နေသွင်ညိဏ်း - ‘အိ - အား- ဒိုင်း - ညှောင့်’ - Feeling Good
အိ - အား- ဒိုင်း - ညှောင့် - Feeling Good
နေသွင်ညိဏ်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၃
ဒီရက်ပိုင်း ကျနော့်စိတ်ထဲ ပဲ့တင်ထပ်နေတဲ့ စကားလုံးက ‘Outrage Porn’ ဆိုတာပါပဲ။ စီးပွားရှာဖို့၊ လူကြည့်များဖို့ လူကြည့်ပြီးရော အတင်း အဖျင်းတွေ၊ အပုပ်အစပ်တွေ၊ ဒေါသဆွတဲ့ အကြောင်းအရာတွေကို အသားပေးရင်း မီဒီယာဆိုတာတွေ အပြာဆန်လာတာကို ဆိုလိုပါတယ်။
တကယ်တော့ ဒီစကားလုံးကို (The Subtle Art of Not Giving a F-k) မှာ Mark Manson ပြန်ရေးမှ ပထမဆုံး သတိထားမိခဲ့ပါတယ်။
စာရေးဆရာ၊ ဆောင်းပါးရှင် Ryan Holiday က ဒီလိုဆိုတယ်။
ဒေါသဆွတဲ့အပြာဆန်ဆန် အတင်းအဖျင်းတွေကို ရေးသားရတာက မီဒီယာတွေအတွက် တကယ့်သတင်းတွေ၊ အရေးကြီးကိစ္စတွေ ဖော်ထုတ်ရေးသားတင်ပြရတာလောက်မခက်ဘူး။ ဒါပေမယ် အမြတ်အစွန်းက တော့ ပိုရတယ်လေ။ ဒေါသဆွ’ စရာ တော်ရုံတန်ရုံကို ရှာ၊ ပြီးရင် လူသိအောင်လုပ်၊ တနေရာက ဒေါသတွေကိုဆွဲထုတ်လာပြီး လူတွေကြားထဲ ပြန့်သွားအောင် ပြန်လုပ်၊ ဒီလိုနဲ့ နောက်ထပ် လူတွေကြားထဲ ဒေါသတွေ အရှိန်တက်အောင်လုပ်ပြီး၊ လူတွေကို လူ့အဖွဲ့အစည်းထဲက တကယ့်ပြသနာတွေကနေ ဝေးရာကို ဆွဲခေါ်သွားတဲ့နည်းပါပဲ။
နယူးယောခ်တိုင်းရဲ့ နိုင်ငံရေး ကာတွန်းဆရာနဲ့ အက်ဆေးရေးဆရာ Tim Kreider ကလည်း ‘ ဒေါသဆိုတာလည်း ခံစားလို့ ကောင်းတဲ့ အရာပါပဲ’ လို့ ဆိုတယ်။
ဒါတွေကို ကျနော်တို့ အတွက် နားလည်ဖို့ မခက်ပါဘူး။ ဆရာကြီး ဦးသုခ ရဲ့ ဘဝသံသရာ သီချင်းထဲမှာတင် တွေ့နိုင်ပါတယ်။
‘ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ အဝိဇ္ဇာ၊ ပစ္စယာ၊ င်္သခါရ ...‘
လူ့စိတ်ကို လှည့်စားနေတာ ဒီ သင်္ခါရ တရားတွေဆိုတာ တရားစကားနည်းနည်း တီးခေါက်မိရင် ရိပ်မိနိုင်ပါတယ်။ ပညာသိကတော့ နောက်တဆင့်ပေါ့လေ။
ဆိုရှယ်မီဒီယာခေတ်၊ လူတွေဆီက အာရုံစိုက်မှုရဖို့၊ ဒီနည်းနဲ့ စီးပွါးရှာတဲ့ ပလက်ဖောင်း အမျိုးမျိုးဟာ ဒေါသဆွ’ သူဆွ၊ လောဘဆွသူဆွ၊ မောဟဆွသူဆွ လုပ်နေကြတာ အလွန်များလာပါတယ်။ တခါက မီဒိယာကြီးတခုက လူကြီးတယောက်က သတင်းဆိုတာလည်း ဖျော်ဖြေရေးပါပဲ’ လို့ ပြောဖူးလို့ စိတ်ညစ်ခဲ့ဖူးတယ်။ကျနော်ပဲ လေ့လာမှု အားနည်းတာ နေမှာပါ။
အဓိက ပင်မမီဒီယာတွေကတောင် ဒီလိုမျိုးကြိတ်ကြံ (လူရှေ့သူရှေ့တော့ တမျိုးပြောနိုင်သေးတာပေ့ါ) နေတယ်ဆိုရင် အပြာမီဒီယာတွေအရေးဟာ စိတ်ပူစရာ ဖြစ်နေတော့တာပေါ့။ အွန်လိုင်း ပေါ်က ငွေရှာတဲ့ ပလက်ဖောင်းပေါင်းများစွာ အကြောင်းကတော့ ဘာပြောစရာလိုတော့မလဲ။
အပြာမီဒီယာတွေဟာ ရှိနေတဲ့ သမိုင်းတလျောက်လုံးပါပဲ။ ဒါပေမယ့် ပင်မ မီဒီယာ ဖြစ်မလာပါဘူး။ လူ့အဖွဲ့အစည်းဆိုတာ တာဝန်ခွဲခြား လုပ်ကိုင်ခြင်းဆိုတဲ့ အသစ်တွေ့ရှိချက်ကိုတွေ့ပြီးနောက် ပိုတိုးတက်ခဲ့တာလို့ နားလည်ခဲ့ရပါတယ်။ အခုတော့ အုတ်ရောရောကျောက်ရောရောပါပဲ။ အန်ဂျီအိုက မီဒီယာအလုပ်ဝင်လုပ်၊ မီဒီယာက အန်ဂျီအိုအလုပ် ဝင်လုပ်တာလည်း သာမန်ဖြစ်နေပါပြီ။ ငွေသာ အဓိကတရားနဲ့ ရှုပ်ထွေးကုန်ပြီ။
မြန်မာသတင်းစာသမိုင်းမှာ ‘ကိုယ့်လူရေ၊ အိ - အား ဒိုင်း - ညှောင့်တွေနဲ့တော့မဖြစ်တော့ဘူးလို့ သတင်းစာ ဆရာကြီးတယောက် (လူထုဦးလှ ထင်ပါတယ်။) တခါက ညည်းဖူးတယ်။ ဒါဟာလည်း ပြန်ချုပ်ရရင် လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ ‘ဆွစား’ မီဒီယာတွေအကြောင်းပါပဲ။
မီဒီယာ အလုပ်တွေကနေ နားနေတဲ့ အချိန်မှာ ဒီလိုတွေ မရေးချင်ပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ် ပွဲဆူနေတဲ့ တချို့ကိစ္စတွေက ကျနော့်ကိုလည်း သွေးဆူ စေပါတယ်။ တမင်မြှူခေါ်နေတဲ့အကြောင်းအရာတွေနောက်ကို လိုက်ပြီး သွေးဆူတာမျိုးမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးမပြု၊ တကယ့်ရှိနေတဲ့ ပြဿနာ၊ နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ လိုနေတဲ့ နည်းနာတွေကနေ သွေဖည်နေတဲ့ ကိစ္စတွေကို ဒေါသထွက်တာပါပဲ။ ခံစားကောင်းဖို့ သက်သက်၊ Feeling Good ၊ တနည်း နတ်ကရာ (ကျီး) ကြည့်မောရမယ့် အချိန်မဟုတ်ပါဘူး။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar