Breaking News

ဟောလီးဝုဒ်သပိတ်၊ အေအိုင်၊ ပစ္စည်းပျက်ပြင်ခွင့်နဲ့ ကိုဗစ် သောင်းပြောင်းထွေလွာ


ဟောလီးဝုဒ်သပိတ်၊ အေအိုင်၊ ပစ္စည်းပျက်ပြင်ခွင့်နဲ့ ကိုဗစ် သောင်းပြောင်းထွေလွာ

နိုင်ငံတကာသာဂိ၊ (မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၂၃


ဟောလီးဝုဒ်က စာရေးဆရာများ၊ ဇတ်ညွှန်းရေးဆရာများက ဟောလီးဝုဒ် ရုပ်ရှင် ရုပ်မြင်လုပ်ငန်းရှင်ကြီးများကို လုပ်ခ လစာ ခံစားခွင့်များ တိုးပေးဖို့ သပိတ်မှောက်နေကြတာ ၅ လရှိပြီ။

မနေ့ကတော့ ညှိနှိုင်းမှုတွေ ပြေလည်သွားကြပါတယ်။ ရုပ်ရှင်တွေ ရုပ်သံအစီအစဉ်တွေ အသစ်မရိုက်နိုင်ဘဲ ရပ်နားသွားတာ မသိတဲ့သူတွေက သိမှာ မဟုတ်ပါဘူး။ သူတို့ မှောက်ကြတဲ့အကြောင်းကို သည်လို ဖတ်ရပါတယ်။

The Writers Guild of America (WGA) နှင့် အဓိက ရုပ်ရှင်နှင့် တီဗီစတူဒီယိုများသည် တနင်္ဂနွေနေ့တွင် ၁၄၆ ရက်ကြာ သပိတ်မှောက်မှုကို အဆုံးသတ်ရန် အကြိုသဘောတူချက်တရပ်ကို ရရှိခဲ့သည်။ ဟောလီးဝုဒ်ကို တုန်လှုပ်သွားစေပြီး ရုပ်မြင်သံကြားနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေ ရပ်ဆိုင်းစေခဲ့တဲ့ ဆန္ဒပြမှုဟာ ဟောလီးဝုဒ်သမိုင်းမှာ အရှည်ကြာဆုံး အလုပ်သမားအငြင်းပွားမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အခု သဘောတူချက် ၃ နှစ် စာချုပ်မှာ - 

ကျယ်ပြန့်တိုးမြင့်ပေးဖို့ ခံစားခွင့်များ (ရုပ်သံလွှင့်တိုင်း ခံစားခွင့်အချိုးတခု ရဖို့အထိ ပါတယ်)

ရုပ်မြင်သံကြား "စာရေးဆရာအခန်း" အပြည့်အစုံ ထားရှိဖို့၊

 AI ဆိုတဲ့ ဉာဏ်ရည်တုနဲ့ ဇာတ်လမ်းတွေ ရေးလာ သုံးလာတာကို အကာအကွယ်ပေးဖို့ (ကန့်သတ်မှု ထားဖို့ အရင်တိုင်ပင်ဖို့) တွေ ပါတယ် ပြောပါတယ်။

ရုပ်ရှင် ရုပ်သံ စာရေးဆရာများသမဂ္ဂသပိတ်ပြီးသွားပေမယ့် ဆက်သပိတ်မှောက်နေဆဲ ရုပ်ရှင် ရုပ်သံ သရုပ်ဆောင်များ သမဂ္ဂ၏ သပိတ်မှောက်မှု ဆက်ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။

သည်တော့ လူတိုင်းဘ၀ထဲ ရောက်လာနေတာက AI ဖြစ်လာပါတယ်။ အင်တာနက်ပေါ်က ChatGPT လို ဉာဏ်ရည်တုဟာ ကျောင်းသားတွေအတွက် အိမ်စာလုပ်ပေးနေရာကနေ လူမှုဘ၀၊ စီးပွားဘ၀၊ အလုပ်ဘ၀တွေထဲ ချဉ်းနင်းဝင်ရောက်လာပါတယ်။ သူ့ကို ခိုင်းတတ်ရင် ကဗျာလည်းရေး၊ ကာတွန်းလဲ ဆွဲ၊ သရုပ်ဆောင်ပါ လုပ်ပေးနိုင်တယ်ဆိုတော့ အလုပ်သမားတွေ အလုပ်ရှင်တွေ ဖြုံကြတာ မဆန်းပါ။ ဒီနေ့ သတင်းခေါင်းစဉ်တွေထဲမှာ - 

ChatGPT က ဆရာဝန် ၁၇ ဦး ရှာမတွေ့ခဲ့တဲ့ ကလေးတဦး၏ နာတာရှည်ရောဂါဇာစ်မြစ်ကို ရှာဖွေပေးခဲ့ပါတယ်။

ChatGPT ၏ မိုဘိုင်းအက်ပ်များသည် iOS နှင့် Android အတွက် အဆင့်မြှင့်တင်မှုနဲ့ ဝန်ဆောင်မှုအသစ်များ ယနေ့တွင် စတင်အသုံးပြုနိင်ပါပြီ။

OpenAI ၏ ChatGPT သည် အဓိက အပ်ဒိတ်တခုကတော့ “မြင်၊ ကြား၊ နှင့် စကားပြော" နိုင်မည်ဖြစ်ပါတယ်။

သုံးတတ်ရင် ဆေးဆိုတာကတော့ - AI သည် သင်၏ လက်ထောက် ကိုယ်ပွား လူယုံတော် အကြံပေးအဖြစ် နောက်ကွယ်ကနေ တာဝန်ထမ်းနိုင်ပါတယ်။ သင့်ဘက်က သူ့ကို မွေးစားဖို့သာ လိုပါတယ်။

သင်ကိုယ်တိုင် ညံ့ရင်တော့ မင်းအောင်လှိုင်အောက်က ဇော်မဲလုံးလို အေအိုင်အဆင့်မျိုးနဲ့ ပြီးမှာပေါ့ဗျာ။ မူရင်းကောင်းမှ မိတ္တူကောင်းမယ် ဆိုသကိုး။

နောက်တခုကတော့ အမေရိကားမှာ ပစ္စည်းပျက်ရင် ပြင်ဆင်ခွင့် ရှိဖို့ အခွင့်အရေး ပြဋ္ဌာန်းဖို့ ဥပဒေပြုဖို့ တောင်းဆိုနေကြပါသတဲ့။ ကြံကြံဖန်ဖန်။ Right to Repair

ဟုတ်တယ်။ အမေရိကားမှာ ပစ္စည်းပျက်ရင် မပြင်ကြဘူး၊ ပြင်ဖို့ကလည်း ခက်တယ်၊ အဟောင်းတွေအစား အသစ်တွေက အမြဲတိုးနေတော့ အသစ်ပဲ ဝယ်လဲကြတော့တယ်။ စပယ်ယာပတ်တွေလည်း ရှာမရ။ ကုမ္မဏီတွေက ပစ္စည်းအဟောင်းလဲပြီး ပြင်ဆင်တာ အားမပေးလို့ တမင်ခက်အောင် လုပ်ထားကြတယ် ဆိုပါတယ်။ သည်တော့ -

Right to Repair Act ဆိုတာကို တောင်းဆိုကြသတဲ့။ ကယ်လီဖိုးနီးယားလို လစ်ဘရယ်တွေ ပေါတဲ့ဆီကလဲ အပြောများသလို လယ်သမားတွေ တောင်သူတွေများတဲ့ အလယ်ပိုင်းပြည်နယ်တွေကလည်း တောင်းဆိုပါတယ်။ သူတို့ လယ်ထွန်စက်အဟောင်းတွေ ကောင်းနေတုန်း ပစ္စည်းရှာမရလို့ အသစ်ဝယ်ရမယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့ ထောက်ပြကြပါတယ်။ အမေရိကားမှာ ကားပြင်တာကအစ အပျက်ပြင်ဆိုင်တွေလဲ ရှားပါးလာ၊ စျေးတွေလဲ မြင့်လာတော့ အသစ်ပဲ ဝယ်သုံးကြတဲ့သဘော။

ကိုယ့်ဘာသာ ပြုပြင်ပိုင်ခွင့်ဆိုသည်မှာ စားသုံးသူများသည် ၎င်းတို့၏ကိုယ်ပိုင်ပစ္စည်းများကို ပြုပြင်ပိုင်ခွင့် သို့မဟုတ် ၎င်းတို့နှစ်သက်သည့် ပြုပြင်ဝန်ဆောင်မှုကို ရွေးချယ်သင့်သည်ဟူသော အယူအဆ ဖြစ်သည်။ စားသုံးသူများအတွက် ၎င်းတို့၏ပစ္စည်းများကို ပြင်ဆင်ချင်ပါက လွယ်ကူစေရန် ဈေးသက်သာစေရန် ရည်ရွယ်ပါတယ်။

စက်ပစ္စည်းများကို အလွန်အကျွံ အသစ်ဖြင့်အစားထိုးခြင်းအစား ပြုပြင် ပြင်ဆင်မှုကို အားပေးအားမြှောက်ပြုပါသည်။ ပြုပြင်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းများမှတစ်ဆင့် အီလက်ထရွန်နစ်စက်ပစ္စည်းများ၏ သက်တမ်းကို တိုးမြှင့်ရန် ရည်ရွယ်သည်။ ၎င်းသည် e-waste များကို လျှော့ချရန်နှင့် ပြုပြင်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း လုပ်သားဈေးကွက်များ၏ ရှင်သန်နိုင်စွမ်းကို ကာကွယ်ပေးနိုင်သည် လို့ ရေးထားပါတယ်။

နောက်တခုကတော့ ကိုဗစ်တွေ ပြန်ဖြစ်နေတယ်၊ ဖြစ်တဲ့သူတွေ တိုးလာတယ် လို့ ပြောပါတယ်။ လူတွေက ဆေးရုံတွေဆီ ရောက်တဲ့အထိ အခြေအနေမဆိုးပေမယ့် အခု ဗီဇအသွင်ပြောင်း ကိုဗစ်က ကူးစက်လွယ် မြန် ဖြစ်နေတယ် ပြောပါတယ်။ သာမန် အအေးမိ ချောင်းဆိုး နှာစေးနဲ့ ပြီးတယ်ဆိုပေမယ့် ကိုဗစ်က ကိုဗစ်ပါပဲ။ 

သမ္မတကြီး ဘိုင်ဒင်တောင် ကိုဗစ်ကာကွယ်ဆေးအသစ် ထိုးထားပြီးပါပြီ။ သက်ကြီးတန်းတွေ ကိုဗစ်ဆေးထိုးဖို့ တိုက်တွန်းနေကြပါတယ်။ ကိုဗစ်တွေ ပြန်ဖြစ်နေတယ်ဆိုတာ ဘယ်လိုလုပ် ကျန်းမာရေးဌာနက ဘယ်လို ထောက်လှမ်းသိရှိသလဲ တဲ့။ သူတို့က မြို့နယ် ခရိုင်အလိုက် ရေပေးရေဝေစနစ်တွေ ရှိသလို ရေဟောင်း စွန့်ပစ် မိလ္လာကန်တွေ ပိုက်တွေ စနစ်တွေ ရှိတော့ သူတို့မြို့တွေက မိလ္လာကန်တွေကို ဆေးစစ်ကြည့်ကြတာ ဆိုပဲ။ မစင်တွေ ဆီးတွေဆီကနေ ကိုဗစ်ပိုးကို ထောက်လှမ်းပြီး ထုတ်ပြန်ကြတယ် ပြောပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar