Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၀ )



အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၀ )

(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၃

24/9/23

Diary in the darkness


ရာသီဥတုက ပူစပြုပြီ။ ည ၈း၅၅ နာရီက ငလျင်ကြီးလှုပ်တယ်။ နောက်ထပ် သုံးကြိမ်လောက် ဆက်လှုပ်သေးတယ်လို့ ပြောကြတယ်။ ကျနော် မသိတော့ပါ။ အိပ်ပျော်သွားတယ် ထင်ပါတယ်။

မီးပျက်ချိန်က တနေ့ ၁၆ နာရီလောက်ရှိလာပြီ။ မီးလာချိန်က ၈ နာရီလောက်ပဲရှိတယ်။ ပြတ်တောင်းပြတ်တောင်းမကြာခဏပျက်သေးတယ်။ ထမင်းချက်ဖို့ ၊ ရေတင်ဖို့၊ အဝတ်လျှော်ဖို့ အလုအယက် လုပ်ရတယ်။

မနက်စောစော ငယ်သူငယ်ချင်းဟောင်းတစ်ယောက်က ဆန်တစ်အိတ် လာပို့တယ်။ သူ့ဆီမှာ ဆန်ရှိတုန်း အခမဲ့လာပို့တာပါ။ သူကဆန်ကုန်သည်ကြီး ဆိုတော့ သူငယ်ချင်းတွေကို သူတတ်နိုင်သလောက် ဆန်ကူညီလေ့ရှိတယ်။ သူစကားအရ ဒီနှစ် ဆန်အထွက် ခါတိုင်းထက်နည်းမယ်။ နိုင်ငံခြားမှာ ဆန်ဈေးကောင်းနေတယ်။ အန္ဒိယက မြန်မာ ဆီက ဆန်ကိုဝယ်ပြီး သူ့ဖောက်သည်တွေဆီ ဖြန့်ဖို့လုပ်နေတယ်။ သူ့ပြည်တွင်းက ဆန်ကိုတော့ ထုတ်မရောင်းဘူးတဲ့။ မြန်မာပြည်ကတော့ ဆန်အထွက်နည်းပေမယ့် ပြည်တွင်းအတွက် ကောင်းကောင်းဖူလုံတယ်။ နိုင်ငံခြားကို ထုတ်ရောင်းရင်တော့ မပြောတတ်ဘူးတဲ့။ အခုဆန်တွေကိုနယ်ကျော်ခွင့် ပိတ်လိုက်တာကြောင့် မြို့ကြီးတွေမှာ ဆန်အခက်အခဲရှိလာမယ်ခန့်မှန်းတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေ အခက်အခဲ မကြုံရအောင် ဆန်လိုက်ဝေထားတာတဲ့။ နောက်လဆို ဘာဖြစ်မယ်ဆိုတာ သူမပြောနိုင်ဘူးတဲ့။ အခုလာမယ်နှစ်မှာ ဆန်ဈေး တက်မှာသေချာနေတယ်တဲ့။ အထူးသဖြင့် နယ်ကျော်ခွင့် ပိတ်လိုက်တာရယ်၊ ဝန်ဆောင်မှုခရီးစရိတ် တက်နေတာတွေကြောင့်ရယ်နဲ့ ဒေါ်စိန်အေးကျောင်းဆင်းတွေ ကိုယ်တိုင် ဆန်ဖြန့်ချိရေးကို အားကြိုးမာန်တက် စီမံခန့်ခွဲတော့မှာကြောင့်  အခက်အခဲတွေဖြစ်မှာ သေချာနေပြီတဲ့။ 

ကျနော့်အတွက်တော့ ဆန်အိတ်လိုက် ရှိနေပြီမို့ နောက် သုံးလ လောက် စိတ်အေးရပြီ။ တပတ် တစ်ရက် ဆန်ပြုတ်သောက်တဲ့ လေ့ကျင့်ခန်းကလည်း လုပ်ထားတာမို့ အေးဆေးပါ။ လိုအပ်ရင် တပတ် နှစ်ရက်လောက် ဥပုသ် စာင့်လိုက်ပြီး ညစာလျှော့စားလိုက်မှာပေါ့။

သူငယ်ချင်းနဲ့အတူပါလာတဲ့ ကားပွဲစားကလည်း အကြံပေးတယ်။ တရုတ်က လျှပ်စစ်ကားတွေကို ဥရောပက တင်သွင်းခွင့်မပြုတာကြောင့် တရုတ်က ကားဈေးတွေ လျှော့ရောင်း‌နေပြီတဲ့။ ဒါကြောင့် တရုတ်ကားတွေဝယ်ပြီး အငှားဆွဲရင် စီပွားဖြစ်ဖို့ အလားအလာရှိသတဲ့။ ဓါတ်ဆီထည့်စရာမလိုတာကြောင့် ဓာတ်ဆီဈေးတက်ရင်လည်း ပူစရာမလိုဘူးတဲ့။ အင်း သူ့အကြံလည်းမဆိုးပါဘူး။ သူသာ မအလ ရဲ့ ထိပ်တန်းစီးပွားရေးအကြံပေး ဖြစ်ရင် သိပ်ကောင်းမှာ။ ဆဲလို့ သိတ်ကောင်းမှာကို ပြောတာပါ။ 

ဘာကြောင့်ရယ်မသိဘူး၊ ခုတလော စကစ လော်ဘီတွေက စစ်အစိုးရကို ဝေဖန်တိုက်ခိုက်လာတယ်။ စကစ တပ်ပျက်နေတယ် ဆိုတာကို သူတို့က အတည်ပြုပေးနေသလိုဖြစ်တယ်။ အောက်ပါလင့်မှာကြည့်ပါ။ 

https://www.facebook.com/100072192513934/videos/672254838196507/?mibextid=Nif5oz

စစ်အစိုးရရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီတွေ လာဘ်စားမှုနဲ့အရေးယူခံရတဲ့သတင်းကို လူတွေက အားရဝမ်းသာ ဖြန့်ချိနေကြတယ်။ သတင်းတိုတွေပို့ကြ။ တိုးတိုးတိတ်တိတ်ပြောကြ။ စစ်တပ်ထောက်ခံသူတွေဘက်မှာလည်း ကမ္ဘာပျက်သလို ဖြစ်သွားတယ်။ စစ်တပ်လော်ဘီတွေကလည်း စစ်တပ်ကို ပေါ်ပေါ်တင်တင် ဝေဖန်ပြစ်တင်လာကြတယ်။ တပ်ပျက်နေတယ် ဆိုတဲ့သတင်းတွေကလည်း လူပြောသူပြေ ာများလာတယ်။ 

အဖွဲ့အစည်းတခု ပျက်စီးဖို့ဆိုတာ အတွင်းပဋိပက္ခက အဓိကကျတယ် ဆိုစကား ကြားယောင်မိတယ်။ ရန်သူဘက်က ပျက်စီးမှုဟာ မိတ်ဆွေဖက်ကို အထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေ အောင်ပွဲခံနိုင်ဖို့က တော့ မိတ်ဆွေကျင့်ဝတ်တွေ ဘယ်လောက်စောင့်ထိန်းနိုင်မလဲ၊ ဘယ်လောက်စွမ်းရည်ရှိမလဲ၊ ဘယ်လောက် သစ္စာရှိမလဲ ၊ တော်လှန်ရေးအပေါ် ဘယ်လောက် ယုံကြည်မှုရှိမလဲ ဆိုတဲ့အပေါ် အများကြီးမူတည်နေပါတယ်။ တော်လှန်ရေးတပ် (အထူးသဖြင့် ဖဒရယ်တော်လှန်ရေးတပ်) ဆိုတာကလည်း တိုက်ရင်းနဲ့တည်ဆောက်ရတာမို့ စိန်ခေါ်မှုတွေအမြောက်အမြား ရှိနေတာ သဘာဝကျပါတယ်။ အောင်မြင်မှုကို လှမ်းမြင်နေရသလို အခက်အခဲတွေကိုလည်း တွေ့မြင်နေရပါတယ်။


အန်ကယ် တူမီး

၂၃/၉/၂၃



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar