Breaking News

ဝင်းမင်းခိုင် - ပုန်ကန်သူနဲ့တရားသူကြီး

ပုန်ကန်သူနဲ့တရားသူကြီး
ဝင်းမင်းခိုင်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၃

သူအခန်းထဲဝင်လာတော့
ငါတို့မတ်တပ်ရပ်အရိုသေပေးရတယ်။
လုပ်ထုံးလုပ်နည်းတွေအတိုင်း အဆင့်ဆင့်ပြီးခဲ့ပြီးပြီမို့လို့
ဒီအခန်းထဲငါလာရတာ ဒါနောက်ဆုံးပဲဖြစ်လိမ့်မယ်။

စာရေးက
စာရွက်စာတမ်းတထပ်သူ့ရှေ့ချထားပြီးတဲ့နောက်
တိတ်ဆိတ်ငြိမ်သက်။

အဆီပြန်ဖောင်းကားသူ့မျက်နှာကို
ဗူးထဲကတစ်ရှုးတစထုတ်သုတ်ရင်း အဝင်တံခါးကိုလှမ်းကြည့်
ဣန္ဒြေရရတချက်သမ်းတယ်။

နောက်တကြိမ်တိုင်ကပ်နာရီကိုမော့်ကြည့်နေတုန်း
လူတယောက်ခပ်မှန်မှန်ပဲဝင်လာတယ်
စာရွက်ခေါက်တခုသူ့စားပွဲပေါ်ရောက်လာတယ်။

စာရွက်ခေါက်ကိုဖြန့်ချ လည်ချောင်းတချက်ရှင်း
ဩဇာရှိတဲ့အသံနဲ့ "အမိန့်ဒီဂရီ" ကိုဖတ်ပြတယ်။

တရားသူကြီးအလုပ်ဆိုတာ
စာဖတ်တတ်ရုံပဲလိုအပ်တဲ့အလုပ်အမျိုးအစားလို့
ငါတို့ဘယ်တုန်းကမှထင်မထားမိခဲ့ကြဘူး။   ။

၁၂.၁၀.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar