အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၇ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၇ )
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၃
31/10/23
Diary in the darkness
လားရှိုးက စစ်ရှောင်လာတဲ့ သူငယ်ချင်းမိသားစု မနေ့ညနေ မှာ မန္တလေး -ရန်ကုန် လေယာဉ်နဲ့ ရန်ကုန်ကိုရောက်တယ်။ သူတို့မိခင်အိုကြီးလည်း ခရီးပန်းပေမယ့် ကျန်းမာပါတယ်။
မနေ့က နောင်ချိုမြို့ကို TNLA ဝိုင်းထားပြီဆိုတဲ့သတင်းတွေ ဓာတ်ပုံနဲ့တကွ တက်လာတယ်။ မိုးကုတ်-မေမြို့လမ်းပေါ်ရှိ ဖြူယောင် ညောင်ကုန်းရွာကို တနေ့က အမြောက်ဆန်ကျလို့ အိမ်ဆယ်လုံး ပျက်စီးသွားတယ်လို့ မိုးကုတ်က လာတဲ့ ကုန်သည်က ပြောပါတယ်။ သူက ခေါပုတ် လက်ဆောင်ပေးတယ်။ ကောက်ညှင်းပေါင်းကို ထောင်းထားတဲ့ မိုးကုတ် စားစရာတမျိုးပါ။ ဒါပေမဲ့ အရင်တုန်းကလို မနူးညံ့တော့ဘူး။ ဆန်ကြမ်းတွေ ရောထားလို့ မာတောင့်နေတယ်။ ခေတ်ပျက်တော့ နာမည်ကြီး ရိုးရာ အစားအစာအရည်အသွေးတွေ ပျက်။ ဖောက်သည်လည်း ပျက်။ နာမည်လည်း ပျက်။ မိတ်လည်းပျက်ပေါ့ ။
၁၀၂၇ စစ်ဆင်ရေးဟာ မင်းအောင်လှိုင်တပ်စခန်း ၆၀ ကို သိမ်းလိုက်နိုင်တယ်။ သံချပ်ကာ သုံးစီးကိုဖျက်ဆီးနိုင်ခဲ့တယ်။ ဒီနေ့တော့ စစ်ကိုင်းတိုင်းဘက်ကို ထိုးစစ်ဆင်နေပြီလို့သိရတယ်။
မိုင်လားဘက်ကို ချပေးတဲ့ လေထီးတပ်သား ၇၀ မှာ ၆ယောက် အဖမ်းခံရပြီး ကျန်တပ်သားအားလုံး အသေမိတယ်လို့ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်တယ်။ ဘယ်သတင်းဌာနကမှ အတည်ပြုတာ မတွေ့ရဘူး။ သတင်းမှား ဖြစ်မယ်။
ရန်ကုန် လှိုင်သာယာမှာလည်း ဗုံး လေးလုံးကွဲတယ်။ ဒါပေမဲ့ စားသောက်ဆိုင်တွေ ဘုရားနဲ့ ပန်းခြံတွေမှာ လူစည်ကားနေတယ်။ ပြည်သူ့ရင်ပြင်မှာ လုပ်တဲ့ ဈေးရောင်းပွဲတော်မှာလည်း လူတွေ စည်စည်ကားကား သွားလာနေပုံတွေ တက်လာတယ်။ နေပြည်တော်မှာလည်း ဆိုကရေးတီး ပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြတယ်။ ဗုံးသံလား၊ ဗုံသံလား။ အမြောက်သံလား၊ ဗြောက်သံလား မကွဲပြားတော့ဘူး။
တော်လှန်ရေးတပ်သားတွေက မကြာမီ မြို့သိမ်းတိုက်ပွဲတွေ လုပ်တော့မယ်လို့ လူတွေကြားထဲမှာ ပြောနေကြတယ်။ မြို့သိမ်းတိုက်ပွဲဆို တာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။
ပြောက်ကျားတွေဟာ မြို့သိမ်းတိုက်ပွဲ လုပ်မယ်ဆိုရင် အများကြီး ပြင်ဆင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြိုသိမ်းတိုက်ပွဲ အောင်မြင်တာနဲ့ အုပ်ချုပ်ရေးကို ဆက်တိုက်ထူထောင်ရပါတယ်။ တနည်းပြောရရင် မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းပြီး ဒေသအုပ်ချုပ်ရေး ယာယီအစိုးရကို ထူထောင်ရပါတယ်။ (တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြေအောက်အဖွဲ့တွေက ဒေသအုပ်ချုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။)
တော်လှန်ရေးအဖွဲ့တွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတယ်။ ရိက္ခာအတွက် တာဝန်ယူရတယ်။ ကျန်းမာရေးအတွက် တာဝန်ယူရပါတယ်။ တော်လှန်ရေးကြားကာလ ဥပဒေတွေကို ဒေသထုံးတမ်းဥပဒေနဲ့အညီ ပြဋ္ဌာန်းပြီး အငြင်းပွားမှုတွေကို ဖြေရှင်းရလေ့ရှိပါတယ်။ သူတို့ ပြဋ္ဌာန်းတဲ့ဥပဒေဟာ နိုင်ငံတကာအဆင့်မီဖို့လည်း လိုပါတယ်။ လူမျိုး ရေး ဘာသာရေး အမြင်ကျဉ်းကျဉ်းနဲ့ ရေးဆွဲထားတဲ့ဥပဒေ မဖြစ်ရပါဘူး။ ဒါမှ လွတ်မြောက်နယ်မြေထူထောင်နိုင်ပြီး နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကိုရမှာပါ။
ISIS နဲ့ တာလီဘန်တွေဟာ မြို့သိမ်းတိုက်ပွဲတွေကို အောင်မြင်အောင်တိုက်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ လူမျိုးရေး၊ ဘာသာရေး အမြင်ကျဉ်းတဲ့ ဥပဒေတွေ ပြဋ္ဌာန်းလိုက်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြုမှုကို လုံလုံလောက်လောက် မရခဲ့ပါဘူး။ ဒါဟာတိုင်း ပြည်ဖွံဖြိုးတိုးတက်မှုကို အလွန်အမင်း ထိခိုက်စေခဲ့ပါတယ်။ သင်ခန်းစာယူစရာပါ။
အောင်ပွဲနဲ့နီးလေလေ အခက်အခက်တွေများလေလေ ဖြစ်တာ သဘာဝပါပဲ။
အရှိတရားကို အသိအမှတ်ပြု၊ ကြိုတင်ပြင်ဆင်မှုရှိရှိ၊ အကန့်အသတ်ရှိရှိ၊ ဦးတည်ချက်ရှိရှိ၊ ယုံကြည်မှုရှိရှိ နဲ့ ရှေ့ဆက်မယ်ဆိုရင် အောင်ပွဲရမှာ သေချာပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar