ဆီးရီးယားက မြန်မာ့တော်လှန်ရေးအတွက် စိတ်အားတက်စရာ ဖြစ်နိုင်သလား
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၈ မြင်ကွင်း
မိုးမခ၊ ဒီဇင်ဘာ ၉၊ ၂၀၂၄
ဆီးရီးယားက မြန်မာ့တော်လှန်ရေးအတွက် စိတ်အားတက်စရာ ဖြစ်နိုင်သလား
ဆီးရီးယား သမ္မတ ဘာရှားအာဆတ်နဲ့ မိသားစု နိုင်ငံတွင်းက ရုတ်တရက် လေယာဥ်နဲ့ ထွက်ခွာသွားပြီး ဘယ်နိုင်ငံကို ထွက်ခွာသွားမှန်း ယမန်နေ့က မသိရှိနိုင်ခဲ့ကြပါဘူး။ သူပုန်လက်နက်ကိုင် အဖွဲ့တွေ မြို့တော် ဒမတ်စကပ် ဆင်ခြေဖုံးကို ချဥ်းကပ်လာစဥ်မှာပဲ သမ္မတဖြစ်သူ မြန်မြန်ဆန်ဆန် နိုင်ငံက ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေ ကမ္ဘာမှာ ဖြစ်ပျက်လေ့ရှိပြီး မကြာသေးခင်ကပဲ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာလည်း မြို့တော် ဒက္ကားမှာ ဆန္ဒပြသူတွေ သမ္မတအိမ်တော်ထဲ ဝင်ရောက်လာခါနီး မိနစ်ပိုင်း၊ နာရီပိုင်းအလိုမှာ လေယာဥ်နဲ့ နိုင်ငံက ထွက်ပြေးရတဲ့ အနေအထားဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဝန်ကြီးချုပ်ပြုတ်ကျရတဲ့ အကြောင်းက လက်နက်ကိုင် တော်လှန်ရေးမဟုတ်ဘဲ မြို့တော်မှာ သီတင်းပတ်နဲ့ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးနောက် လူထုအင်အားနဲ့ ဖိအားပေးမှုကြောင့် စစ်တပ်က ဝန်ကြီးချုပ်ရဲ့ အမိန့်ကို ဆက်လက်မနာခံဖို့ ဆုံးဖြတ်လိုက်တာကြောင့် နိုင်ငံကနေ ထွက်ခွာတိမ်းရှောင်ရတဲ့ အခြေအနေဖြစ်ပါတယ်။
အခု ဆီးရီးယား သမ္မတအာဆတ် ပြုတ်ကျရတဲ့ ကိစ္စမှာတော့ လက်နက်ကိုင် တပ်ဖွဲ့တွေက အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို တမြို့ပြီးတမြို့ ရက်အနည်းငယ်အတွင်း သိမ်းယူနိုင်ခဲ့တဲ့ အရှိန်အဟုန် အင်အားကို အာဆတ်အနေနဲ့ ခုခံတိုက်ခိုက်ဖို့ အင်အားရော အချိန်ပါ မရှိတော့တဲ့ အခြေအနေမျိုး ရောက်ခဲ့တာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း တောင်ကိုးရီးယား နိုင်ငံမှာလည်း လွှတ်တော်မှာ အင်အားအများစုဖြစ်တဲ့ အတိုက်အခံပါတီကို မကျော်လွန်နိုင်တဲ့နောက် သမ္မတဖြစ်သူက ကာကွယ်ရေး ဝန်ကြီးကို အမိန့်ပေးပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမယ့် ညတွင်းချင်းမှာ စစ်အုပ်ချုပ်ရေးကို ပြန်လည်ပယ်ဖျက်ခဲ့ကာ သမ္မတရဲ့ ကြိုးပမ်းမှု ကျဆုံးခဲ့ရပါတယ်။ စစ်တပ်အနေနဲ့ သမ္မတခိုင်းတဲ့အတိုင်း အပြည့်အဝ အကောင်အထည် မဖေါ်ဘဲ နေခဲ့တာကြောင့် တောင်ကိုးရီးယားမှာ နိုင်ငံရေး အဓိကရုဏ်းတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ဖမ်းဆီးမှု၊ ပစ်ခတ်ဖြိုခွဲမှုတွေကို ရှောင်ရှားနိုင်ခဲ့တာလို့ဆိုရင် မှားမယ် မထင်ပါဘူး။
ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုးရီးယား သာဓကတွေကို ခေတ္တထားလိုက်ပြီး အခု နောက်ဆုံးဖြစ်တဲ့ ဆီးရီးယားအာဏာရှင် အာဆတ် နိုင်ငံက ထွက်ပြေးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် သူပုန်တွေ မြို့တော်ကို သိမ်းယူနိုင်ခြင်းက မြန်မာနိုင်ငံအဖို့ ဘယ်လို သင်ခန်းစာတွေ ယူနိုင်မလဲ ဆိုတဲ့မေးခွန်းရှိလာပါတယ်။ တစ်အချက်အနေနဲ့ အခု မြို့တော် ဒမတ်စကပ်ကို သိမ်းယူခဲ့တဲ့ HTS အဖွဲ့ရဲ့ နောက်ကွယ်မှာ ပြည်ပ အကူအညီအထောက်အပံ့ ပါသလား၊ ပါခဲ့ရင် ဘယ်နိုင်ငံအစိုးရက အကူအညီပေးသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ အခုလို နိုင်ငံတောင်ဘက်က မြို့တမြို့ပြီးတမြို့ မသိမ်းမီ နှစ်နဲ့ချီ HTS အဖွဲ့ အခြေစိုက်ခဲ့တဲ့ နယ်မြေ အားကောင်းရာနေရာက နိုင်ငံမြောက်ပိုင်း တူရကီနယ်စပ်ဒေသဖြစ်ပြီး တူရကီအနေနဲ့ HTS ကို အကူအညီပေးခဲ့တယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ HTS အဖွဲ့အနေနဲ့ ပြည်ပနိုင်ငံတနိုင်ငံက လက်နက်ခဲယမ်း အကူအညီမပါခဲ့ရင် အခုလို မြို့တွေကို သိမ်းယူနိုင်ဖို့ မလွယ်ကူတဲ့အချက်ကို အများက သဘောတူကြပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ တနေရာမဟုတ် တနေရာမှာ ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းလို နေရာမှာ လက်နက်ခဲယမ်း ဝယ်ယူဖို့ အခက်ကြီးမဟုတ်ပေမယ့် ဘဏ္ဍာငွေလည်း လိုအပ်ပြီး နိုင်ငံ အစိုးရတရပ်ရပ်က နောက်ကွယ်က ထောက်ခံမှုပေးမှသာလျင် လုံလုံ လောက်လောက် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ အခုလို နိုင်ငံတနိုင်ငံက လက်နက်ခဲယမ်း ကူညီပေးတဲ့ အခွင့်အလမ်းမျိုး မရှိသေးတဲ့ အနေအထား ဖြစ်ပါတယ်။ မိမိတို့ ဒေသက ထွက်ရှိတဲ့ သစ်၊ သတ္တု၊ ကျောက်မျက် စတဲ့ သယံဇာတရောင်းချလို့ရတဲ့ငွေ၊ ပြည်တွင်းမှာ သွားလာနေကြတဲ့ လမ်းတွေမှာ ဂိတ်ဖွင့်လှစ်ပြီး အခွန်ကောက်ခံကာ လက်နက်ဝယ်ကြရတဲ့ အခြေအနေမျိုးက စစ်ဆင်ရေးကြီးတွေ ဆင်နွှဲဖို့ အခက်အခဲရှိတာ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ပြည်ပနိုင်ငံတနိုင်ငံက အကူအညီပေးအပ်ခြင်းနဲ့ အတူတွဲလျှက်ပါဝင်လာမယ့် အကျိုးစီးပွားချင်း ဝိရောဓိ ဖြစ်မှုတွေ ဖြစ်ပါတယ်။ အခုဆီးရီးယား သူပုန်တွေ အနေနဲ့ ၄င်းတို့ကို အကူအညီပေးတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ အတွက်ဘယ်လို ကျေးဇူးဆပ်မှုတွေ ပြန်လုပ်ဆောင်ပေးရမလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ စစ်မက်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် နိုင်ငံနဲ့ ရုရှားတို့ရဲ့ အားပြိုင်မှု၊ တူရကီနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေက ဆီးရီးယား နိုင်ငံမှာ အာဏာရှင် အာဆတ် ပြုတ်ကျသည့်တိုင် နိုင်ငံရေးတည်ငြိမ်မှု ရနိုင်ပါ့မလားဆိုတဲ့ သံသယလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ စစ်စခန်း အချို့ရှိသလို ဆီးရီးယား နယ်နိမိတ်ထဲမှာပဲ အမေရိကန် ရဲ့ စစ်စခန်းတချို့လည်း ရှိနေတာဖြစ်ပါတယ်။ ဒီလို လက်နက်ကိုင် အဖွဲ့တဖွဲ့မကရှိတဲ့ နိုင်ငံမှာ အကျိုးစီးပွား ဆန့်ကျင်ဘက်၊ ရပ်တည်ချက် ဆန့်ကျင်ဖက် ရန်ဘက် အင်အားကြီးနှစ်နိုင်ငံရဲ့ စစ်စခန်းတွေ ရှိနေတဲ့နိုင်ငံရဲ့ အခြေအနေက လောလောဆယ်မှာ လွတ်လပ်စွာရပ်တည်ဖို့ မလွယ်တဲ့အနေအထား ဖြစ်ပါတယ်။
မြန်မာ့လက်နက်ကိုင် အရေးနဲ့ ပတ်သက်လို့ သင်ခန်းစာသို့မဟုတ် ကောက်ချက်ချနိုင်တဲ့အချက်တချက်ကတော့ စစ်လက်နက် ခဲယမ်း အကူအညီများများစားစား ရရှိဖို့ရာအတွက်ဆိုရင် ပြည်ပအကူအညီ ပါမှဖြစ်နိုင်မယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ လတ်တလောမှာ ဒီလို စစ်ရေးအရ ပြည်ပပါဝင်စွက်ဖက်မှု မလုပ်ကြဖို့ ကြိုသတိပေးချက်ကို တရုတ်နိုင်ငံက လူသိရှင်ကြားပြောဆိုထားပြီး သူကိုယ်တိုင်ကတော့ စစ်ကောင်စီကို လက်နက်ခဲယမ်း မကူညီသည့်တိုင် သံတမန်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်တွေကို စီးပွားရေး ကုန်သွယ်မှု ပိတ်ဆို့တာတွေ လုပ်ဆောင်ပြီး ဖိအားပေးနေတာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ဆီးရီးယားဆီက သင်ခန်းစာ သို့မဟုတ် နှိုင်းယှဥ်စရာ တချို့ရှိနေတာ အမှန်ပင် ဖြစ်ပေမယ့် မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်သလို တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေတဲ့ အချက်ကလည်း မေ့ထားလို့မရတဲ့အချက်တွေ ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar