Breaking News

ဇင်လင်း ● စစ်ပွဲများ သယံဇာတများနှင့် စီးပွားရေးပြဿနာ

ဇင်လင်း ● စစ်ပွဲများ သယံဇာတများနှင့် စီးပွားရေးပြဿနာ
(မိုးမခ) မေ ၆၊ ၂ဝ၁၉

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေစီးကြောင်းသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းလာခဲ့ရာမှ တဖြေးဖြေး နှေးကွေးလာ သကဲ့သို့ရှိသည်။ မူလက ရေစီးတလျှောက် အခုအခံအဟန့်အတားများစွာကို တိုက်စားတွန်းဖြိုကာ စီးဆင်းလာခဲ့သော် လည်း ယခုအခါ မှန်မှန်အေးအေး စီးဆင်းနေပြန်သည်။ ကောင်းကင်တွင်မူ နိုင်ငံရေးရာသီဥတုက မှောင်ရီအုံ့မှိုင်းနေဆဲ ရှိ သည်။ ဒီမိုကရေစီလှုပ်ရှားမှုဟု ဆိုဆို၊ ဒီမိုကရေစီတော်လှန်ရေးဟု ဆိုဆို၊ ဒီမိုကရေစီအခြေခံဖြင့် နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုကို ပြည်သူလူထုအုံကြွတောင်းဆိုရသည့်အကြောင်းရင်းများစွာအနက် နိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှု (economic collapse) သည် ပဓာနကျပေသည်။ စစ်အာဏာရှင်စနစ်နှင့် စစ်လွှမ်းမိုးရေးဒဿနတို့ကြောင့် လူနည်းစု လူတန်းစား တစု၏ လက်ဝါးကြီးအုပ် ချယ်လှယ်မှုအောက်တွင် မြန်မာ့စီးပွားရေး ပြိုလဲခဲ့ရသည်။

အာဏာရှင်စနစ်အောက်တွင် စီးပွားရေး အကျိုးအမြတ်ခံစားခွင့်ကို ပြည်သူအများအား မျှမျှတတခွဲဝေပေးခြင်းမရှိခဲ့။ သယံ ဇာတ အရင်းအမြစ်များ၊ မြေယာတိုက်တာများ၊ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ အစရှိသော စီးပွားရေး အရင်း အမြစ်များသည် အာဏာရှင်မိသားစုနှင့် ဆွေမျိုးသားချင်းများ၊ အာဏာရှင်တို့၏ လက်ဝေခံ ခရိုနီများ၏လက်ဝယ်၌သာ ပိုင် ဆိုင်ခြယ်လှယ်ခွင့် ရှိခဲ့သည်။ ခြုံငုံ၍ပြောရလျှင် နိုင်ငံ၏စီးပွားရေးအရင်းအမြစ်များသည် လူတစု၏ ကိုယ်ကျိုးစီးပွား ကွက် ကွက်ကိုသာ အကျိုးပြုခဲ့သည်။ တိုင်းပြည်နှင့် လူထုလူတန်းစားအများစုအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိသော စီးပွားရေး လုပ်ဟန်များသာ လွှမ်းမိုးခဲ့သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ၊ သယံဇာတ ကုန်ကြမ်းများကို အောက်ဈေးဖြင့် ထုတ်ရောင်းသည့်ဓလေ့ တွင်ကျယ်ခဲ့သည်။ ထို့ကြောင့် မြန်မာ့သစ်တောနှင့် ကျောက်စိမ်းများ အပြောင် ရှင်းခံခဲ့ရသည်။ အကျိုးဆက်မှာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည်။ ယနေ့ရာသီဥတုဖောက်ပြန်မှုဒဏ်များကို ပြည်သူတို့ ခါးစီးခံ နေရသည်။

အာဏာရှင်စနစ်များကျဆုံးခဲ့ရသည့် ဖြစ်စဉ်များကို ယေဘုယျ လေ့လာလျှင် စီးပွားရေးကပ်ဆိုက်ရာမှ လူထုအုံကြွမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတောင်းဆိုမှုများ ပေါ်ပေါက်ရခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့နိုင်သည်။ နိုင်ငံအချို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုတက်မှု အခြေအနေကို ထိန်းထားနိုင်ပြီး၊ ဒီမိုကရေစီအခွင့်အရေးများကိုမူ မပေးဘဲ ကန့်သတ်ထားသည် ကို တွေ့ နိုင်သည်။ မြန်မာနိုင်ငံကို လေ့လာလျှင် စစ်အာဏာရှင်စနစ် နှစ်ငါးဆယ်မျှ ကြာခဲ့ပြီးနောက် စီးပွားရေးအရ မွဲပြာ ကျကာ၊ နိုင်ငံရေးအရလည်း ပြည်တွင်းစစ်ရပ်စဲရန်ပင် မစွမ်းနိုင်ဖြစ်ခဲ့ရသဖြင့် ဒီမိုကရေစီသို့လမ်းဖွင့်ပေးခဲ့ရသည်။ စီးပွားရေး အဆောက်အအုံ ပြိုကျသည်ကိုမတားနိုင်ရာမှ နောက်ဆုံးတွင် လူထု၏ ဒေါသပေါက်ကွဲမှုကို ပါလီမန်ဒီမိုကရေစီ ရွေးကောက် ပွဲဖြင့် ချွေးသိပ်တားဆီးခဲ့ခြင်းဖြစ်သည်။ သို့ဖြင့် ၂ဝ၁ဝ -၂ဝ၂ဝ ဆယ်စုနှစ်တွင် ပေါ်ထွက်လာသော ဒီမိုကရေစီ အခွင့်အ လမ်းကိုအသုံးပြုကာ၊ ပြည်တွင်းစစ်ရပ်စဲရေး-ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို  ဒီမိုကရေစီအခြေပြု အနိုင်ရပါတီက အားသွန် ခွန်စိုက် ဆောင်ရွက်လျှက်ရှိသည်ကို တွေ့နိုင်သည်။

စီးပွားရေးနှင့် ငြိမ်းချမ်းရေး ကိုင်းနှင့်ကျွန်းပမာ တခုနှင့်တခု အပြန်အလှန် အမှီသဟဲပြုနေသည်။ တနည်းအားဖြင့် ပြည်တွင်း စစ် နာတာရှည်ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်းမရှိသဖြင့် စစ်စရိတ်ထောင်းသည့်ဒဏ်ကို ပြည်သူတို့ ခံနေရသည်။ စစ်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကမောက်ကမဒဏ်ကို ပြည်သူတို့ ခါးစည်းခံနေရသည်။ ထို့ကြောင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် စစ်ပွဲများရပ်အောင်လုပ်ကြရမည်။ ထို့နောက် ငြိမ်းချမ်းရေးကို ညီညီညွတ်ညွတ် လက်တွဲတည်ဆောက်ကြ ရမည်။ လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် အထူးအားစိုက် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ သို့သော် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ (EAOs) နှင့် မြန်မာ့တပ်မတော်အကြားတွင်မူ ကြိုတင်စည်းကမ်းချက်များနှင့် မူဝါဒများ အသီးသီးရှိနေကြသည်။ တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အပေါ် ရှုမြင်ပုံ သဘောချင်း ထိပ်တိုက်တိုး နေသည်။ ထိုသို့ ထိပ်တိုက် တိုးနေရသည့် အခြေခံအကြောင်းများတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနှင့်လည်း ဆက်နွယ်နေသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ထွန်းရန် အခြေခံအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအားလုံး “တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA)”  ကို လက်ခံဖို့လိုသည်ဟု အစိုးရက ဆိုသည်။ ယေဘုယျအားဖြင့် EAOs အဖွဲ့များအားလုံး ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာရေးအပေါ် မူတည်နေသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး၍၊  ၂၁ ရာစုပင်လုံ စတုတ္ထအကျော့ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ကြရန် နှိုးဆော်နေသည်။ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေး ပွဲစင်မြင့်ကို အသုံးချ၍ မိမိတို့ တိုင်းရင်းသား အခွင့်အရေးများကို ဆွေးနွေးရယူကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလျှက်ရှိသည်။ NCA သည် လမ်းဆုံး မဟုတ်ဘဲ NCA မှတဆင့် နိုင်ငံရေးရပိုင်ခွင့်များ ဆွေးနွေးရယူစေလိုသည်ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လတ်တလော မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ပြဿနာကြောင့် နိုင်ငံတကာဖိအားများနှင့် ရင်ဆိုင်နေရသည်။ တချိန် တည်းတွင် ပြည်တွင်းစီးပွားရေးအခြေအနေကလည်း ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတို့နှင့်အတူ မတည်မငြိမ် ဖြစ်နေ သည်။ မူးယစ်ဆေးပြဿနာနှင့် တရားဥပဒေစိုးမိုးရေးပြဿနာများကလည်း အစိုးရအတွက် ထပ်ဆင့်စိန်ခေါ်မှုများ ဖြစ်နေသည်။ ၎င်းပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးတည်ငြိမ်ဖို့လိုသည်။ တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တိုးတက်ကောင်းမွန်လာအောင်လုပ်ဖို့ လိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်အပေါ် အကောင်းမြင် သဘောထားရှိမှသာ အပြန်အလှန်ယုံကြည်မှုဖြင့် အမျိုးသားပြန်သင့်ရေး ဖြစ်ပေါ်နိုင်သည်။ အမျိုးသားပြန်လည် သင့်မြတ် ရေး တည်ဆောက်နိုင်မှလည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံတကာဖိအားများကို တွန်းလှန်နိုင်မည်။ ယခုအချိန်၌ နိုင်ငံ တကာဖိအားများကိစ္စ ထည့်ပြောနေရသည်မှာ ပြည်တွင်းစီးပွားရေးဘဝ တည်ငြိမ်ရေးအတွက်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ တကာဖိအားကိစ္စ မသိကျိုးကျွံ လုပ်ထား၍မရ။ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအခြေအနေတို့သည် တခုနှင့်တခု တနွယ်ငင် တစင်ပါ ဆက်စပ်နေသည်ကို သတိပြုရမည်။

အထူးသဖြင့် ဒစ်ဂျစ်တယ် နည်း ပညာခေတ်တွင် လူငယ်များကို နည်းပညာကျွမ်းကျင်လုပ်သားများ ဖြစ်လာစေရန် အစိုးရက မူဝါဒများ ချမှတ်၍ အားဖြည့် ပေးရမည်။ လူငယ် အလုပ်သမားများ၏ အရည်အသွေးနှင့် လုပ်ငန်းကျွမ်းကျင်မှုကို အစိုးရက စနစ်တကျ မြှင့်တင်ပေးနိုင်ခြင်းမရှိပါက၊ အလုပ်အကိုင်များရှိနေသည့်တိုင် နည်းပညာအရည်အချင်းရှိသူများ (IT Professionals)  နည်းပါးသဖြင့် အခက်တွေ့နိုင်သည်။ ယင်းကဲ့သို့သော ပြဿနာများကို ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာများအနေဖြင့်လည်း အမြင်ကျယ်ကျယ် လေ့လာဆောင်ရွက်ကြရန်လိုသည်။ မလိုအပ်ဘဲ ဗဟိုချုပ် ကိုင်မှုနှင့် ကြိုးနီစနစ်ကျင့်သုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချရမည်။

စီးပွားရေးနှင့် ငြိမ်းချမ်းရေးသည် ကိုင်းနှင့် ကျွန်းပမာ တခုနှင့်တခု အပြန်အလှန် အမှီပြုနေကြောင်း အထက်၌ဆိုခဲ့ပြီဖြစ်သည်။ တနည်းပြောရလျှင် ပြည်တွင်းစစ်မရပ်နိုင်ပါက အမျိုးသားရင်ကြားစေ့ရေး မရရှိနိုင်သောကြောင့် ငြိမ်းချမ်းရေးနှင့်တကွ တိုင်း ပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖွံ့ဖြိုးရေးလည်း အလှမ်းဝေးနေမည်။ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သမျှလည်း စီးပွား ရေး မကောင်းနိုင်ပေ။ ပြည်တွင်းစစ် ဖြစ်နေသမျှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု ဆက်လက်ကြီးထွားနေမည်။  တရားမဝင် သစ်နှင့်ကျောက်စိမ်းအပါအဝင် သယံဇာတရောင်းဝယ်နေမှုများလည်း ဆက်လက်ကြီးထွားနေမည်။ ပြည်တွင်း စစ်၏ သက်ရောက်မှုကြောင့် တရားမဝင် ဒုစရိုက် စီးပွားရေးလုပ်ငန်းများ ကြီးထွားလာဖို့ သေချာသည်။

နိုင်ငံမြောက်ပိုင်းရှိ ပြည်တွင်းစစ် အပြင်းထန်ဆုံး ဖြစ်ပွားရာ ကချင်ပြည်နယ်သည် ၂ဝ၁၄ ခုနှစ်တွင် ဒေါ်လာ ၃၁ ဘီလီယံ တန်ဖိုးရှိ ကျောက်စိမ်းများထွက်ရှိခဲ့ရာ ပင်မဒေသဖြစ်သည်။ ထိုဒေသရှိ စစ်ဘေးဒုက္ခသည်များနှင့် ဒေသခံလူမျိုးစု ခေါင်း ဆောင်များ၏ ထုတ်ဖေါ်ပြောဆိုချက်များတွင် စစ်ပြိုင်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ဆိုင်းပေးရန်နှင့် ယင်းတိုက်ခိုက်မှုများကို ဖြစ်ပွားစေသော ကျောက်စိမ်းတူးဖေါ်မှုလုပ်ငန်းများကို ပြန်လည်ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တိုက်တွန်းတောင်းဆိုမှုများ ရှိခဲ့သည်ဟု Global Witness ၏ ၂ဝ၁၇ အစီရင်ခံစာတွင် ဖော်ပြခဲ့ဖူးသည်။

ထိုဒေသတွင် စစ်ပြိုင်တိုက်ခိုက်နေသော လက်နက်ကိုင်တပ်ဖွဲ့များသည် အခွန်ကောက်ယူခြင်းနှင့် အနိုင်အထက် ငွေညှစ် ခြင်းများမှတဆင့် ဝင်ငွေများစွာရရှိနေကြသည်ဟု ၎င်းအစီရင်ခံစာက ဆိုသည်။ တချိန်တည်းတွင် ဒေသခံပြည်သူများမှာ ကျောက်စိမ်းတူးဖော်ခြင်းကြောင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ ခံစားနေကြရသည်။ ထိုသို့သော အခြေအနေများကြောင့် အစိုးရအပေါ် မယုံကြည်မှုနှင့် ဆန့်ကျင်စိတ် ပိုမိုများပြားလာ၍ ငြိမ်းချမ်းရေး ရရှိရန် ပိုမိုခက်ခဲလာ စေသည်ဟု Global Witness အစီရင်ခံစာက ထောက်ပြခဲ့သည်။ ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် အရပ်သားဦးဆောင်သော အစိုးရသစ်မှ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်သူများသည် ကျောက်စိမ်းလုပ်ပိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်းများကို ဆိုင်းငံ့ခဲ့ သည်။ ထိုသို့လိုင်စင်ထုတ်ပေးမှု ဆိုင်းငံ့လိုက်ခြင်းကြောင့် လုပ်ငန်းတခုလုံးကို သုံးသပ်ပြင်ဆင်ရန် အခွင့်ရစေသည်ဟု ဆိုသည်။  “အစိုးရအနေဖြင့် ယင်းကဏ္ဍကို မပြုပြင်နိုင်မချင်း လိုင်စင်ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားသင့်သည်” ဟု Paul Donowitz (Global Witness) က သုံးသပ်တိုက်တွန်းခဲ့ဖူးသည်။

ကျောက်စိမ်းနှင့် အလားတူ ကြိမ်စာသင့်နေသော သယံဇာတမှာ သစ်တောများဖြစ်သည်။ လွန်ခဲ့သော၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှု ဧရိယာ ပမာဏသည် ဟက်တာ ၁ ဒဿမ ၅ သန်း လျော့နည်းသွားကြောင်း ‘စိမ်းလန်းအမိမြေအသင်း’ က သုတေသနစစ်တမ်း ထုတ်ပြန်ခဲ့ကြောင်း ၂ဝ၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ RFA သတင်းတွင် ဖေါ်ပြခဲ့ဖူးသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုနှင့် သတ္တုတူးဖော်ရေးဧရိယာပြောင်းလဲမှု သုတေသနစစ်တမ်း ထုတ်ပြန် ပွဲကို ၂၇-၄-၂ဝ၁၆ နေ့က ရန်ကုန်မြို့ Shangri-La ဟိုတယ်၌ကျင်းပခဲ့ပြီး အဖွဲ့၏ National Project Coordinator ဦးဘေါမ်ဇွန်းမ်က သစ်တောပြုန်းတီးမှုအကြောင်း ရှင်းပြခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှ၂ဝ၁၄ ခုနှစ် အတွင်း ယေဘုယျအားဖြင့် သစ် တောဧရိယာ ဟက်တာ ၁ ဒဿမ ၅ သန်း လျော့နည်းသွားခြင်းကြောင့် သစ်တောပျက်စီးမှု တနှစ်တွင် ပျမ်းမျှ (ဝ ဒဿမ ၃ဝ) ရာခိုင်နှုန်းဖြစ်သည်ဟု သူကဆိုသည်။

၂ဝ၁၄ ခုနှစ် စစ်တမ်းအရ ရှမ်း၊ စစ်ကိုင်း၊ ကချင်၊ တနင်္သာရီ၊ ကရင် ၊ ချင်း၊ ရခိုင်၊ ပဲခူး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်သည်။ ကချင်၊ ပဲခူး၊ ကယား၊ မန္တလေး၊ မွန်၊ စစ်ကိုင်း၊ ရှမ်း၊ တနင်္သာရီစသည့် တိုင်းနှင့်ပြည်နယ်များတွင် သတ္တုတူးဖော်မှု အများဆုံးရှိနေပြီး၊ မြန်မာတနိုင်ငံလုံးတွင် သတ္တုတူးဖော်ရေး စီမံကိန်းပေါင်း ၁,၁ဝဝ ကျော်ရှိနေသည်။ သတ္တုတူးဖော်နေသော နေရာပေါင်း ၁,၂ဝဝ နီးပါးရှိနေသည်ဟု စစ်တမ်း၌ ဖော်ပြထားသည်။ သစ်တော ဖုံးလွှမ်းမှု ဧရိယာ နည်းလာခြင်းသည် သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးမြေအဖြစ် အသုံးပြုခြင်း၊ အခြား မြေအဖြစ် ပြောင်းလဲအသုံးပြုခြင်းများကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

ထို့ပြင် သစ်ခိုးဂိုဏ်များ၏ ပယောဂသည်လည်း မြန်မာ့သစ်တော ပြုန်းတီးရသည့် အကြောင်းရင်းများအနက် တခုဖြစ် သည်။ ၂ဝ၁၈ ခုနှစ် မေလက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၌ သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်မှ ကားများဖြင့် ခိုးထုတ်နေသူများအား ဖမ်းဆီးနိုင်ရန် ကချင်ပြည်နယ် အစိုးရက တရုတ်ဆက်ဆံရေးရုံးနှင့် ချိတ်ဆက် စုံစမ်းဖေါ်ထုတ်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက RFA သတင်းသို့ပြောခဲ့ဖူးသည်။ သို့သော် မကြာသေးမီ အချိန်အထိ မြန်မာ့နယ် မြေအတွင်း သစ်မှောင်ခိုကားများ ဥဒဟို ဝင်ရောက်သယ်ယူနေသည့်သတင်းများ ကြားနေရဆဲ ဖြစ်သည်။ ယင်းကိစ္စသည် လတ်တလော မြန်မာပြည်သူများ ခံစားနေရသည့် အပူရှိန်လွန်ကဲမှု၊ ရာသီဥတုဖေါက်ပြန်မှုများနှင့်လည်း  တိုက်ရိုက် ဆက် စပ်နေသည်။

ငြိမ်းချမ်းရေး သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးသည် ပထမဦးစားပေးဖြစ်ကြောင်း လက် ရှိအစိုးရက ကတိပြုထားသည်။ ယင်းကိစ္စအောင်မြင်စေရန် နိုင်ငံ၏ တန်ဖိုးအကြီးဆုံး သဘာဝအရင်းအမြစ်များနှင့် ပတ် သက်၍ ချဉ်းကပ်လုပ်ဆောင်ပုံအသစ်ကို ဘက်နှစ်ဘက်လုံးက သဘောတူညီကြရန် အရေးကြီးသည်ဟု Paul Donowitz (Global Witness) က ထောက်ပြဖူးသည်။ ဆိုလိုသည်မှာ လက်နက်ကိုင်ဆောင်ထားသူများကို ကျောက်စိမ်း လုပ်ငန်း အတွင်းမှဖယ်ရှားရန် အားထုတ်ဆောင်ရွက်ရမည်ဟု တိုက်တွန်းခဲ့သည်။  လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင်အောင်ပြုရာတွင် သဘာဝသယံဇာတအရင်းအမြစ်များကို အသုံးပြုနေသည်ဟု သူက ထောက်ပြ သည်။ ယင်းသို့ဆောင်ရွက်မှုများကို အဆုံးသတ်ရန်လိုကြောင်း Paul Donowitz က သုံးသပ်ပြခဲ့သည်။ အစိုးရက လက်နက် ကိုင်အဖွဲ့အစည်းများ သဘာဝသယံဇာတအရင်းအမြစ်များကို တလွဲသုံးနေခြင်းမှ ဆွေးနွေးညှိနှိုင်း တားမြစ်သင့်သည်ဟု သူကဆိုသည်။ တိုင်းပြည်၏ သယံဇာတများသည် ပြည်သူလူထုအားလုံးနှင့်ဆိုင်သဖြင့်၊ ပြည်သူလူထု၏ ပညာရေး ကျန်း မာရေး အသုံးစရိတ်များ တိုးမြှင့်သုံးစွဲနိုင်ရန် ငြိမ်းချမ်းရေးစကားဝိုင်းများတွင် ထည့်သွင်းဆွေးနွေးရမည်။ ထို့ကြောင့် ဧပြီ ၃ဝ ရက်နေ့တွင် ကုန်ဆုံးတော့မည့် တပ်မတော်၏ ယာယီအပစ်ရပ်ကာလကို ထပ်မံတိုးမြှင့်သင့်သည်။  လက်ရှိအခြေအနေ အတိုင်းဆိုလျှင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အချိန်ပေးမှု နည်းနေသဖြင့် Dialogue ဘောင်က ကျဉ်း မြောင်းလာနေပြီး၊ Military Pressure စစ်ရေးဖိအားဘောင်က ကျယ်လာနေသည်ဟု သုံးသပ်မိပါသည်။

မေလ ၆ ရက်နေ့ထုတ် ဒီလှိုင်းစာစောင် အတွဲ (၈) အမှတ် (၁၆) ၌ ဖေါ်ပြသည့် ဆောင်းပါး။
Photo credit : The Guridan