ခွန်ကကြီး - ပအို့ဝ်လူငယ်နဲ့ ဆေးပြား၊ စစ်သားစုဆောင်းမှုနဲ့ ယိုးဒယားသွားခြင်းမှသည် ပအို့ကွန်မြူနတီ ပြိုကွဲခြင်းဆီ
ခွန်ကကြီး - ပအို့ဝ်လူငယ်နဲ့ ဆေးပြား၊ စစ်သားစုဆောင်းမှုနဲ့ ယိုးဒယားသွားခြင်းမှသည် ပအို့ကွန်မြူနတီ ပြိုကွဲခြင်းဆီ
(မိုးမခ) စက်တင်ဘာ ၂ ၊ ၂၀၂၃
ပင်လောင်းမြို့မဈေးထဲမှာ နှစ်နှစ်အရွယ်ကလေးကို မိခင်က ကျောပိုးပြီးတော့ စျေးဝယ်နေတုန်း အဲဒီသမီးကလေး ခေါင်းကို ဆေးကြောင်နေတဲ့ ကောင်တစ်ကောင်က ဓားနဲ့ ခုတ်သတ်လိုက်တာ သေသွားရော။ ကိုယ့်ကလေးကို ကိုယ့်ရှေ့မှာ အဲဒီအခြေအနေဆိုးနဲ့ မြင်နေရတဲ့ မိခင်တယောက်ရဲ့နေရာမှာ ဘယ်လိုမှ နေကြည့်လို့ မရပါဘူး။
တကယ်တော့ ပအို့ဝ်ဒေသမှာ မူးယစ်ဆေးစွဲနေတဲ့သူတွေ၊ သုံးနေတဲ့သူတွေ အများကြီးရှိတယ်။ အဲဒီ မူးယစ်ဆေးတွေ ဘယ်သူဖြန့်လဲဆိုရင် အဓိကက PNO က ဖြန့်တာ။ PNO က မူးယစ်ဆေးဝါး ကို သူတို့ ဖြန့်တယ်၊ သူတို့ ရောင်းတယ်။ သူတို့ ဖမ်းတယ်။ ဖမ်းပြီးရင် သူတို့က ဘာလုပ်လဲ။ သူတို့က ငွေတောင်းတယ်၊ ငွေမပေးနိုင်ရင် PNO ပြည်သူ့စစ်သင်တန်းမှာ ထည့်ပစ်လိုက်တယ်။ သူတို့က ငွေရရင် ရ၊ မရရင် စစ်သား ရမယ်။ အဲဒါမျိုးလုပ်တာ။
တကယ်တမ်းတော့ မူးယစ်ဆေးက သူတို့တွေပဲ ဖြန့်တာ။ သူတို့တွေပဲ ရောင်းတာ။ အဲတော့ ဘယ်သူတွေ လာဝယ်တယ်၊ ဘယ်သူတွေ သုံးနေတယ်ဆိုတာ သူတို့က အကုန်သိတယ်။ သွားဖမ်းတယ်။ ပုံမှန် ပအို့ဝ်တွေ ထူပြောတဲ့နေရာမှာဆိုရင် တစ်ယောက်ကို သိန်း ၂၀ နဲ့ ရွေးခိုင်းတယ်။ ဟို အင်းလေးဘက်တို့ ဘာတို့ဆိုရင် သိန်း ၈၀ အထိ တောင်းတာတွေ ရှိတယ်။ အဲဒီဘက်တွေကျတော့ ပအို့ဝ်နည်းတယ်။ ပအို့ဝ် နည်းတယ်ဆိုပေမယ့် PNO က ကြီးစိုးထားတဲ့နေရာတွေ။ PNO က အဲလို လုပ်နေတယ်။ အဓိက မူးယစ်ဆေးကို သူတို့ ဖြန့်တယ်၊ ဖြန့်ပြီး သုံးတဲ့သူတွေကို သူတို့ပဲ ပြန်ဖမ်းတယ်။ ဖမ်းပြီးရင် ပြန်ပေးသဘောမျိုး ပိုက်ဆံတောင်းတယ်။ ပိုက်ဆံပေးရင် လွှတ်ပေးတယ်။ ပိုက်ဆံကလည်း နည်းနည်းနောနောမဟုတ်ဘူး။ ကြမ်းခင်းဈေးက သိန်း ၂၀။ မပေးနိုင်ရင် အဲဒါတွေကို ပြည်သူ့စစ်ထဲမှာ ထည့်တယ်။ သူတို့က အဲဒီလို လုပ်တာကို။ ဒါ ပအို့ဝ်ဒေသအနှံ့ ပုံစံတူဖြစ်နေတဲ့ပြဿနာ။
အခု ပအို့ဝ်မိဘတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ သူတို့သားတွေကို အကုန်လုံးက ထိုင်း ပို့ဖို့ပဲ ကြိုးစားနေရတယ်။ မူးယစ်ဆေးဝါးလည်း လွတ်၊ ပြည်သူ့စစ်လည်း လွတ်။ မဟုတ်ရင် သူတို့ရဲ့ ကလေးက ထိုင်းနေတာကမှ အသက်ရှင်ရက် နေနေရအုံးမှာပေါ့။ သူတို့ဆီမှာဆို ဆေးသမားဖြစ်ချင်ဖြစ်၊ မဟုတ်ရင် သေရင်သေပေါ့။ အခုဆိုရင် ပအို့ဝ်ပြည်သူ့စစ်က ကရင်နီနဲ့ တိုက်နေတာ။ သွားတိုက် သေတာပဲလေ။ ဘာမှ အဓိပ္ပာယ်မရှိဘူးပေါ့။ ပအိုဝ့်လူမျိုးတွေအကုန် PNO က ဒုက္ခ ကောင်းကောင်းပေးနေတာ။
အခုဆိုရင် PNO က အစိုးရစစ်တပ်ကို စစ်သားတွေ ပေးနေရတယ်။ အဲတော့ သူတို့က အစိုးရစစ်တပ်ကို မလှန်နိုင်တာလားဆိုရင် ဟုတ်တယ်၊ မလှန်နိုင်ဘူးပေါ့နော်။ PNO ခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးက စစ်တပ်ရဲ့ သေနတ်တကမ်းမှာပဲ ရှိတာကိုးနော်။ အဲလိုဆိုတော့ ဒီစစ်ကောင်စီက တောင်းဆိုသမျှကို သူတို့ ပေးနေရတာပေါ့။ ဒီလိုဆိုရင် PNO က စစ်ကောင်စီပြုသမျှ နုနေရတာလားဆိုရင် ဒီလိုလည်း မဟုတ်ပြန်ဘူး။ သူတို့ဟာ ပြည်သူ့စစ် လုပ်လိုက်တယ်။ ပြည်သူ့စစ်လုပ်လိုက်တဲ့ အခါကျတော့ စစ်ကောင်စီအောက်မှာ လုံးလုံးဝင်သွားတယ်။ စစ်ကောင်စီက သူတို့ထင်သလို တပ်အဖွဲ့ခံတာ မဟုတ်ဘူး။ တပ်အချဲ့ခံတာ မဟုတ်ဖူးလေ။ အကန့်အသတ်နဲ့ထားတာ၊ ထိန်းချုပ်ထားတာပေါ့။ ဒါပေမဲ့ ဒီကနေ့မှာ သူက အာဏာသိမ်းလိုက်တဲ့ အခါကျတော့ သူ့မှာ စစ်သား လိုအပ်ချက်တွေက အများကြီးဖြစ်သွားတယ်။
အထူးသဖြင့် သူ အဓိကတိုက်နေတာ ကရင်နီ၊ ရှမ်းတောင်နဲ့ ဆက်စပ်နေတဲ့ ကရင်နီ။ အဲဒီမှာ သူ အလုံးအရင်းနဲ့ အသည်းအသန် တိုက်နေတယ်။ အဲဒီဒေသကို ထိန်းကွပ်နိုင်အောင် သူက ပအို့ဝ်နဲ့ ကရင်နီနဲ့ ရန်တိုက်ပေးတယ်။ နမ့်နိမ် လုပ်ကြံမှုမျိုးပေါ့။ ပြီးတော့ ပအို့ဝ်စစ်သားတွေကို အဲဒီစစ်မြေပြင်မှာ တော်တော်သုံးလိုက်တယ်။ အဲတော့ PNO ဟာ လူမျိုးတစ်မျိုးနဲ့ ရန်ဖြစ်တဲ့ အနေအထား ရောက်လာပြီ။ ဒါ တော်တော်မကောင်းတဲ့အခြေအနေဘဲ။ ဒါကို ပအို့ဝ်လူကြီးတွေ မသိဘူးလားဆိုရင် အကုန်လုံးသိတယ်။ ဒီလိုဆိုရင် စစ်ကောင်စီ လုပ်သမျှ၊ ခိုင်းသမျှ ဘာလို့လုပ်ပေးနေရလဲဆိုတော့ သူတို့မှာလည်း တကယ်တမ်းတော့ hidden agenda တွေ ရှိတယ်။ စစ်ကောင်စီ စစ်သား မဟားတရားလိုအပ်နေချိန်မှာ ပအို့ဝ်လူငယ်တွေကို စုစည်းခိုင်းပြီးတော့ သူက စစ်သင်တန်းတွေ ပေးရတယ်။ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲမှာဆိုရင် စစ်သား ၆၀၀ ဆင်းတယ်။ မိန်းကလေး စစ်သင်တန်းသူ ၅၀ ကျော်ပါတယ်။ အဲဒီတော့ စစ်သင်တန်းတစ်သုတ်ကို ၆၀၀ လောက်ဆင်းတယ်ဆိုရင် စစ်သင်တန်းက ဘယ်နှသုတ် ဆင်းပြီးသွားမှန်း မသိဘူး။ များလှပြီ။
အဲတော့ စစ်ကောင်စီက သူတို့ကို တရားဝင် စစ်သင်တန်း အလကား လုပ်ပေးရတဲ့ အနေအထားရောက်သွားတယ်။ PNO အဖို့ သူတို့ဟာသူတို့ သင်တန်းပေးခွင့်ရဖို့ မလွယ်ဘူးလေ။ သူတို့ စစ်သားစုဆောင်းဖို့ မလွယ်ဘူး။ တပ်ပြင်ဖို့ မလွယ်ဘူး။ အခုကျတော့ စကစက လိုအပ်ချက်ဖြစ်လာတဲ့အချိန်မှာ သူက ရောကြော်လိုက်တာပေါ့။ စကစကို ကူညီတာလိုလို၊ ထောက်ပံ့တာလိုလိုနဲ့ ပအို့ဝ်စစ်တပ်တစ်တပ်၊ အင်အားရှိတဲ့ တပ်တစ်တပ် ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့၊ သူ့မှာ ဖရီးလုပ်ခွင့်ရသလို ဖြစ်သွားတယ်။ တရားဝင် စစ်သင်တန်း ပေးခွင့်ရသလို ဖြစ်သွားတယ်။ အဲဒါကို စစ်ကောင်စီက ပေးပေးရတာပေါ့။ သူက လိုအပ်နေတာကိုး။
တဖက်က ဘာဖြစ်သွားလဲဆို ပအို့ဝ်မှာ စစ်တပ်အင်အား ကောင်းလာတယ်။ နောင်အနာဂတ်အတွက်ပေါ့နော်။ သူ့ရဲ့ နောင်မှာ နယ်မြေခွဲဝေရေး၊ ဒေသအာဏာလွှမ်းမိုးနိုင်ရေးအတွက် သူ့စစ်အင်အားကောင်းဖို့ လိုတာကိုး။ သူ အဓိက ဆိုင်ရတာ ရှမ်းလေ။ ရှမ်းနဲ့ နောင်မှာ စကားပြောဖို့ဆိုရင် သူ့မှာ စစ်အင်အားလိုတာကိုး။ သူက တချက်ခုတ် နှစ်ချက်ပြတ်ချနေတာ လောလောဆယ်မှာ။
စစ်ကောင်စီမှာကလည်း တကယ်တမ်းကျတော့ ဟန်ကိုယ့်ဖို့ပဲ ရှိတာ။ ဒီအချိန်မှာ ဘယ်လူမျိုးစုနဲ့မဆို ဟန်ကို့ဖို့လေ။ တကယ်တမ်းတော့ ကျားအိုကြီး ဖြစ်နေပါပြီ။ သူ့ကို ဘယ်သူ့မှ စာရင်းထဲ အဲဒီလောက်မထည့်ဘူး။ ကြောင်အို ကြွက်မလေးပေါ့။ တကယ်တမ်းတော့ ပအို့ဝ်တွေက အရူးကွက်နင်းနေတာ။ သူ့ကို ကျိုးနွံချင်ယောင် ဆောင်နေတာ။ သူတို့က တကယ်တမ်းကျ အခြေအနေတစ်ခုကို စောင့်နေတယ်လို့ ပြောလို့ရတယ်။ အားလုံးပါပဲ။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း ဒီလိုပါပဲ။ ရွက်ဆစ်တို့လည်း ဒီသဘောပါပဲ။
ဘာလို့တုံးဆိုတော့ ရှမ်းပြည်နိုင်ငံရေးက ရှုပ်တယ်လေ။ ရှမ်းက ဝ ကိုလည်း ကြည့်ရတယ်။ ပလောင်ကိုလည်း ကြည့်ရတယ်။ ပအို့ဝ်ကိုလည်း ကြည့်ရတယ်။ နောက် ဓနု ဘာညာတွေနဲ့ပေါ့။ ပအို့ဝ်ကလည်း ရှမ်းကို ကြည့်ရတယ်။ အခုဆိုရင် သူ့ကို ကရင်နီနဲ့ပါ တိုက်ပေးထားလိုက်တယ်။ နောက် ဓနုတို့ ဘာတို့ကိုလည်း သူ သတိထား နေရတယ်၊ ကြည့်နေရတယ်။ ဓနုကလည်း သူ့တပ်တွေ ဘာတွေထောင်နေပြီလေ။ အင်းဘက်လည်း သူက လွှမ်းမိုးထားတာတွေ ရှိတယ်။ အင်းသားတွေဘက်မှာလည်း သူကပဲ လွှမ်းမိုးထားတာပေါ့။ သူကလည်းပဲ ရှမ်းပဒေသရာဇ်ကို တော်လှန်ခဲ့တယ်ဆိုပေမယ့် သူကပဲ ပြန်ပြီးတော့ လွှမ်းမိုးအုပ်ချုပ်ထားတဲ့ နေရာတွေက ရှိသေးတာကိုး။ သူ့လည်း ပြန်ချမယ့်ဟာတွေက ရှိတယ်။ သူကလည်း အဲဒီလို။ စစ်ကောင်စီကိုလည်း သူက အနုနည်းပေါ့လေ၊ အချိုသပ်ထားတာ။ စစ်ကောင်စီကလည်း ဟိန်းလိုက် ဟောက်လိုက်လုပ်ပေါ့နော်။ ခြောက်လိုက်၊ မြှူလိုက်လည်း လုပ်ပေါ့။ သူ့အခြေအနေကလည်း အခုဟာက ဖြဲဖို့ ဟောက်ဖို့ မပြောတော့နဲ့။ သူကိုယ်တိုင်က ဖင်လျက်ပေးရတဲ့ ဘဝ ရောက်လာပြီ။ ပါးလျက် နားလျက်လောက်နဲ့ကို မရဘူး။ ဖင်လျက်ပေးရတဲ့ ဘဝ ရောက်လာပြီ။ တဖြည်းဖြည်း သူကိုယ်တိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘောကို ပြန် မရတဲ့ဘဝကို ရောက်တော့မှာ။ အဲဒါ ပူမနေနဲ့။
အားလုံးက ဒီနွေဦးအလွန်ကို လှမ်းစဉ်းစားကြတာပေါ့။ ဒီပွဲမှာ စစ်ကောင်စီက သေချာပေါက် ပြုတ်တော့မယ်လို့ မှန်းဆထားကြပါတယ်။ ဒီအထဲမှာ ပအို့ဝ်ခေါင်းဆောင်တွေလည်း ပါပါတယ်။ သူတို့တွေက အရူးကွက်နင်းပြီးတော့ စကစကို အူချင် အချင်ယောင် ကျိုးနွံချင်ယောင် ဆောင်နေကြတာ။ တကယ်တမ်း ပအို့ဝ်နိုင်ငံရေးသမားတွေက မအဘူး။ အထူးသဖြင့် ဦးအောင်ခမ်းထီက လုံးဝ မအဘူး။ ဒီစစ်အုပ်စုအကြောင်းကို သူ့အသက်နဲ့အမျှ သူရင်ဆိုင်ခဲ့တာ သူကောင်းကောင်းသိတယ်။ သူ့အသက်က ၉၀ နီးပြီလေ။ သူ့အသက်နဲ့အမျှ ရင်ဆိုင်ခဲ့တာဆိုတော့ ဒီစစ်အုပ်စု စစ်ခေါင်းဆောင်တွေ ဘာဆိုတာ သူ့ထက် ကိုယ်က ပိုမသိချင်နဲ့ပေါ့။ ကောင်းကောင်း သူ သိတယ်။ အဲတော့ ဒီအုပ်စုတွေကို သူ ပေါင်းပြီးတော့ ပအို့ဝ်တွေရဲ့ အခြေအနေတခု မြင့်တက်လာအောင် သူ စွမ်းဆောင်နိုင်ခဲ့တယ်။ သူက နေတတ်တော့ ရှမ်းကလည်း သူ့ ဖိလို့မရ။ တပ်ကလည်း သူ့ ဖိလို့မရအောင် သူနေတတ်တာကိုး။ ပအို့ဝ်တွေရဲ့ လအုမူ ဆိုတာပေါ့။
အဲဒီတော့ အခု သူက အခြေအနေတခု၊ အင်အားတခု ရှိသွားပြီ။ စီးပွားရေး အင်အားဘာညာ အကုန်ရှိသွားပြီပေါ့နော်။ နေရာဒေသ ခွန်အားလည်း ရှိသွားပြီ။ ဒီအချိန် သူ့မှာလိုနေတာက စစ်အင်အားလိုနေတာ။ အဲဒီ စစ်ပါဝါကို သူဟာ မြန်မာ့တပ်မတော်နဲ့ တွဲထားလိုက်တယ်။ တွဲထားလိုက်တော့ ဒီပါဝါက အော်တိုမစ်တစ် ရနေတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်က သူ့ကို ရေရှည်ကာကွယ်မပေးနိုင်ဘူးဆိုတာ အခုနွေဦးတော်လှန်ရေးမှာ သူတို့သိတယ်။ သိတော့ နွေဦးအလွန် မြန်မာ့တပ်မတော် ကျဆုံးသွားတဲ့အချိန်မှာ သူတို့ ဘာလုပ်ရမလဲ၊ ဘယ်အခြေအနေ ရှိရမလဲဆိုတာ သူတို့ စဉ်းစားတယ်။ စဉ်းစားတော့ အခု ဟိုကောင်တွေက စစ်အင်အားလိုနေတယ်။
အဲဒါကို အကြောင်းပြုပြီးတော့ ပအို့ဝ်လူငယ်တွေ မှန်သမျှကို ဇွတ်ရော အတင်းရော သူတို့ စစ်သင်တန်းတွေ တက်ခိုင်းနေတယ်ပေါ့နော်။ ဖြစ်နိုင်ရင် သူတို့တမျိုးသားလုံး ပြည်သူ့စစ် ဖြစ်ရမယ်ဆိုတာမျိုးအထိ ဦးအောင်ခမ်းထီက ပြောသွားတယ်။ ဘာလို့တုံးဆိုတော့ နောင်မှာ သူတို့နေရာဒေသတစ်ခု ခိုင်ခိုင်မာမာဖြစ်ဖို့ဆိုတာ သူတို့မှာ စစ်အင်အား လိုတာကိုး။ မဟုတ်ရင် သူတို့ ရှမ်းနဲ့ ဘယ်လို စကားပြောမလဲ။ ရှမ်းက သူတို့ကို ဘယ်အလှထိုင်ကြည့်မလဲ။
ဒါပေမဲ့လို့ အဲဒီအခြေအနေရဖို့အတွက် သူတို့ ဘာကျွံလာလဲဆိုတော့ PNO ခေါင်းဆောင်ပိုင်းတွေရဲ့ စီးပွားရေးတွေကတော့ တအားကျွံသွားတယ်။ တော်တော်ကြီးကို ကျွံနေတယ်ပေါ့နော်။ အဲဒါလေး တစ်ချက်ရှိတယ်။ အဲဒီလူတွေကတော့ နောင် အနာဂတ်မှာ ပအို့ဝ်ကွန်မြူနတီရဲ့ ခေါင်းဆောင် ဖြစ်စရာ အကြောင်းမရှိဘူး။ ဦးအောင်ခမ်းထီရဲ့ နိုင်ငံရေးဂုဏ်သိက္ခာမျိုးလည်း သူတို့မှာ မရှိဘူးလေ။
နောက်တခုက ဘာဖြစ်သွားလဲဆိုတော့ ပအို့ဝ်လူငယ်အများစု ဆေးစွဲသွားတယ်။ ဒီအမှား ရှိသွားတယ်။ နောက်တခုက သန်စွမ်းတဲ့ လူငယ်လူရွယ်တွေအကုန်လုံး ထိုင်း လစ်ပြေးကုန်ကြပြီ။ ပအို့ဝ်ဒေသမှာ ဘာတွေ ကျန်နေလဲဆိုတော့ မွန်တွေ ဖြစ်သလို၊ ရခိုင်ပြည်ဖြစ်ခဲ့သလို အဘိုးကြီး၊ အဘွားကြီးရယ်၊ လူမမယ်ကလေးရယ်ပဲ ကျန်နေတာပေါ့။ ဒေသမှာ ဒါတွေကျန်တာ ရေရှည်ကျတော့ ဒါတွေက ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ ကာကွယ် ထိန်းသိမ်းဖို့ကျ မလွယ်တော့ဘူး။ ရောက်သွားတဲ့သူက ပြန်မလာကြသလို နောက်ကလိုက်မယ့်သူတွေကလဲ တကဲကဲ ဖြစ်နေကြတယ်။ လဝကရုံးမှာ တိုးမပေါက်လေ။ ပတ်စ်ပို့ရုံးမှာ တရုန်းရုန်းပေါ့။ ပြီးတော့ လူမှုဘဝ ကျိုးပျက်မှုတခု သိသိသာသာဖြစ်လာတယ်။ အိမ်ထောင် အရမ်းကွဲကြတာ။ မိကွဲ ဖကွဲ ကလေးတွေ များလာတာ။ မိပစ် ဖပစ်ကလေးတွေ များလာတာ။ အဲဒါက လူငယ်တွေကို ဆေးလမ်းကြောင်းထဲ သွန်ထည့်လိုက်သလိုပါဖြစ်လာတယ်။ ဒါကိုတော့ ဘယ်လိုပြင်ကြမလဲပေါ့။
လူငယ်တွေ ဆေးစွဲတာ လျော့သွားအောင်ဆိုရင် PNO ကိုယ်တိုင်က ဆေးဖြန့်တာကို ရပ်တန့်ဖို့ လိုတယ်။ ပြီးတော့ အတင်းအဓမ္မ စစ်သားစုဆောင်းတဲ့ကိစ္စသည် လူငယ်တွေကို ထိုင်း မောင်းထုတ်သလို ဖြစ်တယ်။ ဒါတွေကို သူတို့ စဉ်းစားဖို့ကောင်းတယ်။ တဖြည်းဖြည်းနဲ့ ပအို့ဝ်ဒေသတွေမှာ လူငယ်လူရွယ်တွေ မရှိတော့ဘူး ပအို့ဝ်ရွာလေးတွေမှာ လိုက်ကြည့်ရင် အဘိုးကြီး၊ အဘွားကြီးနဲ့ ကလေးပေါက်စရယ် ဒါပဲ ရှိတော့တာ။
နောက်တစ်ခုကတော့ ပအို့ဝ်ပညာရေးပေါ့နော်။ ပအို့ဝ်ပညာရေးက အစိုးရပညာရေးပေါ်မှာပဲ လုံးဝမှီတည်ပြီးတော့ ပုံအပ်ထားတဲ့ ပညာရေးဖြစ်နေတာပေါ့နော်။ အကြမ်းဖျင်းတော့ ပထမအဆင့်က သူတို့ဟာ သူတို့လူမျိုးအားလုံး ဗမာစကား တတ်ကျွမ်းရေးက အဓိကပဲ။ ဗမာစကား၊ ဗမာစာတတ်ကျွမ်းရေး၊ ဒါ သူတို့ရဲ့ အင်မတန်ဂုဏ်ရှိတဲ့ဟာလို့ သူတို့ထင်တဲ့ဟာပေါ့နော်။ အဓိက သူတို့ ဗမာလို တတ်ချင်တယ်၊ ဗမာလို ပြောချင်တယ်။ PNO ခေါင်းဆောင်ပိုင်းတွေရဲ့ သားသမီးတွေထဲမှာတောင် ပအို့ဝ်စကားမပြောတတ်တဲ့သူတွေ အများကြီးရှိတယ်။ Burmanization က သူတို့ကိုယ်တိုင်လုပ်တာ။ ဘာလို့တုံးဆိုတော့ သူတို့က ဗမာကို မှီပြီးတော့ သူတို့ထွက်ပေါက်ကို ရှာတာကိုး။ ဒါကလည်း သူတို့ ပြန်သုံးသပ်ရမယ့်ဟာပေါ့နော်။ ကိုယ့် identityနဲ့ကိုယ် ရှိရမယ်။ နောက်တခုက ကိုယ့်ပညာရေးကို ထူထောင်နိုင်ရမယ်။ အဲဒါကိုတော့ မလုပ်နိုင်သေးဘူး။ ပအို့ဝ်အများစုဟာ အစိုးရရဲ့ ပညာရေးအပေါ်မှာပဲ တည်ဆောက်ထားတယ်။
နောက်တခုကတော့ ဘုန်းကြီးပညာရေး၊ လောကုတ္တရာပညာရေးပေါ့။ ပအို့ဝ်တွေက ဘုန်းကြီးပညာရေးမှာ တအား အားသန်တယ်၊ အားကောင်းတယ်ပေါ့။ ပိဋကတ်စာပေ လေ့လာတဲ့နေရာမှာ၊ လိုက်စားတဲ့နေရာမှာ အားသိပ်ပေးကြတယ်။ ဒါက ပအို့ဝ်လူမျိုးဖွံ့ဖြိုးရေးအတွက် အဖြေမှ မဟုတ်တာ။ ပိဋကတ်စာပေကို ပအို့ဝ်တွေ အင်နဲ့အားနဲ့ သင်ကြားနေတဲ့ကိစ္စဟာလည်းပဲ ပြန်သုံးသပ်ဖို့ လိုမယ် ထင်တယ်။ ဒါ ပအို့ဝ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက်တော့ အဲဒီလောက်ကြီး အထောက်အကူဖြစ်မယ်လို့ မထင်ဘူး။ သူတို့က ဘုန်းကြီးပညာရေးနဲ့ ပိဋကတ်တော့ သင်တယ်။ လူပညာရေးကျတော့ အစိုးရကျောင်းတွေပေါ်မှာ တည်မှီထားတယ်။
ဒီဟာက တကယ်တမ်း ရေရှည်မှာတော့ သူတို့အတွက် အခြေခံကောင်းတဲ့ ပညာရေးရဖို့တော့ မရှိဘူးပေါ့နော်။ ဒါကိုတော့ ပြန်သုံးသပ်ဖို့ လိုမယ်ပေါ့နော်။ ပအို့ဝ်ဘုန်းကြီးတွေဟာ ပအို့ဝ်ကလေးသူငယ်တွေကို ဘုန်းကြီးစာ သင်ကြားရေးကိုပဲ လုံးပန်းနေတဲ့ကိစ္စတွေက လျှော့သင့်တယ်လို့ ထင်တယ်။ မြန်မာပြည်ထဲကို ရောက်သွားတဲ့ ပအို့ဝ်ကလေးတွေဆိုရင် လောကီပညာ သင်ခွင့်ရတယ်။ ပအို့ဝ်နယ်မှာရှိတဲ့ ကလေးတွေက အဲဒီလောက် သင်ခွင့် မရဘူး။ သူတို့က ဘာသာရေးပဲ သင်ရတယ်ပေါ့နော်။ ဒါက ရေရှည် ပအို့ဝ်လူမျိုးတွေ ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက်တော့ အများကြီး အထောက်အကူဖြစ်မယ်လို့ မထင်ဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar