Breaking News

တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်း၊ တရုတ်နိုင်ငံရဲ့ ပေါ်လစီက ဘာဖြစ်မလဲ


မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၃


တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲတွေ ချက်ချင်းအပစ်ရပ်ဖို့ တိုက်တွန်း၊ တရုတ်နိုင်ငံရဲ့ ပေါ်လစီက ဘာဖြစ်မလဲ

သီတင်းပတ် တပတ်ကျော်လာပြီ ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေ နဲ့ပတ်သက်လို့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေ အနေနဲ့ တိုက်ခိုက်တာရပ်ပြီး ချက်ခြင်း အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ တိုက်တွန်းပါတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဝမ်ဘင်းက ပြောဆိုလိုက်ပါတယ်။ ဒိမတိုင်ခင် တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခါစရက်တွေက တရုတ်နိုင်ငံက ပြောခွင့်ရသူ တဦးက သတင်းစာရှင်းလင်းပွဲတခုမှာ အပစ်ရပ်စဲကြဖို့ ပြောဆိုမှုတခု ရှိခဲ့တာဖြစ်ပါတယ်။ အခု ပြောဆိုမှုဟာ ဒုတိယမြောက်ပြောဆိုမှုဖြစ်ပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒအပေါ်  မြန်မာနိုင်ငံတွင်းမှာ အဆိုးမြင်ကြတဲ့သူ အများစုဖြစ်ပြီး အခုလို တရုတ်နိုင်ငံက တိုက်တွန်းလိုက်တဲ့အပေါ်မှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်၊ စစ်ကောင်စီဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အရေးသာနေချိန်မှာ တရုတ်နိုင်ငံက အပစ်ရပ်ဖို့ တိုက်တွန်းတယ်လို့ ယူဆမှုတွေ အမြင်တွေလည်း ရှိကြပါတယ်။ 

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးဟာ လွတ်လပ်ရေးရပြီးကာလ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်စဥ်က အစောဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံထဲ ထိုစဥ်က တာဝန်ယူထားတဲ့ ဖဆပလ အစိုးရပါဝင်တာ ဖြစ်ပါတယ်။ ဖဆပလ အစိုးရလက်ထက်မှာပဲ တရုတ်နိုင်ငံထဲက ကွန်မြူနစ် အစိုးရရဲ့ တိုက်ခိုက်မှုတွေကြောင့် ချန်ကေရှိတ်ရဲ့ နောက်လိုက် တပ်ဖွဲ့တွေဖြစ်တဲ့ ကူမင်တန်တွေက မြန်မာနိုင်ငံရှမ်းပြည်နယ်ထဲကို ကျူးကျော်ဝင်ရောက်မှုတွေကို ဖဆပလ အစိုးရလက်ထက် မြန်မာစစ်တပ်က တိုက်ထုတ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပြီး မဆလ ခေတ်တလျှောက်လုံးမှာ တရုတ်နိုင်ငံဟာ ဗမာပြည်ကွန်မြူနစ်ပါတီဘက်က အတိအလင်းကူညီ ရပ်တည်ပေးခဲ့တာကြောင့် မဆလအစိုးရနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးက မချောမွေ့ခဲ့တဲ့ ဆက်ဆံရေးဖြစ်ပြီး အဲဒီခေတ်ကာလက တရုတ်ဆန့်ကျင်ရေးကို အစိုးရပေါ်လစီ တခုလို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံဟာ နဝတ၊ နအဖ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီး ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို ကာကွယ်ပေးတာ၊ လက်နက်ရောင်းချတာတွေ ရှိခဲ့တာကြောင့် တရုတ်ဆန့်ကျင်ရေးက အစိုးရမူဝါဒမဟုတ်ပဲ လူထုအကြား ရှင်သန်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွေမှာ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှာ အကာအကွယ်ပေးမှုနဲ့ လက်နက်ရောင်းချမှု အပေါ်မူတည်ပြီး တရုတ်အစိုးရ ဆန့်ကျင်ရေးတွေက ဆက်လက်အားကောင်း ခဲ့တာဖြစ်ပါတယ်။ 

ဦးသိန်းစိန် အစိုးရလက်ထက်၊ အန်အယ်လ်ဒီအစိုးရလက်ထက်တွေမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ ဖြစ်တဲ့ မြစ်ဆုံ အပါအဝင် ကချင်ပြည်နယ်မြောက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန် စီမံကိန်း၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အစရှိတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဆန့်ကျင် ဆန္ဒပြမှုတွေ အများအပြားဖြစ်ပွားခဲ့သလို တရုတ်ဆန့်ကျင်ရေးက အရပ်ဖက်အဖွဲ့အစည်းတွေ အကြား၊ လူထုတွေအကြား ဆက်လက် တည်ရှိခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ တရုတ်က အာဏာသိမ်းမှုကို ထောက်ခံသလား၊ သို့မဟုတ် ဆန့်ကျင်သလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထောက်ခံတယ် သို့မဟုတ် ဆန့်ကျင်တယ်ဆိုတဲ့ ရှင်းရှင်းလင်းလင်း အထောက်အထားတော့ မတွေ့ရှိပါဘူး။ တရုတ်ကွန်မြူနစ်ပါတီက အန်အယ်လ်ဒီ ပါတီကို ဆက်ဆံရေး ထိန်းသိမ်းထားခဲ့ပေမယ့် အန်ယူဂျီလို စင်ပြိုင်အစိုးရကိုတော့ အသိအမှတ်ပြုတာမျိုး မလုပ်ခဲ့ပါဘူး။ လက်ရှိအာဏာသိမ်းထားတဲ့ စစ်ကောင်စီ အစိုးရကို ထိတွေ့ဆက်ဆံနေတာမျိုးတွေ လုပ်ဆောင်နေတာကြောင့် တချို့ကလည်း စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ နိုင်ငံအဖြစ် ယူဆကြသူတွေလည်း အများအပြားရှိပါတယ်။ တရုတ်အစိုးရအနေနဲ့  လက်ရှိအာဏာကို ရယူထားတဲ့ အစိုးရကို ထိတွေ့ဆက်ဆံမှု လုပ်ရမယ်ဆိုတဲ့ လက်တွေ့အကျိုးစီးပွားအပေါ် အခြေခံတဲ့ မူဝါဒမျိုး ရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။ မော်စီတုန်းလက်ထက်ကလို နိုင်ငံရေး အယူဝါဒအရ၊ ကွန်မြူနစ်ပါတီအချင်းချင်း ညီနောင်ဆက်ဆံရေးမျိုး ခေတ်မဟုတ်တော့ပဲ အကျိုးစီးပွားအပေါ် အခြေပြုတဲ့ ဆက်ဆံရေးမူဝါဒနဲ့ ကျင့်သုံးတဲ့ သဘောလို့ ကောက်ချက်ချရင်လည်း မမှားပါဘူး။ 

စစ်တပ်အနေနဲ့က တရုတ်နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ၄င်းနဲ့နယ်နိမိတ်ထိစပ်တဲ့ ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာရှိခြင်း၊ လက်နက်နဲ့ လက်နက်နည်းပညာ တချို့ လွှဲပြောင်းရောင်းချပေးခြင်း ၊ တခါတခါ စစ်တပ်နဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ ဖိအားပေးခြင်း စတဲ့အခြေအနေတွေ အပေါ်မူတည်ပြီး တရုတ်နိုင်ငံကို စစ်တပ်က ခပ်ဝေးဝေးကနေ ဆက်ဆံနေတဲ့ သဘောမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရုရှားဘက်ကို သိသာထင်ရှားစွာ ယိမ်းပြီးဆက်ဆံလာတာကို ကြည့်ရင် စစ်ကောင်စီက တရုတ်အစိုးရကို မကြေလည်တာ သိသာထင်ရှားပါတယ်။ 

ဒီအချက်တွေ၊ သမိုင်းအဖြစ်အပျက်တွေ၊ လတ်တလောကာလ တရုတ်နိုင်ငံရဲ့ မူဝါဒတွေ လက်တွေ့ကျင့်သုံး လုပ်ဆောင်မှုတွေကို ကြည့်ပြီး ရှမ်းမြောက်တိုက်ပွဲတွေ မှာ တရုတ်အစိုးရရဲ့ ပယောဂ ပါဝင်သလား မပါဝင်သလားဆိုတာ ခန့်မှန်းနိင်ပါလိမ့်မယ်။ တရုတ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိနေခြင်းဟာ မြန်မာပြည်မ အစိုးရနဲ့ ကြားခံဇုန်သဖွယ်ဖြစ်ပြီး အကျိုးရှိတယ်လို့ ယူဆသလား သို့မဟုတ် နယ်နိမိတ်ထိစပ်နေတဲ့ နယ်မြေတွေမှာ လက်နက်ကိုင် အဖွဲ့တွေ အားကောင်းနေခြင်းဟာ ရေရှည်အမြင်အရ နယ်စပ်ဒေသ မတည်ငြိမ်မှုကို ဖြစ်စေတယ်လို့ ထင်မြင်ယူဆမလားဆိုတာ အကဲဖြတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့တော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အရှိန်မြင့်တက်လာတာမျိုးကို လိုလားမှာမဟုတ်ဘူးလို့ ယေဘုယျ ယူဆနိုင်ပါတယ်။ ကုန်သွယ်ရေး၊ ယူနန်ပြည်နယ်လို အနောက်တောင်ပိုင်း ပြည်နယ်တွေရဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းဖို့ အနီးဆုံး လမ်းကြောင်း၊ ခါးပတ်တကွင်း လမ်းတစင်း မဟာဗျူဟာရဲ့ အစိတ်အပိုင်းတခု စတဲ့ ရှုထောင့်တွေက ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာမှာကို အားပေးမှာ မဟုတ်ဘဲ ၄င်းတို့ အနေနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့ ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်တဲ့ အစိုးရတရပ် အာဏာတရပ်နဲ့သာ ဆက်ဆံလိုမှာ မလွဲဧကန် ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအရေးကို တွက်ချက်ရာမှာ မြန်မာနိုင်ငံက အာဏာရယူထားသူနဲ့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ရဲ့ အကြောင်းချည်းသက်သက် ခွဲထုတ်စဥ်းစားတာထက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ အမေရိကန်ရဲ့ တရုတ်နိုင်ငံအပေါ် ထားတဲ့မူဝါဒ၊ လုပ်ဆောင်မှုတွေကို တုံ့ပြန်ရေး စတဲ့ အချက်အလက်တွေ ရှုထောင့်တွေကပါ ထည့်သွင်းစဥ်းစားမှာ မလွဲပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံလိုမျိုးမှာ အမေရိကန်နဲ့ နီးစပ်တဲ့ အင်အားစု၊ အမေရိကန်က အပြည့်အဝ ထောက်ခံအားပေးတဲ့ အင်အားစုတွေ အာဏာရလာမှာကို လိုလားမှာ မဟုတ်တဲ့ အချက်ကိုလည်း မေ့မထားသင့်ဘူးလို့ထင်မြင်မိကြောင်း တင်ပြလိုက်ရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar