စစ်ကိုင်း ယင်းမာပင်မြို့နယ်ထဲက စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ရာက သတ်ဖြတ်ခံရမှုတွေ
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၀ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၂၃
စစ်ကိုင်း ယင်းမာပင်မြို့နယ်ထဲက စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ရာက သတ်ဖြတ်ခံရမှုတွေ
အောက်တိုဘာ ၁၅ ရက်နေ့ နောက်ပိုင်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ်ထဲက ကျေးရွာအချို့ကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်ရာမှာ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေ၊ ဖမ်းဆီးခံကြရပြီး စုဆောင်းထားတဲ့ ရွှေငွေလို ပိုင်ဆိုင်မှုတွေ ပမာဏအားဖြင့် သိန်းရာနဲ့ချီ ယူဆောင်သွားတဲ့ ဖြစ်ရပ်တွေ ရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေအရ ကြားသိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ပုလဲမြို့နယ် အစပ်မှာ ရှိတဲ့ အင်းရွာ ကျေးရွာအုပ်စုထဲက ရွာတွေကို အင်အား ဆယ်ဂဏန်းရှိတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့ပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်လာစဥ် ကျေးရွာကလူတွေ အားလုံး တိမ်းရှောင်ခဲ့ကြလို့ ဖမ်းဆီးခံရတာ မရှိပေမယ့် စစ်ကောင်စီတပ်တွေ ထွက်သွားတာ သိရပြီးနောက်မှာ ရွာကိုပြန်ဝင်လာစဥ် ပုန်းအောင်းစောင့်ဆိုင်းနေတဲ့ စစ်ကောင်စီတပ်တွေက မိမိတို့ရွာထဲ ပြန်ဝင်လာတဲ့ ကျေးရွာသားတွေကို ဖမ်းဆီးပြီး ကျားမ ခွဲကာ ချုပ်နှောင်ထားပြီး စစ်ဆေးတာတွေ လုပ်သလို ညှင်းပန်းနှိပ်စက်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၄၀ အောက် အမျိုးသားတွေ အးလုံးနီးပါး ညှင်းပန်းနှိပ်စက်ခံရပြီး အဲဒီအထဲက မှ အမျိုးသား အသက် ၁၈ နှစ်အောက် ၃ ဦးနဲ့ အသက် ၁၈ နှစ် အထက် ၁ ဦး စုစုပေါင်း ၄ ဦး သတ်ဖြတ်ခံရတယ်လို့လည်း ဆိုပါတယ်။ သတ်ဖြတ်ရာမှာ လက်နက်နဲ့ ပစ်ခတ်တာမဟုတ်ပဲ တင်းပုတ်နဲ့ ထုသတ်တာလို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေရဲ့ ဖုန်းတွေ၊ အမျိုးသမီးတွေထံက ဝတ်ဆင်ထားတဲ့ လက်စွပ်၊ နားကပ်၊ ဆွဲကြိုးနဲ့ မိသားစုတွေ လုပ်ကိုင်စုဆောင်းထားကြတဲ့ ပိုင်ဆိုင်တဲ့ ငွေကြေး ရွှေတွေကို အားလုံး စစ်ကောင်စီတပ်တွေက ယူဆောင်သွားရာမှာ အဲဒီလို ဖမ်းဆီးခံရတဲ့ ကျေးရွာဖြစ်တဲ့ သဲကုန်းရွာတရွာလုံး ပေါင်းလိုက်ရင် ကျပ် သိန်း ၁ ထောင်ကျော်တန်ဖိုးရှိတဲ့ ရွှေ၊ ငွေ၊ ဖုန်းတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
အသတ်ခံရတဲ့ လူငယ် ၃ ဦးအနက် ၂ ဦးက ဆယ်တန်းကျောင်းသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုလို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ၊ ပိုင်ဆိုင်မှု ယူဆောင်သွားတဲ့ ဖြစ်ရပ်တွေဟာ ဒေသခံတွေအဖို့ ဘယ်လိုမှ ဖြေသိမ့်လို့ ရမယ့်အဖြစ်အပျက်တွေ မဟုတ်တာ သေချာပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ အခုလို စစ်ကြောင်းတွေ ဝင်ရောက်ရာမှာ ကင်းပုန်းဝပ်ပြီး နောက်ချန်နေခဲ့တဲ့ နည်းနာကို သုံးစွဲတာ ဒီကျေးရွာတရွာထည်းတော့ မဟုတ်ပါဘူး။ ခုသီတင်းပတ်တွေမှာ စစ်ကိုင်းတိုင်းရဲ့ အခြားသော ကျေးရွာတွေမှာလည်း အလားတူ နည်းပရိယာယ်ကို အသုံးချကာ လုပ်ဆောင်နေတာ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ နဲ့ ဆက်စပ်သူ၊ သံသယရှိသူ၊ ထောက်ခံအားပေးသူတွေကို ရှာဖွေဖို့ ခိုင်းစေရာမှာ အခုလို ရန်သူကို ထောက်ခံတဲ့ ကျေးရွာတွေ သဖွယ် ဝါဒဖြန့်ချိပြီး တွေ့ရှိတဲ့ ရွှေ၊ ငွေ၊ ဖုန်း စတဲ့ တန်ဖိုးရှိတာတွေကို သိမ်းယူပြီး ခွဲဝေယူကြဖို့ မက်လုံးပေးထားတဲ့ သဘောလို့ ကျောက်ချက်ချနိုင်ပါတယ်။ နိုင်ငံရေးအရ ရပ်တည်ချက် အင်အားကျဆင်းလာတဲ့ စစ်ကောင်စီ အနေနဲ့ သူတို့ လက်နက်ကိုင်တပ်တွေကို ဒီနည်းနဲ့ စည်းရုံးထားတဲ့ သဘောမျိုးလို့ ယူဆရပြီး ဒီဖြစ်ရပ်တွေက စစ်တပ်ရဲ့ အောက်ဆုံးအထိ ကျဆင်းနေတဲ့ နိုင်ငံရေး ယုံကြည်ချက်ကို ပြသနေပြီး PDF တွေ လှုပ်ရှားတဲ့ ဒေသကလူထုတွေကို ရန်သူသဖွယ် ရှုမြင်ကာ ပိုင်ဆိုင်မှုတွေ ယူဆောင်ခွင့် မသင်္ကာသူတွေကို သတ်ဖြတ်ခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။
လူမျိုးတမျိုး တိုက်ခိုက်ကြတာမျိုး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ ကျူးကျော်တိုက်ခိုက်တဲ့ ယူကရိန်း-ရုရှားလို စစ်ပွဲမျိုးထက် ပြည်တွင်းစစ်မှာ ဒီဘာသာစကား၊ ဒီနယ်မြေဒေသက သူတွေကို ဒီဘာသာစကားပဲ ပြောဆိုပြီး ဒီနယ်မြေဒေသမှာ ကြီးပြင်းတဲ့သူတွေကပဲ တိုက်ခိုက်သတ်ဖြတ်နေတာ ဖြစ်လို့ ဝါဒဖြန့်မှုတွေ အမုန်းတရားတွေ၊ အရပ်သားတွေကို သတ်ဖြတ်ဖို့ ပိုင်ဆိုင်မှုတွေကို စစ်ပွဲရဲ့ ဆု အဖြစ်သိမ်းယူဖို့ ဆွဲဆောင်မှုတွေ နဲ့ စစ်ကို တိုက်ခိုက်ချင်အောင် စည်းရုံးဆွဲဆောင်ထားကြတာ လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီလို သတ်ဖြတ်မှု ပိုင်ဆိုင်မှုတွေ အနိုင်ကျင့် ယူဆောင်သွားတာတွေကို ခံစားရတဲ့ ကျေးရွာက လူထုတွေအဖို့ နာကျည်းမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ လက်စားချေလိုမှုတွေ ပေါ်ထွက်လာမှာဖြစ်ပြီး ဒီလို အမုန်းတရားတွေ၊ စိတ်ဒဏ်ရာတွေ၊ ဘဝတသက်တာမှာ အဆိုးဆုံး ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကနေ ပြန်လည် နာလန်ထူဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကနေ ပြန်လည် ရုန်းကန်ထကြဖို့ အချိန်ယူကြရမှာ အသေအချာဖြစ်ပြီး ဒီဒေသတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားမှုတွေ ပိုအရှိန်ကောင်းလာမယ်လို့ တဖက်မှာလည်း မျှော်လင့်လို့ရပေမယ့် တဖက်မှာလည်း လူထုအနေနဲ့ စုစည်းညီညွတ်တဲ့ နိုင်ငံရေး ဦးဆောင်မှု၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ စည်းနှောင်ထားတဲ့ စုစည်းမှု၊ လက်နက်ရှိသူသာ ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့ စစ်ဘုရင် အယူအဆ၊ အလေ့အထတွေဆီ လမ်းချော်မသွားအောင် စည်းရုံးသိမ်းသွင်းနိုင်မှုတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ မြင်မိပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်မှု၊ ယုတ်မာမှုတွေ၊ နေအိမ် အသိုက်အားလုံးကို ဖျက်ဆီး၊ လူတွေသတ်ဖြတ်မှုတွေကို ရွံ့ရှာမုန်းတီးမှုတခုထည်းနဲ့ တော်လှန်ရေး အောင်မြင်နိုင်တယ်လို့ အမှတ် အယူမလွဲဖို့လည်း လိုအပ်ပြီး ကောင်းမွန်တဲ့ နိုင်ငံရေး ဦးဆောင်မှု တည်ဆောက်နိုင်ဖို့ အရေးတကြီး လိုအပ်နေတာကို အတိတ် သမိုင်းအဖြစ်အပျက်တွေက သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar