မောင်စွမ်းရည် - အင်းဝ နှင့် မြင်းခြံ
မောင်စွမ်းရည် - အင်းဝ နှင့် မြင်းခြံ
(မိုးမခ) ဩဂုတ် ၃၁ ၊ ၂၀၂၃
ဒီမြို့နှစ်မြို့ရဲ့ အမည်ကို ယှဉ်တွဲပြီး ဖော်ပြတာ တွေ့ရခဲပါတယ်။ ကျနော်ကလည်း ခုလို ‘အင်းဝ နဲ့ မြင်းခြံ’ ဆောင်းပါး ခေါင်းစီးတင်လိုက်မိတော့မှ ဘာမှ မအပ်စပ်ပါလားလို့ တွေးလိုက်မိပါတယ်။ အင်းဝက သမိုင်းဝင် ကမ္ဘာကျော်မြို့တော်ကြီး ဖြစ်ခဲ့တာပါ။ မြင်းခြံက ကိုလိုနီခေတ် ရောက်မှ ရထားလမ်း၊ ကားလမ်း၊ သင်္ဘောလမ်း ဆုံရာ မြို့တမြို့ ဖြစ်လာလို့ နာမည်ထွက်လာခဲ့တာပါ။
ဒီလို လမ်းဆုံမို့ ဖြစ်လာတော့ အညာလယ်ယာထွက်ကုန်တွေ ဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ ရောင်းဝယ်ဖောက်ကားရာ အချက်အချာ နေရာတခုလည်း ဖြစ်လာလို့ ထင်ပေါ်လာဟန် ရှိပါတယ်။ သည့်အရင်ကတော့ မြင်းမွေးတဲ့ ရွာကြီးတခုပဲ ဖြစ်ခဲ့ဟန် ရှိပါတယ်။ လမ်းဆုံမြို့ ဖြစ်လာတော့ အင်္ဂလိပ်ခေတ်မှာ တိုင်း၊ ခရိုင်၊ မြို့နယ် ဆိုတာတွေ ဖွဲ့စည်းတဲ့အခါမှာတော့ ရှေးကရာဇဝင်ကျော် ပုဂံ၊ ညောင်ဦး ဆိုတဲ့မြို့တွေဟာ မြင်းခြံရဲ့ လက်အောက်က မြို့နယ်လေးတွေ ဖြစ်သွားခဲ့ပြီး မြင်းခြံက ခရိုင်မြို့ကြီး ဖြစ်လာခဲ့ပါတယ်။
ရှေးက မင်းနေပြည်တော်ကြီး ဖြစ်ခဲ့တဲ့ အင်းဝမြို့ကတော့ မန္တလေး၊ စစ်ကိုင်းနဲ့ ကျောက်ဆည်တို့ကြားမှာ မြုပ်သွားခဲ့ပါပြီ။ ရှေးမြို့တော် ဖြစ်ခဲ့တာချင်း အတူတူ မန္တလေးနဲ့ စစ်ကိုင်းတို့ကတော့ ရေလမ်း၊ ကုန်းလမ်း အချက်အချာတွေ ဖြစ်လာလို့ တိုင်း၊ မြို့ကြီး အဆင့်မှာ ရပ်တည်နေခဲ့ပါတယ်။ မန္တလေးကတော့ အရပ်လေးမျက်နှာရဲ့ လမ်းဆုံမြို့ ဖြစ်လာပြီး မင်းနေပြည်တော်အဆင့်က ရွေ့လျောခဲ့ပေမဲ့ ခေတ်သစ်ရဲ့ ဒုတိယမြို့တော်အဖြစ် ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ပညာရေးဗဟိုဖြစ်တဲ့ တက္ကသိုလ်ကျောင်းကြီးတခုရဲ့ တည်ရာလည်း ဖြစ်လာခဲ့ပါတယ်။ တက္ကသိုလ်ရယ်လို့ မရှိတဲ့ အင်းဝ တို့၊ မြင်းခြံ တို့က ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ်ကို လာရောက်ပြီး ပညာဆည်းပူးကြရပါတယ်။ ဒီလိုနဲ့ မြင်းခြံက တင်မိုး တို့၊ မောင်စွမ်းရည် တို့၊ အင်းဝက ကိုလေး တို့၊ ကြည်အောင် တို့လည်း မန္တလေးတက္ကသိုလ်ကို လာရောက်ကြပြီး ပညာသင်ယူကြရပါတယ်။ စစ်ကိုင်းက မောင်သာနိုး၊ မုံရွာက မောင်သိန်းနိုင်၊ ဘုတလင်က ကိုချစ်လေး၊ မုံရွာ(အမြင့်) ဇော်မြင့်(ဇော်ဇော်အောင်) တို့လည်း မန်းတက္ကသိုလ်ကို ဦးခိုက်ခဲ့ကြရပါတယ်။
တက္ကသိုလ် ဆိုတာ အရပ်လေးမျက်နှာ ဒေသပေါင်းစုံက လူပေါင်းစုံ ဝါသနာပေါင်းစုံ လာရောက်စုဝေးကြတဲ့နေရာ မဟုတ်လား။ အားကစား ဝါသနာပါသူ၊ စာပေ ဝါသနာပါသူ၊ စက်မှုဝါသနာပါသူ၊ ပန်းချီ ပန်းပု ဝါသနာပါသူ စသဖြင့် ဝါသနာစုံ၊ လူစုံ ရောက်လာစုဝေးမိကြတဲ့အခါ ဝါသနာတူသူချင်းလည်း ပေါင်းစုံ၊ စုစည်းမိသွားခဲ့ပါပြီ။ စုပေါင်းလုပ်ဆောင်မှု စွမ်းအားကြောင့် အဘက်ဘက်မှာ ပိုမိုထက်မြက် တိုးတက်လာခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒါကိုက တက္ကသိုလ်ရဲ့ အနှစ်သာရတခုပဲ မဟုတ်လား။ ဒေသတူလို့ စုဝေးမိကြတာကတော့ ပိုမိုသိသာထင်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခရိုင်အသင်းတို့၊ မြို့နယ်အသင်းတို့ စသည် ဖွဲ့စည်းကြသလို အလားတူပဲ သင်ယူတဲ့ ဘာသာရပ်တူလို့ မြန်မာစာအသင်း၊ သမိုင်းအသင်း၊ ဘူမိဗေဒအသင်း စသည်ဖြင့် ဖွဲ့စည်းကြသလို၊ စာပေအသင်း၊ ပန်းချီအသင်း၊ ခြေလျင်တောင်တက်အသင်း စသဖြင့် ဝါသနာတူအသင်းတွေလည်း ဖွဲ့စည်းဆောင်ရွက်ကြပါတယ်။ ဒီလို အဖွဲ့အစည်းလေးတွေနဲ့ လက်တွဲလုပ်ဆောင်ကြပြန်တော့ သက်ဆိုင်ရာဝါသနာဘက်မှာ ပိုမိုထက်မြက် တိုးတက်လာရတယ် ဆိုတာ စုပေါင်းခြင်းရဲ့ သဘာဝပဲ မဟုတ်ပါလား။
ကျနော်က မြင်းခြံမြို့က ဆယ်တန်းအောင်လာခဲ့တာ ဆိုတော့ တက္ကသိုလ်မှာ မြင်းခြံခရိုင်အသင်းသား ဖြစ်လာပါတယ်။ စာပေဝါသနာပါလို့ စာပေအသင်း ဖြစ်တဲ့ မန်းတက္ကသိုလ် ကလောင်ရှင်အသင်းသားအဖြစ် ပါဝင် လုပ်ဆောင်တဲ့အခါ ကလောင်ရှင်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ကိုတောင် ယူခဲ့လိုက်ရပါသေးတယ်။ မြင်းခြံခရိုင်အသင်းနဲ့ ကလောင်ရှင်အသင်းမှာ မြင်းခြံခရိုင်က ကလောင်ရှင် တင်မိုးနဲ့ ဆုံစည်းရသလို အင်းဝက လာတဲ့ ကြည်အောင် တို့၊ ကိုလေး တို့နဲ့လည်း မလွဲမသွေ ဆုံစည်းခဲ့ကြရပါတယ်။ အင်းဝက ကိုလေး၊ ကြည်အောင်၊ ကံညွန့် ဆိုတဲ့ ကလောင်ရှင် သုံးဦးက ကိုလေး(အင်းဝဂုဏ်ရည်)တဲ့။ ကြည်အာင် တဲ့။ ညွန့်အေး(အင်းဝ) တဲ့။ အသီးသီး ကလောင်ဘွဲ့တွေ ခံယူကြသလို မြင်းခြံက လာတဲ့ ဘဂျမ်း၊ ဝင်းဖေ၊ လေးမောင် တို့ကလည်း တင်မိုး၊ မောင်စွမ်းရည်၊ လေးမောင်(မြင်းခြံ) ဆိုပြီး ကလောင်ရှင်တွေ ဖြစ်လာကြပါတယ်။ သူတို့အားလုံးဟာ မန်းတက္ကသိုလ်ရောက်မှ ဒီလို ကလောင်ရှင်ဘွဲ့တွေ ခံယူလိုက်ကြတာဖြစ်ပြီး တက္ကသိုလ်ကလောင်ရှင်များအဖြစ် ထင်ပေါ်လာခဲ့ကြပါတယ်။ တကယ်တော့ တက္ကသိုလ်ကို မောင်စွမ်းရည်၊ လေးမောင် နဲ့ ကြည်အောင် တို့က တနှစ်စောပြီး ရောက်လာကြတာပါ။ တင်မိုးက တနှစ် နောက်ကျပါတယ်။ သူက ၁၉၅၇ မှ ရောက်တာပါ။ ကျနော်တို့က ၁၉၅၆ က ရောက်တယ်။ ကိုလေး ကတော့ နှစ်နှစ်၊ သုံးနှစ်တောင် စောတယ် ထင်ပါတယ်။ စောရောက်သလို စောထွက်သွားခဲ့တာဖြစ်လို့ ကျန်တဲ့ ကလောင်ရှင်တွေနဲ့တော့ တွဲပြီး မလှုပ်ရှားလိုက်ရပါဘူး။
အင်းဝ ကလောင်ရှင်တစုနဲ့ မြင်းခြံ ကလောင်ရှင်တစုကို သေချာစာရေးပြီး စာရင်းချကြည့်လိုက်တော့ ထူးထူးဆန်းဆန်း သုံးယောက် တတွဲစီ ပေါ်ထွက်လာခဲ့ပါပတယ်။ တက္ကသိုလ်ကို အရင်ရောက်သူတွေကို ချန်ထားပြီး ချရေးလိုက်တဲ့အခါ အောက်ပါအတိုင်း တန်းစီလို့ရလာပါတယ်။
၁။ အင်းဝက— ကိုလေး၊ ကြည်အောင်၊ ညွန့်အေး။
၂။ မြင်းခြံက— မောင်စွမ်းရည်၊ လေးမောင်၊ တင်မိုး။
အထက်ပါ ခြောက်ယောက်ထဲမှာ ကိုလေးက နှစ်နှစ်၊ သုံးနှစ် စောပြီး ၁၉၅၄-၅၅ က ရောက်သတဲ့။ ကြည်အောင်၊ မောင်စွမ်းရည်၊ လေးမောင် တို့က ၁၉၅၆ မှာ ရောက်ပြီး မောင်သိန်းနိုင်နဲ့ တင်မိုး တို့က ၁၉၅၇ ခုနှစ်မှ ရောက်ပါတယ်။ မောင်ပေါက်စည်၊ ဘုတလင်ချစ်လေး၊ အောင်သျှန်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်သာနိုး၊ မုံရွာမောင်တင်ရွှေ တို့က ပိုစောတယ်။ ကိုလေး(အင်းဝဂုဏ်ရည်) တို့၊ ဇော်ဇော်အောင် တို့နဲ့ အတူတူလောက် ဖြစ်မှာပေါ့။ ကိုလေးရဲ့ အဆိုကတော့ သူနဲ့ ဇော်ဇော်အောင်တို့ နှစ်ယောက်တည်း တွဲခဲ့ရသတဲ့။ အမျိုးသမီးကလောင်ရှင်များပါ တွဲကြည့်ချင်လို့ စာရင်းလုပ်ကြည့်တာ နုနုရည်(အင်းဝ) ကို ချက်ချင်းပြေးမြင်မိတယ်။ မြင်းခြံဘက်ကတော့ ခင်ခင်ထူး ကို ပြေးမြင်မိတယ်။ ခင်ခင်ထူက နုနုရည်လိုပဲ ဝတ္ထုနဲ့ အမျိုးသားစာပေဆုရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ထွက်တော့ မဟုတ်ပေဘူး။ တွဲဖက်ကြည့်မယ် ဆိုရင်တော့—
၁။ တင်မိုး၊ မောင်စွမ်းရည်၊ ခင်ခင်ထူး တို့က မြင်းခြံ အတွဲ။
၂။ ကိုလေး၊ ကြည်အောင်၊ နုနုရည် တို့က အင်းဝ အတွဲ။
အမျိုးသားတွေက ကဗျာသမားတွေချည်း ဖြစ်နေကြပြီး အမျိုးသမီးတွေက ဝတ္ထုသမားတွေ ဖြစ်နေကြတာလည်း တူညီတိုက်ဆိုင်မှု တခုပါပဲ။
မြင်းခြံ နဲ့ အင်းဝ သုံးယောက်စီ အမျိုးသားစာပေဆုတွေ ရကြပြီး အမျိုးသားနှစ်ယောက်စီက ကဗျာဆု။ အမျိုးသမီး တဖက်စီက ဝတ္ထုဆု။
အမျိုးသားထဲက စကားပြေပိုင်းမှာ ဆုရဖူးသူ ရှာကြည့်။ မန်းတက္ကသိုလ်ထဲမှာ မောင်သိန်းနိုင်(ဂုဏ်ထူးကြီး) တယောက်ပဲ တွေ့ရပါတယ်။ သူက ရုပ်သေးသမိုင်း၊ ကဇာတ်သဘင်သမိုင်းလား မသိတော့ပါ။ ဆုရဖူးခဲ့ပါတယ်။ တက္ကသိုလ်ကလောင်ရှင်အသင်းမှာ သူက အတွင်းရေးမှူး လုပ်ခဲ့ဖူးပါတယ်။ ကျနော်လည်း အတွင်းရေးမှူး လုပ်ခဲ့ဖူးပါတယ်. တင်မိုးက ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ လုပ်ခဲ့ဖူးတယ်လို့ မှတ်သားဖူးပါတယ်။ (မှားရင်လည်း ပြင်ကြပေတော့)။ ရန်ကုန်တက္ကသိုလ်ဘက်က ဆုရသူကို စဉ်းစားလို့ မရပါဘူး။ မရှိသေးတာ ဖြစ်မယ်။ သူတို့ကလည်း ကလောင်အသင်းလို့ ခေါ်တယ်။ ကျနော်တို့က ကလောင်ရှင်အသင်း တဲ့။ ‘ရှင်’ တလုံး ပိုတယ် ဆိုပါတော့။ သူတို့အသင်းက စာအုပ်မထုတ်ကြဘူး။ ထုတ်ပြီး ဆုမရတာတွေလည်း ရှိပါတယ်။ မန်းတက္ကသိုလ်က ကဗျာစာအုပ်တွေချည်း ထုတ်ခဲ့ကြတာပါ။ မောင်ပေါက်စည်၊ တက္ကသိုလ်မောင်ထွန်းဝေ၊ မောင်အောင်သျှင်၊ ကသာဝင်းကြွယ်၊ မောင်စန်းသော် တို့လည်း ကဗျာစာအုပ်တွေပဲ ထုတ်ခဲ့ကြတာပါ။ (၅ အုပ် ဆုမရခဲ့ပါ။ ဆုရတာလည်း ၅ အုပ်ပါ။)
ဆုရသူများကတော့ ဒေါက်တာထွန်းရွှေ၊ လူထုဒေါ်အမာ၊ တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးကိုလေး တို့လို လူကြီးပိုင်းကလည်း ဆုရခဲ့ကြဖူးပါတယ်။ ဆရာတော် ရွှေကိုင်းသားကတော့ တက္ကသိုလ်က မဟုတ်ပါ။ လူထုဦးလှလည်း တက္ကသိုလ်က မဟုတ်ပါ။ သူတို့နှစ်ဦးက ရန်ကုန် ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၀ တဝိုက်)က အတူတွဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကဗျာဆုရကြသူတွေက မန်းတက္ကသိုလ် ကလောင်ရှင်အသင်းကချည်း ဖြစ်ပါတယ်။ ကျောင်းသား ကလောင်ရှင်တွေပဲ ဦးစီးပြီး ကဗျာစာအုပ်လေးတွေကို ထုတ်ဝေခဲ့ကြတာပါ။ ရန်ကုန်တက္ကသိုလ် ခေတ်စမ်းစာပေခေတ်မှာလည်း တက္ကသိုလ်ကပဲ ထုတ်ခဲ့တာ ဖြစ်ပေမဲ့ ဦးဆောင်သူက ပါဠိပါမောက္ခဆရာကြီး ဦးဖေမောင်တင် ဖြစ်ပါတယ်။ မန်းတက္ကသိုလ် ကလောင်ရှင်အသင်း စာစဉ်အဖြစ် ထုတ်ခဲ့ကြတဲ့ ကဗျာစာအုပ်လေးတွေက တကယ်တော့ ကျောင်းသား ကဗျာဆရာတွေက ကိုယ့်ငွေနဲ့ကိုယ် ပုံနှိပ်ထုတ်ဝေခဲ့ကြတာပါ။
ကလောင်ရှင်အသင်းက ပထမဆုံး ထုတ်ဝေခဲ့တဲ့ စာအုပ်က ကြည်အောင်၊ မောင်စွမ်းရည် နှစ်ယောက်တွဲ ‘စိတြ’ ကဗျာစာအုပ်ကလေးပါ။ တဂိုး ရာပြည့်အဖြစ် ထုတ်ဝေခဲ့ကြတာပါ။ ၁၉၆၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့ကြပါတယ်။ နောက်တော့ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဘုတလင်ချစ်လေး တို့က ကဗျာများကို အစဉ်လိုက် တနှစ်ပြီး တနှစ် ထုတ်ဝေခဲ့ရာမှာ အားလုံး အမျိုးသားစာပေဆု ရကြပါတယ်။ ကြားဖောက်ပြီး တင်မိုး၊ မောင်သန်းဌေး၊ မောင်မျိုးမြတ်၊ မုံရွာဝင်းဖေ တို့က ကလေးကဗျာဆု ပ၊ ဒု၊ တ စသည် ရခဲ့ကြပါတယ်။
၂၀၁၆ မှာတော့ သစ်ရာကောက်မောင်တင်စိုးက ကဗျာအမျိုးအစား စာပေဆုကို ရခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာ ဒေါက်တာခင်မောင်ညွန့်နဲ့ ဆရာဦးသာနိုး တို့ကလည်း တသက်သာ စာပေဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ကဗျာဆုကတော့ တင်မိုးက တင်စိုးထိ ခြောက်ယောက်လုံးဟာ မန်းတက္ကသိုလ်ထွက်များချည်း ဖြစ်ကြပါတယ်။ ပထမ ငါးယောက်က ဆက်တိုက် ရခဲ့ကြတာပါ။ ဝတ္ထုဆုရသူတွေပါ လူစုခွဲလိုက်တော့ အင်းဝ သုံးယောက်နဲ့ မြင်းခြံ သုံးယောက်။ သုံးယောက် တတွဲ ဖြစ်လာပါတဘ်။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာပုံကို တွေ့ရလို့ ဒီဆောင်းပါးကို ကောက်ရေးလိုက်မိတာပါ။ ဆရာဇော်ဂျီ အမိန့်ရှိဖူးသလို ပြောရရင်တော့ သူတို့က နောက်ထပ် ထုတ်ကြရင်လည်း နောက်ထပ် ဆုရကြဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆရာတို့က အကြောင်းရှာပြခဲ့ဖူးပါတယ်။ ထပ်ပြီးဖော်ပြရရင် စာဖတ်သူများ မျက်စိနောက်မှာစိုးလို့ မရေးတော့ပါ။ သိချင်ရင်တော့ နောက်ကြောင်းပြန်ရှာပြီး ဖတ်ကြပေတော့။
မောင်စွမ်းရည်
၂၀၂၃၊ ဩဂုတ် ၂၉။
နယူးယောက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar