Breaking News

စစ်မက်ဖြစ်ပွားမှုများနဲ့ သတ်ဖြတ်မှုများနဲ့ နေ့စဥ်ဘဝ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၂၃ 


စစ်မက် ဖြစ်ပွားမှုများနဲ့ သတ်ဖြတ်မှုများနဲ့ နေ့စဥ်ဘဝ

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မကြာခင် လအနည်းငယ်က စပြီး အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေက နေ့စဥ်ဖြစ်နေကျ အဖြစ်အပျက်များသဖွယ် ဖြစ်လာနေပြီး သတင်းထဲ ကြားသိရတဲ့အခါ မိမိတို့ နေထိုင်ရာနေရာ မြို့နဲ့ နီးသလား၊ မိမိတို့ ဇာတိမြို့တွေမှာ ဖြစ်တာလား၊ လူချင်းသိရှိသူတွေများ ဖြစ်နေမလား။ စတဲ့ အချက်အလက်တွေကို စေ့ငုကြည့်ပြီးနောက်မှာ အဲဒီအချက်တွေထဲက မဟုတ်တဲ့အခါ သက်ပြင်းတချက်ချပြီး နောက်သတင်းတပုဒ်ကို ဆက်လက်ဖတ်ရှုဖို့ သို့မဟုတ် နားထောင်ဖို့ သွားတဲ့ အနေအထားမျိုးဖြစ်လာပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ပွဲတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး သတ်ဖြတ်မှုတွေကို မှတ်တမ်းတင် စာရင်းပြုစုနေတဲ့ အဖွဲ့ အစည်းတွေကတော့ အဆိုပါ သတင်းမျိုးတွေ့တဲ့အခါ ဖေါ်ပြတဲ့ သတင်းဌာနတွေ တခုနဲ့ တခုတိုက်ဆိုင်စစ်ဆေးပြီး မှတ်တမ်းတင်နေတဲ့ စာရင်းဇယားတွေထဲ ကျား၊ မ၊ အသက်အရွယ်၊ စတဲ့ စာရင်းအလိုက် အရေအတွက် တခုစီတိုးလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်မျိုးနဲ့ ပတ်သက်လို့ သတင်းအစအန ရပြီးနောက် သတင်းတင်ပြဖို့ စုဆောင်းတဲ့ သတင်းဌာနတွေအနေနဲ့လည်း ဆက်သွယ်ရမယ့် ဒေသခံအဖွဲ့အစည်းတွေ၊ ၄င်းတို့ရဲ့ဖုန်းနံပါတ်တွေ သို့မဟုတ် အွန်လိုင်းပေါ်က ဆက်သွယ်တဲ့ အက်ပလီကေးရှင်းတွေက တဆင့်ဆက်သွယ် မေးမြန်းတာ၊ မေးနေကျ မေးခွန်းမျိုးတွေ မေးမြန်းပြီး သတင်းအဖြစ် တည်ဆောက်ဖို့ အချက်အလက်တွေ လုံလောက်တဲ့အခါ သတင်းအဖြစ်တည်ဆောက် ဖေါ်ပြကြတာ ဖြစ်ပါတယ်။ သေဆုံးရခြင်း အကြောင်းရင်း၊ လက်သည်တရားခံ တိတိကျကျ မပြောနိုင်တဲ့ အဖြစ်အပျက်တွေ အများအပြားရှိနေတာ ဖြစ်ပြီး သေဆုံးရတဲ့ အကြောင်းရင်း မသိရှိနိုင်တဲ့ ဖြစ်ရပ်တွေလည်း အများအပြားရှိနေတာ ဖြစ်ပြီး သတ်ဖြတ်မှုတွေ အတွက် ၄င်းတို့လက်ချက်ပါလို့ ဝန်ခံခြင်း မရှိတဲ့ဖြစ်ရပ်တွေက အများစုဖြစ်ပါတယ်။ 

အထက်က ဖြစ်စဥ်တွေကို ဥပမာရေးပြခြင်းရဲ့ ဆိုလိုရင်းက အရပ်သားတွေ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရ၊ သေဆုံးနေကြရတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာနေ့စဥ် အဖြစ်အပျက်သဖွယ် ဖြစ်လာနေတာကို ပေါ်လွင်စေတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ 

သက်ဆိုင်တဲ့ မိသားစုဝင်တွေ၊ ဆက်စပ်တဲ့ မိတ်ဆွေအသိုင်းအဝိုင်းတွေ၊ ဆက်စပ်တဲ့ အဖွဲ့အစည်း၊ လုပ်ငန်းတွေက သူတွေအဖို့တော့ မိမိတို့ရဲ့ မိသားစုဝင်၊ ဆွေမျိုးမိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်ကြရတာ၊ တခါတရံ ခြိမ်းခြောက်မှုတွေက မိမိတို့ကိုပါ သက်ရောက်လာတာမျိုး ဖြစ်လို့ ရှောင်တိမ်းကြရတာမျိုး ၊ အဖြစ်အပျက်နဲ့ပတ်သက်လို့ သိရှိတဲ့ အချက်အလက်တွေ ရှိသော်လည်း အများသိအောင် မပြောဆိုရဲဘဲ နှုတ်ဆိတ်နေကြရတာမျိုး အနေအထားလည်း ဖြစ်ပါတယ်။ 

အရပ်သားတွေ သတ်ဖြတ်မှုတွေကို သရုပ်ခွဲကြည့်ရင် တနည်းအားဖြင့် အုပ်စုခွဲကြည့်ရင် နိုင်ငံရေး အကြောင်းနဲ့ ဆက်နွယ်တဲ့ သတ်ဖြတ်မှု၊ တနည်းအားဖြင့်ဆိုရရင် နိုင်ငံရေး ထောက်ခံမှု၊ ရပ်တည်မှု အပေါ်မူတည်ပြီး သတ်ဖြတ်တဲ့ အဖြစ်အပျက်တွေ နဲ့ နောက်တမျိုးက ငွေကြေး၊ ပိုင်ဆိုင်မှုကို ရယူဖို့ရာ သတ်ဖြတ်မှု၊ တနည်းအားဖြင့် နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်တဲ့ ရာဇဝတ်မှု လို့ဆိုနိုင်တဲ့ သတ်ဖြတ်မှုတွေ လို့ ၂ မျိုး ခွဲခြားနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံရေး နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ရာဇဝတ်မှုလို့ ဆိုတဲ့ သတ်ဖြတ်မှုတွေကလည်း နိုင်ငံရေး နဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေက ကျူးလွန်တာတွေလည်း အရေအတွက်အားဖြင့် ပမာဏ တခုထိ ရှိနိုင်တာလည်း ဖြစ်ပါတယ်။ 

အကြမ်းဖျင်းအားဖြင့် ကောက်ချက်ချမယ်ဆိုရင် နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ သတ်ဖြတ်မှုတွေမှာ အများစုက စစ်ကောင်စီရဲ့ လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်မှုတွေ ဖြစ်ပြီး ကျန်တဲ့ ရာနှုန်းအချို့ကတော့ အခြားသော လက်နက်ကိုင် အဖွဲ့တွေက ကျူးလွန်တဲ့ အမှုတွေဖြစ်ပြီး ရာဇဝတ်မှုလို့ သတ်မှတ်တဲ့ သတ်ဖြတ်မှုတွေကတော့ ရာဇဝတ်မှုကျူးလွန်သူတွေ ၊ လက်နက်ကိုင် အဖွဲ့တချို့ သို့မဟုတ်အဖွဲ့ဝင်တချို့က ငွေကြေး အတွက် သတ်ဖြတ် ကျူးလွန်ကြတဲ့ အဖြစ်အပျက်တွေလို့ ဆိုနိုင်ပါတယ်။ 

ဒီလို အရပ်သား သတ်ဖြတ်ခံရမှုတွေကို တားဆီးနိုင်ဖို့ မကြိုးစားကြဘူးလားဆိုတဲ့ မေးခွန်းလည်း ရှိလာပါတယ်။ နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်သေးတဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခက ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေမှာ လုံးဝမရှိအောင် တားဆီးဖို့က မဖြစ်နိုင်တာ ၊ မလွယ်ကူတာလည်း သေချာပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက်ဆက်နွှွှတာမဟုတ်တဲ့ ရာဇဝတ်မှုဆိုင်ရာ သတ်ဖြတ်မှုတွေလည်း တားဆီးနိုင်ဖို့က တရားဥပဒေ စိုးမိုးမှုရှိဖို့ဆိုတဲ့ အချက်က အဓိကကျတာမို့ ပြဿနာက နိုင်ငံရေး အကျပ်အတည်း၊ နိုင်ငံရေး ပြဿနာဆီ မြားဦးပြန်ရောက်သွားတာလည်း ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားနိုင်မှ တနည်းအားဖြင့်ဆိုရရင် စစ်ကောင်စီကို အနိုင်ယူအောင်ပွဲခံ နိုင်မှ ဒီလို သတ်ဖြတ်မှုတွေ ရပ်တန့်သွားမယ်လို့ ဆိုကောင်းဆိုနိုင်ပေမယ့် အဲလိုအခြေအနေမျိုး မရောက်နိုင်ခင်မှာ သတ်ဖြတ်ခံရမှုတွေက နေ့စဥ်လိုလို ဖြစ်ပွားနေတာမို့ ဒီအခြေအနေကို အတိုင်းအတာတခုထိ လျော့ကျအောင် လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တားဆီးဖို့ ကြိုးစားတာမျိုးလည်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ထင်မြင်ပါတယ်။ 

တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့် ဖြစ်ပွားတဲ့ ရာဇဝတ်မှုဆိုင်ရာ သတ်ဖြတ်မှုတွေကို စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့ တာဝန်မဟုတ်ဘူးလို့ ယူဆကာ လျစ်လျူရှုထားတာမျိုးလည်း မြေပြင်မှာတွေ့နေရတာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ နယ်မြေကို စိုးမိုးထားနိုင်တာ ထိန်းချုပ်ထား နိုင်တာ မဟုတ်တာကြောင့် တားဆီးဖို့ ခက်ခဲတယ်ဆိုတဲ့ အကြောင်းအချက်လည်း ရှိနိုင်ပြီး ရပ်ရွာတွေထဲမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက်ထားတာကလည်း စစ်ကောင်စီဘက်က ရပ်ရွာတွေက အရပ်သားတွေကို စွပ်စွဲသတ်ဖြတ်ဖို့ ဖြစ်စေတဲ့ အကြောင်းတရပ်လည်း ဖြစ်နိုင်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ရပ်ရွာထဲ လူထုနဲ့ ရောနှော မနေထိုင်ပဲ တပ်ဖွဲ့တွေ သီးခြားအခြေချ လှုပ်ရှားတာမျိုး လုပ်ဆောင်ဖို့ ဗျူဟာအရ စဥ်းစားဖို့လိုကောင်းလိုအပ်မှာလည်း ဖြစ်ပါတယ်။ 

အရပ်သား သတ်ဖြတ်မှုတွေ ဒိထက်ပိုပြီး များလာလေလေ၊ စစ်ကောင်စီဘက်ကို မုန်းတီးမှု နာကျည်းမှု ပိုများလာမယ့် နိုင်ငံရေးအရ အမြတ်ထွက်နိုင်တယ်ဆိုတဲ့ စဥ်းစားမှုလည်း ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် နာကျည်းမှုထက် အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့ အနေအထားကို တတ်နိုင်သမျှကြိုးစားဖို့က ပြည်သူလူထုကို ငဲ့ညာဖို့က ပိုအရေးကြီးတယ်လို့ ဆိုချင်တာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar