ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - ၁၀၂၇ ဂုဏ်ဆာပို့စ်
ကမ္ဘာတိုင်ဆုံးမောင်စစ်မုန်း - ၁၀၂၇ ဂုဏ်ဆာပို့စ်
(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၃
ရဲဘော်တို့ ဒီအချိန်ဟာ ရဲဘော်တို့ကို နေ့စဉ်နဲ့အမျှ ဒုက္ခပေးနေသောတပ်ကို အချေဈေးနဲ့ ရောင်းပစ်လိုက်ဖို့ အကောင်းဆုံးသောအချိန် ဖြစ်ချေသည်။
စစ်ကောင်စီ၏ ခလရ (၁၄၃) တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ လက်နက်ချအလင်းဝင်ခဲ့ပြီဟု ကိုးကန့်မီဒီယာက နိုင်ဝင်ဘာလ ၁ ရက်ကို သာလီစွ၊ မိုင်ဆွန်ခ၊ ရိုဆေအော်၊ မင်္ဂလာပါနော် လုပ်လိုက်ချေပြီလတည်း။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကံမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက်အောက်ခံတပ်ရင်း ခလရ (၁၄၃) မှ လူဦးရေ (၄၁) ဦးသည် ညီနောင်မဟာမိတ် (၃)ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ပါသည်။ ၎င်း (၄၁) ဦး အနက် ဒု-တပ်ရင်းမှူး (၁) ဦး နှင့် တပ်ခွဲမှူး (၂) ဦးပါဝင်သည်ဟု သိရှိရပါသည်ဟု ဆက်လက်ဖွင့်ဆိုရေးသားလေသည်။ အရသာနှင့်နေရမည့် ရက်မြတ်မဟာ နိုဝင်ဘာဖြစ်ချေသည်တကား။
အခြေအနေအခင်းအကျင်းကို ဆက်လက်ရှင်းလင်းပြဆိုသည်မှာ-
“၁၀.၂၇” စစ်ဆင်ရေး Operation ကြီး စတင်ပြီးတဲ့နောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ အနေဖြင့် စစ်ဆင်ရေး အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု ဖော်ဆောင်နိုင်ခဲ့ကြပြီး ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း တပ်စခန်းအတွင်းတွင်သာ ခိုအောင်းခဲ့ကာ စစ်ကူများကို စောင့်ဆိုင်းနေခဲ့ပါသည်။
အောက်တိုဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ ၎င်းတပ်ရင်းအား လက်နက်ချ အလင်းဝင်ရန် တောင်းဆိုခဲ့ပါသည်" ဟူသတည်း။
ဤကား ရှမ်းမြောက်၏ လှပရှုမဝသောမြင်ကွင်းတွေထဲက တခုပင်။
ဤအနှီရှုမျှော်ခင်းများကို ခံစားရင်း သွေးချင်းညီကိုများ သီချင်းအားဆိုလိုက်ပုံမှာ " (၂၉) ရက်နေ့တွင် MNDAA မှ “ မိမိတို့တပ်မတော်ဟာ MNTJP ပါတီ၏ ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ်ခြင်းဟာ မိမိတို့၏ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစိုက်မတ်မတ် လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါသည်" ဟူ၏။ နားဝင်ပီယံဖြစ်လွန်းစွ။
ညီနောင်တို့ တော်ကီသည် စော်တင်ကြည်သည် မဟုတ်။ တပ်မတော်သားများပါ ကြည်သွားပြီး အောက်ပါအတိုင်း ချစ်တင်းနှောကြတော့သည်။ "ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ (၃၀) ရက်နေ့တွင် ခလရ (၁၄၃) ၏တပ်ဖွဲ့ဝင်များက လက်နက်ချပြီး အလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ပါသည်။
MNDAA မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါသည်" ဟူသတည်း။ အိုး ရက်စ်။ တော်ကီလန်းချက်ကား အကြောတထောင် စိမ့်သွားအောင်ပင် ရှိချေလေတော့၏။
ဆက်လက်၍ ရှုစားတော်မူရန်မှာ ခလရ (၁၄၃) မှ ရရှိခဲ့သောပစ္စည်းများစာရင်း ဖြစ်ချေသည်။
ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခုနှင့် ဆက်လက်၍ စကစအား တရားဓမ္မ ကောင်းစွာပြသနိုင်ရန် ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင်ပါ ဒါနပါရမီ ပါဝင်လိုက်သတေး။
ဤကား မရေမတွက်နိုင်သော လက်နက်ခဲယမ်းတွေနှင့် တပ်ရင်းတခုလုံး သိန်းခုနှစ်ရာနှင့် ရလိုက်ပုံ အလုံးစုံတည်း။
ကိုးကန့်မီဒီယာသည် "လက်ရှိအချိန်တွင် စစ်ကောင်စီ၏ အောက်ခြေတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏အခြေအနေကို ပိုမိုသိရှိနားလည်လာပြီး ၎င်းတို့အတွက် ဆက်လက်ပြီး အသက်စွန့်ရန်မလိုလားကြတော့ပါ။ ထို့ပြင် စစ်ကောင်စီဟာ ၎င်းတို့၏ ထိပ်သီးခေါင်းဆောင်တစ်ချို့အတွက်သာ အကျိုးဆောင်နေသည်ဟုလည်း ပိုမိုသိမြင်လာကြပါသည်။ စစ်ကောင်စီဟာ နိုင်ငံတော်ကိုကိုယ်စားမပြုနိုင်သလို၊ ပြည်သူလူထုတရပ်လုံးကိုလည်း ကိုယ်စားမပြုနိုင်ပါ။ ထို့ပြင် ၎င်းတို့သည်သာလျှင် ပြည်သူလူထုတရပ်လုံးကို ကျွန်ပြုနေတဲ့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်ပါသည်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းထံသို့ အလင်းဝင်လာသည်မှာ ရှက်စရာကောင်းတဲ့လုပ်ရပ် မဟုတ်ပါ။ အာဏာသိမ်း စစ်ကောင်စီအတွက် လက်နက်တာဝန်ထမ်းဆောင်နေခြင်းက ရှက်စရာကောင်းပါသည်" ဟု ဆိုလိုက်ချေသေးသည် တမုံ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar