Breaking News

လားရှိုးမြို့အနီးထိရောက်လာတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်နဲ့ လားရာကို မှန်းဆကြည့်ခြင်း


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၃


လားရှိုးမြို့အနီးထိရောက်လာတဲ့ ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်နဲ့ လားရာကို မှန်းဆကြည့်ခြင်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့  စစ်ကောင်စီ စခန်းတွေ နဲ့ ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်မှုတွေ ဒုတိယမြောက်နေ့ အဖြစ်ဆက်လက် ဖြစ်ပွားနေပြီး မုံးကိုး၊ သိန္နီမြို့ ၊ လားရှိုးမြို့ အနီးတို့မှာ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး TNLA  ကတော့ နမ့်ဖတ်ကာ၊ နမ်းခမ်းကားလမ်း က စခန်းတချို့ကို တိုက်ခိုက်သိမ်းယူတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သလို၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့က တော့ မုံးကိုး၊ သိန္နီ တို့ကို တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေက ဆိုရှယ်မီဒီယာတွေမှာ ရေးသားချက်တွေ အရသိရပါတယ်။ လားရှိုးမြို့မှာ နေထိုင်သူတွေ ဒုံးတွေ လက်နက်ကြီးတွေ ပစ်ခတ်တဲ့ အသံတွေ၊ ညအမှောင်မှာ မြင်ရတဲ့ ဒုံးသွားရာလမ်းကြောင်းတွေ ဒုတိယမြောက်နေ့မှာ မြင်တွေ့နေကြရတာ ဖြစ်ပါတယ်။ ဒုတိယမြောက်နေ့ညပိုင်း ဖြစ်ပွားတဲ့ လားရှိုးမြို့ အနီးတဝိုက်က တိုက်ပွဲတွေက ဘယ်အဖွဲ့နဲ့ ဖြစ်ပွားတာလဲ၊ ဘယ်နေရာတွေလဲ ဆိုတာတော့ တိတိကျကျ မပြောနိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ မြို့ခံတွေ အနေနဲ့ ပစ်ခတ်သံ ဒုံးကျည် ပစ်လွှတ်တဲ့အသံတွေ နားစွင့်ပြီး နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ကိုးကန့်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ MNDAA ကတော့ ဒုတိယမြောက်နေ့မှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ချင်းရွှေဟော်အနီးက စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ တင့်ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းဗီဒီယိုလည်း ထုတ်ပြန်ထားပြီး သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တော့ မရှိသေးပါဘူး။ 

ယမန်နေ့က စတင်တိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ ရုတ်တရက် တပြိုင်နက်တိုက်ခိုက်မှုဟာ စစ်ရေးအရ ဘယ်လို ရည်မှန်းချက်တွေ ထားရှိတာလည်း ဆိုတာတိတိပပ မသိရှိနိုင်ပေမယ့် အဓိက ရည်မှန်းချက်က ၂၀၀၉ ခုနှစ်ကတည်းက ဖယ်ရှားခံရတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA လက်နက်ကိုင် အဖွဲ့အနေနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်လည်ရယူနိုင်ဖို့ ဆိုတာ ထင်ရှားပါတယ်။ အခြား ၂ ဖွဲ့ထဲက TNLA အနေနဲ့ဆိုရင် ရှမ်းမြောက်အခြေစိုက် လက်နက်ကိုင် အဖွဲ့ဖြစ်လို့ အခုလို စစ်ဆင်ရေးမှာ နမ့်ခမ်း၊ နမ့်ဖတ်ကာ ကားလမ်းပေါ်က စခန်းတချို့ နဲ့ နမ့်ခမ်း အနီးက စခန်းတချို့ကို သိမ်းယူတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီစခန်းတွေက ဘယ်လောက်ထိ စစ်ရေးအရ အရေးပါသလဲ၊ ဘယ်လောက်ကြာကြာ ထိန်းချုပ်ထားနိုင်မလဲ ဆိုတဲ့အချက်တွေက ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ 

မြောက်ပိုင်း မဟာမိတ်ထဲက တတိယ အဖွဲ့ဖြစ်တဲ့ AA လက်နက်ကိုင် အဖွဲ့အနေနဲ့တော့ ရှမ်းမြောက်ဒေသဟာ ၄င်းတို့ရဲ့ အခြေခံဒေသမဟုတ်တာကြောင့် အင်အားအနေနဲ့ အရေအတွက် ဘယ်လောက်ပါဝင်သလဲ ဆိုတာ တိတိကျကျ မသိရှိနိုင်ကြသလို နယ်မြေစိုးမိုးရေး ရည်မှန်းချက် မရှိတာတော့ သေချာတဲ့ အချက်ဖြစ်ပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်ရဲ့ ပလက်ဝ ဒေသတွေက ၄င်းရဲ့အခြေခံ ဒေသဖြစ်ပြီး အဲဒီဒေသတွေမှာ လက်ရှိနှုတ်အားဖြင့် အပစ်ရပ်ထားတာ လနဲ့ချီရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အခုလတ်တလော ဖြစ်ပွားတဲ့ ရှမ်းမြောက်ဒေသက စစ်ဆင်ရေးမှာ ပါဝင်မှုက ရခိုင်ပြည်နယ်မှာ တည်ရှိနေတဲ့ အပစ်ရပ် သဘောတူညီမှုကို သက်ရောက်မှု ရှိ မရှိ မသိရှိနိုင်သေးပါဘူး။ ရခိုင်ပြည်နယ် အနေအထားက ဖြစ်လာနိုင်တဲ့ တကျော့ပြန်တိုက်ခိုက်မှုတွေအတွက်  လက်နက်နဲ့ ရိက္ခာ၊ လူအင်အား အသင့်ပြင်ဆင်ထားတဲ့ အပစ်ရပ်စဲရေး အနေအထားမျိုး လို့ အကဲဖြတ်နိုင်ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်မျက်နှာ အများအပြား တပြိုင်နက်ဖွင့်မထားလိုခြင်းက အဓိက လိုလားချက်ဖြစ်ပြီး AA အနေနဲ့လည်း အပစ်ရပ်ထားချိန်မှာ နယ်မြေ စည်းရုံးရေး၊ လူသစ်စုဆောင်းရေး အခွန်ကောက်ခံရေး ၊ တရားစီရင်ရေးလို soft power  ကို ချဲ့ထွင်ရေးတို့ လုပ်ဆောင်နေရင်း ဖြစ်လာနိုင်တဲ့ တကျော့ပြန်တိုက်ပွဲတွေအတွက် ပြင်ဆင်နေကြတဲ့ သဘောလို့ ယူဆရပါတယ်။ 

အခု တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ရဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာရှိတဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဘယ်လောက်ထိ ညှိနှိုင်းမှု လုပ်ခဲ့ကြသလဲ၊ ဘယ်လောက်ထိ မဟာဗျူဟာ ရည်မှန်းချက် ထားရှိခဲ့ကြသလဲ ဆိုတဲ့အချက်ကို ထုတ်ဖေါ်ပြောဆိုတာတွေ သတင်းတွေထဲ မတွေ့ရပါဘူး။ ကေအန်ယူလို လက်နက်ကိုင် အဖွဲ့ ကေအိုင်အေလို အဖွဲ့နဲ့တော့ အသိပေးညှိနှိုင်းတာတွေ လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်ပါတယ်။ ကေအန်ယူနဲ့ PDF တွေပါဝင်တဲ့ ကျားဖြူစစ်ကြောင်း လိုမျိုးနဲ့တော့ ညှိနှိုင်းမှုလုပ်ခဲ့တယ်ဆိုတာ စစ်ဆင်ရေး စတင်တဲ့ ၂၇ ရက်နေ့မှာပဲ ကေအန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ကြည့်ရင် သိနိုင်ပါတယ်။ သို့ပေမယ့် အခြားသော ကေအန်ယူရဲ့ တပ်မဟာတွေ မှာ အထက်က ရှမ်းမြောက်စစ်ဆင်ရေးနဲ့ ချိန်ကိုက်ပြီး တိုက်ပွဲဖေါ်ဆောင်တာတွေ မရှိခဲ့ခြင်းကို ကြည့်ရင် တပ်မဟာအလိုက် အသိပေးညှိနှိုင်းတာမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ရှမ်းပြည်မှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ဖွဲ့ ဖြစ်တဲ့ RCSS နဲ့ SSPP/SSA တို့ကတော့ ဒီလို စစ်ဆင်ရေးမှာ ပါဝင်ဖို့ အကြောင်းမရှိတဲ့ သဘောမြင်တွေ့ရသလို ဟိုပုံးဒေသ အခြေစိုက် PNLO၊ UWSA ၊ မိုင်းလား အဖွဲ့ အစရှိတဲ့ အဖွဲ့တွေလည်း ပါဝင်တာမရှိသလို မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းလက်နက်ကိုင် အဖွဲ့တွေလည်း အခုစစ်ဆင်ရေးမှာ ပါဝင်ကြတာမတွေ့ရပါဘူး။ 

ဒီအခင်းအကျင်း အခြေအနေတွေကို စုစည်းသုံးသပ်ကြည့်ရင် အခုတိုက်ပွဲဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စုပေါင်း လှုပ်ရှားမှု တခုမဟုတ်ပဲ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နဲ့ တောင်ပိုင်းက ကေအန်ယူလို အဖွဲ့ရဲ့ တစိတ်တပိုင်းတို့ ပါဝင်လှုပ်ရှားကြတဲ့ စစ်ဆင်ရေးတခုလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့တော့ စစ်ဆင်ရေးစတင်ပြီးနောက်တရက်မှာ အပစ်အခတ် ရပ်စဲဖို့နဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံက အခုကိစ္စမှာ ကြိုတင် သိရှိထားသလား၊ အခုလို တိုက်ခိုက်မှုကို သဘောတူသလား၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့က အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေကို နှိမ်နှင်းရေးဆိုတဲ့ ရည်ရွယ်ချက်ကို တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ အရေးတကြီး ဖေါ်ပြထားတာကို ကြည့်ရင် တရုတ်နိုင်ငံရဲ့ ထောက်ခံမှု၊ သဘောကြည်ဖြူမှုကို ရယူလိုတာ ထင်ရှားပေမယ့် အခုလို တိုက်ခိုက်မှုတွေရဲ့ အခါပေးသူက တရုတ်နိုင်ငံဖြစ်တယ်ဆိုတဲ့ တချို့သော ယူဆချက်တွေက ဖြစ်နိုင်ချေနည်းပါးပါတယ်။  မြန်မာ့အရေးမှာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သြဇာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နိုင်ငံရေးလေ့လာသုံးသပ်သူတွေ အကြား ပိုပိုသာသာ အကဲဖြတ်မှုတွေ ရှိနေသလို တရုတ်နိုင်ငံက အာဏာရှင် အဆက်ဆက်နဲ့ ပုံမှန်ဆက်ဆံရေးတွေ ထိန်းသိမ်းထားလေ့ရှိတာကြောင့်လည်း တရုတ်ဆန့်ကျင်ရေး အမြင်တွေ အမြစ်တွယ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အခု စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရကလည်း စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ့်အကြောင်း ထုတ်ပြန်ကြေညာချက်ကို အောက်တိုဘာ ၂၇ နေ့စွဲနဲ့ ထုတ်ပြန်ချက်ကို တရုတ်ဘာသာနဲ့ပါ ဘာသာပြန်ပြီး ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar