စစ်ကောင်စီ ထိန်းချုပ်နယ်မြေ လျော့နည်းလာခြင်းနဲ့ နောက်တဆင့်
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၂၃
စစ်ကောင်စီ ထိန်းချုပ်နယ်မြေ လျော့နည်းလာခြင်းနဲ့ နောက်တဆင့်
ပြီးခဲ့တဲ့ ၂နှစ်ခွဲကျော်ကာလအတွင်း လက်နက်ကိုင် တော်လှန်ရေး ကျယ်ပြန့်လာတာနဲ့ အမျှ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းလျော့ပါးလာတာ တွေ့ရမှာဖြစ်ပါတယ်။ ခုရက်ပိုင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနလက်အောက်က စာသင်ကျောင်း အရေအတွက် ရာဂဏန်းနဲ့ချီပြီး ကေအန်ယူထိန်းချုပ်မှု အောက်ကို ရောက်ရှိလာတယ်လို့ ဖေါ်ပြထားတာ သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီနေရာတွေကတော့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့က ကေအန်ယူ ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေက စာသင်ကျောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ ဒူးပလာယာ၊ ဖားအံနဲ့ တနင်္သာရီ ခရိုင်ထဲက ကျောင်းပေါင်း ၃၇၀ ကျော် ကေအန်ယူ အဖွဲ့အစည်းရဲ့ ကရင်ပညာရေး နဲ့ ယဥ်ကျေးမှု ဌာ KEDC လက်အောက် ရောက်ရှိလာတယ်လို့ ဖေါ်ပြပါရှိတာဖြစ်ပါတယ်။
ကေအန်ယူအနေနဲ့ စစ်အာဏာမသိမ်းမီကာလတွေ ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ကာလနဲ့ နှိုင်းယှဥ်ရင် ၃ ဆတိုးတဲ့ အရေအတွက်ရှိတဲ့ ကျောင်းတွေကို ယခုအခါ ထိန်းသိမ်းစီမံလာရတယ်လို့လည်း ဆိုပါတယ်။ ယခင်က ကျောင်းပေါင်း ၃၈၀ ကျော်သာ စီမံရတဲ့ အနေအထားကနေ အခုအခါ ကျောင်းပေါင်း ၉၀၀ ကျော်ကို စီမံလာရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီလို စာသင်ကျောင်းရာချီတိုးပြီး ရောက်ရှိလာတဲ့ ဒေသတွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေလည်း အများအပြားပါဝင်တာ ဖြစ်ပါတယ်။ တဖက်မှာ ကရင်ပြည်နယ်မှာ စစ်ဘေးရှောင် ဦးရေ ၆ သိန်း ၃ သောင်းကျော် ထိတိုးမြင့်လာနေပြီး စစ်အာဏာမသိမ်းမီကာလ နဲ့နှိုင်းယှဥ်ရင် ၁၈ ရာနှုန်းကျော် တိုးမြင့်လာတာလည်း ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် တိုးပွားလာတဲ့ ကျောင်းအရေအတွက်တွေ ရှိရာ ဒေသတွေမှာ အားလုံးဟာ အေးချမ်းစွာ သို့မဟုတ် တည်ငြိမ်စာ ပညာသင်ကြားနေနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်သေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ကနေ ကေအန်ယူ လက်အောက်ကို ရောက်လာတဲ့ စာသင်ကျောင်းတွေ အတွက် ကေအန်ယူ အနေနဲ့ ပညာရေး အသုံးစရိတ်တွေလည်း ထောက်ပံ့ပေးရမယ့် တာဝန်လည်း တဖက်မှာရှိလာတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ကြည့်ရင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့က လက်နက်ကိုင် ပဋိပက္ခ ကျယ်ပြန့်လာခြင်း၊ ကေအန်ယူ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခြင်းနဲ့ ပညာရေး အခြေအနေတို့ကို ဆက်စပ် နေတဲ့ အခြေအနေဖြစ်ပြီး ဒီဒေသမဟုတ်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တွေမှာ ဘယ်လို စီမံခန့်ခွဲနေကြသလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်း တနင်္သာရီတိုင်း မန္တလေးတိုင်း ရဲ့အချို့သော ဒေသတွေ အဖို့ ပညာရေး ဌာန သီးခြားမရှိကြသလို အုပ်ချုပ်မှု အာဏာလည်း တခုထည်းအောက်မှာ မရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဒေသတွေမှာ ပညာရေး ကဏ္ဍက ဘယ်လို စီမံခန့်ခွဲနေကြသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရံပုံငွေ၊ ပညာရေး အသုံးစရိတ် စတာတွေ၊ ကျွမ်းကျင်သူ ဝန်ထမ်း၊ နယ်မြေ လုံခြုံရေးက ပညာသင်ကြားနိုင်လောက်တဲ့ အနေအထားရှိ မရှိ စတဲ့ အကြောင်းအချက်ပေါင်းများစွာ ပေါ်မှီတည်နေလိမ့်မယ်လို့ ယူဆရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်နယ်မြေ လျော့ပါးလာခြင်း နဲ့ အတူ အဲဒီနေရာတွေကို နေရာဝင်ယူတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေး အခွန်အကောက် စတာတွေမှာ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့လည်း လိုအပ်လာမှာဖြစ်ပါတယ်။ လစ်ဟာသွားတဲ့ နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး တို့ကို ဘယ်လို စီမံအုပ်ချုပ်ကြမလဲ၊ လက်ကန်ကိုင် တိုက်ခိုက်ရေးကာလမို့လို့ လက်နက်ကိုင် တိုက်ပွဲသည်သာ နံပါတ် ၁၊ လက်နက်ကိုင် တိုက်ပွဲသည်သာ နံပါတ် ၂၊ လက်နက်ကိုင် တိုက်ပွဲသည်သာ နံပါတ် ၃ ဆိုတဲ့ သဘောမျိုးနဲ့ ကျန်တဲ့ အရေးကိစ္စတွေကို မစီမံနိုင်တာ ဘဏ္ဍာငွေ မရှိတာလည်း ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနိုင်ပါတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဖတ်ရှုရတဲ့ ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့ သတင်းတပုဒ်မှာတော့ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ ကျောင်းတက်ရောက်သူ မရှိသလောက် ကျဆင်းနေတဲ့ အကြောင်း ဖတ်ရှုရပါတယ်။ စစ်ကောင်စီ ကျောင်းတွေက ဆရာ၊ ဆရာမတွေ စီဒီအမ်လုပ်ကြတဲ့ အချက်ကလည်း စစ်ကောင်စီ ပညာရေးမလည်ပတ်နိုင်ခြင်း ရဲ့ အကြောင်းတချက် ဖြစ်နိုင်ပြီး အုပ်ချုပ်ရေးအရ အာမမခံနိုင်ခြင်းက အဓိက အကြောင်း အချက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
စစ်ကိုင်းတိုင်း အနေနဲ့ ပညာရေးအပိုင်းမှာ ဘယ်လိုလုပ်ဆောင်နေသလဲ ဆိုတဲ့အချက်အလက်တွေ သတင်းတွေမှာ မတွေ့ရှိရသလို ကျေးရွာအလိုက် ဒေသအလိုက် တာဝန်ယူ ဖွင့်လှစ်နေကြတာမျိုးလည်း ရှိနိုင်သလို ကျောင်း မဖွင့်နိုင်ပဲ ပိတ်ထားရသည့် ကျေးရွာ နယ်မြေတွေလည်း ရှိကောင်း ရှိနိုင်တာ ဖြစ်ပါတယ်။
စစ်ရေး လက်နက်ကိုင် တိုက်ပွဲ နယ်မြေ ထိန်းချုပ်ရေး နဲ့ လက်နက်ကိုင် တိုက်ပွဲအတွက် လိုအပ်တဲ့ ရံပုံငွေ အသုံးစရိတ်ရရှိရေးကလည်း အရေးပါသလို နှစ်နဲ့ချီ ရှည်ကြာလာတဲ့ အနေအထားမှာ ပညာရေးလို လူငယ်တွေအတွက် အနာဂတ် ရင်းနှီးမြှုပ်နှံမှု အပိုင်းကိုလည်း ထည့်သွင်းစဥ်းစားကာ မူဝါဒ ချပြီး လုပ်ဆောင်ဖို့ အရေးကြီးတဲ့အချက်က ထင်ရှားလာနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar