်အာဏာသိမ်းတာဟာ လက်ရှိအနေအထားကို ကောက်ရွှေ့ပစ်လိုက်တာ ဆိုတော့ ဘာသာရေးပိုင်းလည်း ပြောင်းသွားမှာပဲလေ။ ဘာသာတွေက အိမ်ဦးခန်းမှာ ထိုင်ပြီးတော့ စားဦးစားဖျား ထိုင်စားတဲ့ အဆင့်တော့ ဆက်နေလို့ မဖြစ်တော့ဘူးပေါ့လေ။ အားလုံးက ဒိုးတူဘောင်ဘက် ရုန်းကန်ရတော့မှာပေါ့။ ဘုန်းကြီးတွေ၊ သီလရှင်တွေက ပညာတတ်ကြတာပဲ။ ပညာတတ်ကြတာဆိုတော့ ကိုယ်တတ်တဲ့ပညာကို ပြန်သင်ပေးရမှာပေါ့။ အဲဒီအလုပ်ကို ဒိုးတူဘောင်ဘက် လုပ်ကြရမှာပေါ့။ ပြန်လည်ထူထောင်ရေးမှာ သံဃာ့မေတ္တာတွေ ထည့်ရမှာပေါ့။ အားလုံးအတူတူ ပြန်ထောင်ကြရမယ်။
ငါက ဘုန်းကြီးပဲ၊ ငါက အရိယာအတန်းစားပဲ ဆိုပြီးတော့ ထိပ်မှာ တက်ထိုင်နေတဲ့ ယဉ်ကျေးမှု အစဉ်အလာတော့ လျှေ့ပစ်ရမှာပေါ့။ ကိုယ့်စံနှုန်းတွေ ကိုယ်လျော့ရမှာပေါ့။ ကိုယ်က လူထဲမှာ တသားတည်း ဖြစ်ရမှာလေ။ လူတွေရဲ့ ဒုက္ခ၊ သုက္ခတွေကို တတန်းတည်း ထားပြီး၊ တတန်းတည်း ခံစားပြီးတော့ ဘုန်းကြီးတွေက ရပ်ရေး၊ ရွာရေး၊ ပညာရေး ကူရမှာပေါ့။ ဘုန်းကြီးတွေရဲ့အဆက်အစပ်နဲ့ ဘုန်းကြီးရဲ့ ကျောင်းတွေမှာ Non-Formal Education တွေ လုပ်ရမှာပေါ့။ အတန်းအတိုင်းသွားနေရင် အကုန်နောက်ကျသွားပြီလေ။ မရတော့ဘူး။ အညာပညာရေးက အကုန်ပြတ်သွားတာကိုး။
အဲဒီတော့ အညာပညာရေးကို ခေတ်ပညာတတ်ဘုန်းကြီးတွေနဲ့ ပူးပေါင်းရမှာပေါ့။ အဲဒီလိုလုပ်တဲ့အခါမှာ နိဗ္ဗာန်ရောက်ကြောင်းတွေတော့ လျော့ပေါ့။ မင်္ဂလသုတ်ကို ကျယ်ကျယ်ပြန့်ပြန့် ခံစားနားလည်ရင် တော်ပါပြီ။ မေတ္တသုတ်အပေါ်မှာ ရွာတွေကို ပြန်တည်ဆောက်နိုင်ရင် တော်ပါပြီ။ တခြားဟာတွေ မလိုပါဘူး။ ဒီနှစ်သုတ် အားကောင်းသွားရင် ရတနသုတ်က သူ့ဘာသူ အားကောင်းလာမှာပေါ့။ ဒီနှစ်သုတ် အားမကောင်းရင် ရတနသုတ်လည်း ပျက်မှာပေါ့။ ရတနာသုံးပါးက ကိုးကွယ်ရာ ဘယ်ဖြစ်မလဲ။ ဒုက္ခ၊ သုက္ခတွေကို အတူတူမျှဝေ မခံစားဖူးဆိုရင် ရတနာသုံးပါးကလည်း လူတွေနဲ့ တခြားစီ ဖြစ်သွားမှာပေါ့။
အကုန်ပြောင်းသွားပြီ။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဘာမှ မကျန်တော့ဘူး။ ယဉ်ကျေးမှုတွေ ပြောင်းသွားပြီ၊ အတွေးအမြင်တွေ ပြောင်းသွားပြီ၊ အဆောက်အအုံတွေ ပြောင်းသွားပြီ၊ စိတ်နေစိတ်ထားတွေ ပြောင်းသွားပြီ၊ ဆက်ဆံပုံတွေ ပြောင်းသွားပြီ၊ ဘာမဆို ပြောင်းသွားပါပြီ။ ဘယ်လိုမှ ပြန်မရနိုင်တဲ့အရာတွေ ရှိသလို၊ မီးလောင်တိုက်သွင်းလို့ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့အရာတွေ ရှိသလို၊ ဘယ်လိုမှကို ပြန်မရနိုင်တော့တဲ့ ယဉ်ကျေးမှုတွေ၊ ဆက်ဆံရေးတွေ အများကြီးရှိပါတယ်။
အညာဟာ ပြာဖြစ်သွားပါပြီ။ ပြာပုံထဲက ပြန်ထရတဲ့ အညာဟာလည်းပဲ အဆင်တန်ဆာတမျိုးနဲ့ပဲ ထွက်လာတော့မှာပါ။
အညာရေ....
အညာဓလေ့တွေ လွှမ်းပါအုံးမလား၊ အညာအငွေ့တွေ သန်းပါအုံးမလား၊ အညာအတွေ့တွေ ကျန်းမာအုံးမလား။
အညာတခွင်မှာ အညာအဆင်တွေ မြင်ရပါအုံးမလား။
အညာတကြောမှာ အညာအပြောတွေ သောသောညံပါအုံးမလား။
အညာတခိုမှာ အညာအပျိုတွေလဲ ကပိုကယိုတွေပျောက် မငိုမကြောက် မိုင်းဖောက်နေကြရ။
စပါးအရေး နွားအရေးထားလို့ သားမြေးများနဲ့ အဘိုးတို့လည်း ဓားသွေးနေရ။
အဘွားလည်း နားက နားကပ်ကို သေနတ်လုပ်ပြီ။
အမေလဲ လည်ဆွဲကို တိုက်ပွဲအတွက်လှူ သားကို ကူရပြီ။
အညာရေ...
အညာအတွေးရှင်းရှင်း အညာအသွေးဝင်းဝင်း အညာအရေးအချင်းချင်း သင်းပင်းနှီးနှော ပြောဆိုနိုင်ကြပါစေ။
ထန်းရည်တမြူ သောက်တော်မူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar