စစ်ကြောင်းထိုးဆဲ၊ သတ်ဖြတ်ခံရဆဲ စစ်ကိုင်း နဲ့ မကွေး
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၅ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၃
စစ်ကြောင်းထိုးဆဲ၊ သတ်ဖြတ်ခံရဆဲ စစ်ကိုင်း နဲ့ မကွေး
မန္တလေးတိုင်း နဲ့ မကွေးတိုင်း ထိစပ်ရာ ရေစကြိုမြို့နယ်ထဲက ရေလည်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကြောင်းဝင်တာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖြစ်ပြီးခုရက်ပိုင်းမှာတော့ နွယ်နီရွာမှာ အမျိုးသမီးတဦး သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ အဆိုပါ ရေလည်ကျွန်းဒေသကို အောက်တိုဘာ ၁၂ ရက်နေ့လောက်ကတည်းက ဝင်ရောက်နေတာ ဖြစ်ပြီး ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပြီး အခု သတ်ဖြတ်ခံရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးက ကျေးရွာထဲမှာ ကျန်ရှိနေသူဖြစ်ပြီး စစ်ကြောင်းဝင်လာစဥ်မှာ ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောဆိုတယ်လို့ သတင်းထဲ ဖော်ပြထားပါတယ်။
မကွေးတိုင်းထဲက ရေလည်ကျွန်းဒေသဟာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အင်အားကောင်းတဲ့ ဒေသဖြစ်ပြီး မကြာခဏ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ပခုက္ကူခရိုင်ထဲက ပခုက္ကူ၊ မြိုင်၊ ရေစကြို မြို့နယ်တို့ဟာ ပီဒီအက်ဖ် အဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေဖြစ်ပြီး ထိစပ်နေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်တို့နဲ ထိစပ်နေတာကြောင့် ပီဒီအက်ဖ် အဖွဲ့တွေအချင်းချင်း အပြန်အလှန် ကူညီနိုင်ကြတဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။
သို့ပေမဲ့ ဒီကျယ်ပြန့်လှတဲ့ ဒေသတွေကို တော်လှန်ရေး အင်အားစုတွေ ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်သေးဘဲ စစ်ကောင်စီဘက်က မကြာမကြာ စစ်ကြောင်းထိုးလာတဲ့အခါ ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်ပေးရတဲ့ အနေအထားမျိုးလည်း ဖြစ်နေတာပါ။ နေအိမ်တွေ မီးရှို့ခံရတာ၊ ပိုင်ဆိုင်မှုတွေ ယူဆောင်ခံရတာ၊ မီးရှို့ဖျက်ဆီးခံရတာတွေလည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက ရေလည်ကျွန်းဒေသလို အလားတူ စစ်ကြောင်းတွေ ဝင်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေလည်း ရှိနေတာ သတင်းတွေထဲ တွေ့ရမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၂ သောင်းကျော် မိမိတို့နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ ရွှေဘိုနဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို အင်အားရာဂဏန်း ရှိနိုင်တဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းနဲ့ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေထဲကို ဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။ အခုလို စစ်ကြောင်းထိုးစဥ် အတွင်း ရွှေဘိုမြို့နယ် သရက်ပင်ဝန်း ကျေးရွာမှာ ရွာသား ၃၀ လောက် ဖမ်းဆီးခံထားရတယ်လို့လည်း သတင်းတွေက ဖော်ပြထားတာ တွေ့ရပါတယ်။
စစ်ကောင်စီ တပ်တွေဟာ ကျေးရွာတွေကို ဝင်ရောက်တဲ့အခါ ကျေးရွာနဲ့ လမ်းမှာ တွေ့ရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ညှင်းပန်းနှိပ်စက်တာနဲ့ ပီဒီအက်ဖ်လို့ မသင်္ကာတဲ့ အမျိုးသားတွေဆို သံသယနဲ့တင် သတ်ဖြတ်တာတွေ လုပ်ဆောင်လေ့ရှိသလို နေအိမ်တွေက ရိက္ခာတွေ ဖျက်ဆီးတာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ယူဆောင်သွားတာတွေ လုပ်လေ့ရှိပါတယ်။ ဒီလို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရမယ့် အခြေအနေမကြုံတွေ့ရအောင် စစ်ကြောင်းဝင်ပြီဆိုတာနဲ့ နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ထားရှိပြီး အသက်အန္တရာယ် နှိပ်စက်ညှင်းပန်းခံရမယ့် အန္တရာယ်က လွတ်မြောက်အောင် ထွက်ပြေးကြရတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒေသခံတွေထဲမှာ အချို့သောသူတွေ အနေနဲ့ ခက်ခဲစွာရှာဖွေ တည်ဆောက်ထားရတဲ့ နေအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ် သံယောဇဥ် မပြတ်နိုင်ခြင်းကြောင့် ချက်ချင်း ထွက်ပြေး တိမ်းရှောင်ခြင်းမပြုပဲ နေရစ်ခဲ့ကြရာက ဖမ်းဆီးခံရ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မျိုးတွေ၊ တချို့သော အခြေအနေမှာ ကျန်းမာရေးနဲ့ အသက်အရွယ်ကြောင့် မိမိတို့နေအိမ်က မခွာနိုင်တော့ပဲ အသတ်ခံရရင်လည်း ခံရပါစေ ဆိုတဲ့ စိတ်ဒုန်းဒုန်းချပြီး နေအိမ်တွေမှာ ချန်နေခဲ့တဲ့ သူတွေလည်း ရှိနေတာ သတင်းတွေထဲ ဖတ်ရှုရလေ့ရှိပါတယ်။
စစ်ကောင်စီ အနေနဲ့ တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်းနေတာမျိုး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးတဲ့ ၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပနေချိန် မြန်မာနိုင်ငံ အထက်ပိုင်းက ကျေးရွာတွေမှာ အခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သတ်မှတ်ရာမှာ လတ်တလော နှစ်တွေမှ လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဆွေးနွေးဖက်အဖြစ် သတ်မှတ်လေ့မရှိတာ တွေ့ရမှာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ၂၀၀၉ ခုနှစ်မှ စတင်ထင်ရှားလာတဲ့ ရက္ခိုင့်တပ်တော် ခေါ် AA ကို ဆွေးနွေးဖက်အဖြစ် အသိအမှတ်မပြုလိုတာ တွေ့ရသလို အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းလာတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုလည်း စစ်ကောင်စီက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခြင်း မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ PDF အဖွဲ့တွေကို စစ်ကောင်စီဘက်က အကြမ်းဖက် အဖွဲ့လို့ တံဆိပ်ကပ်ကာ ဆွေးနွေးဖက်အဖြစ် သတ်မှတ်ခြင်းမရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
ဒါကိုကြည့်ရင် စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲက ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု ၈ နှစ်ပြည့်အခမ်းအနားဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားလို့ လုပ်ဆောင်ခြင်းထက် လက်နက်ကိုင် အဖွဲ့အချို့ကို လက်ရှိ အနေအထားမှာ တိုက်ပွဲပြန်ဖြစ်ပွားခြင်း မရှိအောင် ထိန်းထားဖို့ ရည်မှန်းတဲ့ နိုင်ငံရေး အခင်းအကျင်း တခုသာ ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar