Breaking News

ကုလသမဂ္ဂညီလာခံက မြန်မာအရေးအပေါ် ဘာအကျိုးသက်ရောက်မလဲ



မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၃ 


ကုလသမဂ္ဂညီလာခံက မြန်မာအရေးအပေါ်  ဘာအကျိုးသက်ရောက်မလဲ 

ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံမှာ ကုလအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံတွေ နဲ့ အခြားသောနိုင်ငံတွေက  မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘာတွေ ပြောဆိုပြီး ဒီလိုပြောဆိုမှုတွေက မြန်မာ့အရေးအပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲဆိုတာ ခန့်မှန်းတွေးကြည့်စရာ ဖြစ်ပါတယ်။ 

စက်တင်ဘာလမှာ ကျင်းပနေကျ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ ညီလာခံမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာ့နိုင်ငံရဲ့ ပဋိပက္ခဟာ ဒေသတွင်းနိုင်ငံတွေကို သက်ရောက်မှုအများကြီးရှိနေပြီး ဒေသတွင်း က အာဆီယံ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားရေးအတွက် ထပ်မံဖိအားပေး လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံအချို့ကတော့ နိုင်ငံတကာအနေနဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိအားပေးတာထက် ယူကရိန်းကို ရုရှားက ကျူးကျော်စစ်မှာ ယူကရိန်းကို ကူညီသလို ကူညီကြဖို့ နှိုင်းယှဥ်ပြီး နှိုးဆော်ပြောဆိုတာမျိုးလည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။ 

စင်ကာပူနိုင်ငံက လည်း ဥရောပမှာ ယူကရိန်းအရေးကို အာရုံစိုက်ကြသလို အရှေ့တောင်အာရှမှာ မြန်မာ့အရေးကိုလည်း အာရုံစိုက်ကြဖို့ တိုက်တွန်းပြောဆိုခဲ့တာတွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာနိုင်ငံက အကောင်အထည်ဖေါ်ဖို့ ဆက်လက်တိုက်တွန်းသွားမယ်လို့ ဆိုပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အကူအညီပေးဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ မလေးရှားနိုင်ငံ ကလည်း ကုလသမဂ္ဂ အနေနဲ့ စစ်ကောင်စီကို ဖိအားထပ်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မလေးရှားနိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံလို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိ စပ်ခြင်းမရှိ ပေမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီရှိတာ၊ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာ၊ ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံကို ပန်းတိုင်ထားကာ သွားရောက်နေကြတာ အစရှိတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းနေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ 

မြန်မာနဲ့ နယ်နိမိတ် ထိစပ်နေပြီး သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရှိပြီး ဒုက္ခသည် အနေနဲ့လည်း လက်ခံထားရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ကိစ္စတွေဆက်လက် ကူညီသွားဖို့ အကောင်းဆုံးလုပ်ကိုင်နေတဲ့ အချက်ကို သတင်းထောက်တွေ မေးမြန်းရာမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်တပ်ဟာ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေတာ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က အတိုက်အခံ လှုပ်ရှားသူတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အဖွဲ့ဝင်တွေနဲ့ ထောက်ခံကူညီသူတွေက ထိုင်းနိုင်ငံထဲမှာ နေထိုင်နေကြတာ ဖြစ်လို့ မြန်မာစစ်အာဏာသိမ်းမှုကို ထောက်ခံတာ၊ ကန့်ကွက်တာ ဆိုတဲ့ အဖြူအမည်း ဆက်ဆံရေးမျိုးထက် စစ်ဘက်က ဆက်ဆံရေး နဲ့ အရပ်ဘက်နိုင်ငံရေးသမားတွေရဲ့ ဆက်ဆံရေးကို သီးခြားစီ ခွဲပြီးလုပ်ဆောင်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ အချို့သော တော်လှန်ရေး အင်အားစုတွေ လိုလားသလို ထိုင်းနိုင်ငံက စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပြတ်ပြတ်သားသားလုပ်ပြီး မြန်မာ အတိုက်အခံတွေကို တိတိလင်းလင်း ထောက်ခံအားပေးတာမျိုး ဖြစ်လာနိုင်ခြေ သိပ်မရှိဘဲ ထိုင်းနိုင်ငံက သူ့ရဲ့ ဝိသေသ နဲ့ သူ့နိုင်ငံအကျိုးစီးပွား၊ သူ့မူဝါဒကို သူချမှတ်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာအတိုက်အခံအင်အားစုတွေ အပေါ် ဆက်ဆံနေတဲ့ သဘောမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။ မကြာခင်လပိုင်းတွေအတွင်းက ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရဖွဲ့လိုက်တဲ့ ဖွေထိုင်းပါတီရဲ့ မြန်မာအပေါ်မူဝါဒက ယခင် အာဏာသိမ်း စစ်ဗိုလ်ချုပ်လက်ထက်က မူဝါဒနဲ့ ကြီးကြီးမားမား ပြောင်းလဲစရာ မရှိတာကြောင့် ကုလသမဂ္ဂမှာ ထိုင်းနိုင်ငံက မြန်မာ့အရေး နဲ့ပတ်သက်လို့ ညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခြင်း မရှိတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ 

ယခုနှစ်မှာ ထူးခြားတာကတော့ အင်အားကြီးနိုင်ငံလည်းဖြစ် မြန်မာ့အိမ်နီးချင်း နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ညီလာခံမှာ ပြောဆိုခြင်း မရှိခဲ့ကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံလို မြန်မာဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံမဟုတ်ပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေ နဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေသလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ အပေါ်မှာ သြဇာရှိတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်ကျော် သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ရှိသလို အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိတဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာ့အရေးမှာ ရှုမြင်ပုံနဲ့ တိုက်တွန်းပုံတွေက ရှင်းရှင်းလင်းလင်း နဲ့ လူသိရှင်ကြားမရှိပဲ ယေဘုယျအားဖြင့်တော့ အာဆီယံရဲ့ ဦးဆောင်မှုကို သဘောတူလက်ခံထားသလို ၄င်းကိုယ်ပိုင် ယူဆချက် ချဥ်းကပ်မှုနဲ့ တိုက်တွန်းမှုတွေလည်း ရှိနေတဲ့ သဘောဖြစ်ပါတယ်။ တရုတ်နိုင်ငံအဖို့ ဘယ်သူဘယ်ဝါ နိုင်ငံရေး အာဏာရခြင်းထက်ကို မြန်မာနိုင်ငံမှာ အင်အားစုတစုက တည်ငြိမ်အောင် ထိန်းထားနိုင်မယ်ဆို ထိန်းထားနိုင်တဲ့ အင်အားစုကို ထောက်ခံမယ့် သဘောမျိုးလို့ ယူဆရပါတယ်။ 

ကုလသမဂ္ဂ ညီလာခံအပြီး မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ဘာတွေ ပြောင်းလဲ သက်ရောက်လာနိုင် သလဲဆိုတာ ခြုံငုံသုံးသပ်ကြည့်ရင် ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲ မရှိပဲ ကုလသမဂ္ဂမှာ မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်ကိုလည်း ကိုယ်စားပြုမှုမပေးသလို အမျိုးသားညီညွတ်ရေး အစိုးရဘက်က ကိုယ်စားလှယ်ကိုလည်း ကိုယ်စားပြုမှုမပေးဘဲ စစ်အာဏာမသိမ်းမီခန့်အပ်ထားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကုလသံအမတ် ဦးကျော်မိုးထွန်းကို ဆက်လက် တာဝန်ပေးမှုအနေနဲ့ ထားဖို့ ဆုံးဖြတ်လိုက်ကြတဲ့သဘော တွေ့ရပါတယ်။ 

လုံခြုံရေးကောင်စီ အနေနဲ့ ယခင် နှစ်တွေက ချမှတ်ထားခဲ့တဲ့ မလိုက်နာမနေရမဟုတ်တဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်မှာ နောက်ထပ် ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ အလားအလာလည်း မတွေ့ရပဲ မြွေမသေ တုတ်မကျိုး အနေအထားမျိုး ဆက်လက်ဖြစ်ပေါ်နေမယ် လို့ခန့်မှန်းတွက်ဆရပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar