Breaking News

နိုင်မွန်အောင်သွင် - အိမ်ဦးခန်းမှာ

အိမ်ဦးခန်းမှာ
နိုင်မွန်အောင်သွင် 
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၃

အမြှောက်ကျည်ဆန်ခွံက
စစ်ပွဲကနေအနားယူပြီးတော့
ပန်းအိုးဖြစ်လာတယ်။

အမြင့်တနေရာမှာ
တည်ငြိမ်စွာပြုံးတော်မူနေတဲ့ဘုရားကိုနောက်ခံထားလို့။

ခပ်ညစ်ညစ်ကြေးဝါရောင်ကနေ
ရွှေရောင်အဆင်းကိုအရေခြုံပြီး
ဣန္ဒြေဣန္ဒြာကြီးမားလှစွာ
တသွေးတမွေး
တောက်လို့ပြောင်လို့။

ရိုးသားဖြူစင်သူတို့ရဲ့နှလုံးသားမှာ
ရောလို့ယောင်လို့
အပူဇော်ခံလို့။

ပန်းပွင့်တွေဝေဆာနေတော့
ဘယ်သူမှ
ယမ်းနံ့ရမနေကြတော့ဘူး။

၂၂.၉.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar