နေသွင်ညိဏ်း - ယောနိသော မနသိကာရ
ယောနိသော မနသိကာရ
နေသွင်ညိဏ်း
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃
China Town ရုပ်ရှင် ရုံတင်တာ ၁၉၇၄ ဆိုတော့ က ကျနော် မမွေးသေး။ ဒါပေမယ့် Forget it, Jake. It's Chinatown" ဆိုတဲ့ စကားကိုတော့ တွေ့တွေ့၊ ကြားကြားနေရတယ်။ တခါတလေ ‘တရုတ်တန်း’ ရုပ်ရှင်နဲ့ ဘာမှ မဆိုင်တော့။
‘လွှတ်ထားလိုက်ပါ။ မပြောတော့နဲ့။’ ဆိုတဲ့ စကားတွေကို ရပ်ကွက်ထဲက တချို့လူတွေကို ပြောတတ်ကြတယ်။ ဘယ်လောက်ပြောပြော မရတော့မယ့်အတူတူ၊ ဘယ်လိုပဲ ရှင်းပြပြ နားမဝင်မယ့်အတူတူ၊ ပြောမရဆိုမရနဲ့ ညနေတိုင်း အမြဲတမ်း တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ အိမ်နီးနားချင်း လင်မယား၊ ညနေတိုင်း မူးမူးပြီး လမ်းသလား ဆဲဆိုနေတဲ့ အမူးသမားကိုဆိုပါတော့။
‘ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် လို့တော့ တချို့က အရွှန်းဖောက်ပြောတတ်ကြသေးတယ်။ အဆိုတော်ကြီး လွှမ်းမိုးက ဒီအကြောင်း သီချင်းတပုဒ်ရေးတယ်။
‘သစ်ရွက်ခြောက်တို့ ကြွေ၊ နွေရာသီကို ရောက်တဲ့အခါ၊ မီးကင်းစောင့်ဖို့ကို လူတွေ အကုန်လုံးစုခေါ်ကာ၊ လမ်းထိပ်နားက လူ ဒီတာဝန်ကို ယူပြီးတော့၊ ကင်းတဲလေးရဲ့ပေါ် စောင်ခြုံပြီးတော့ တက်အိပ်တယ်’
ရပ်ကွက်ထဲက စရိုက်နဲ့ ကိုက်တော့ ဒီ သီချင်းက ပေါက်သွားတာ လူတိုင်းပါးစပ်ဖျားမှာ။
အခုခေတ်ကျတော့ ကမ္ဘာကြီးက ရွာတရွာလောက် ကျုံ့သွားပြီးလို့ ပြောကြတယ်။ ဒီထက်နည်းနည်း ပိုပိုသာသာ ပြောတတ်သူတွေက ရပ်ကွက်တခုလောက်ပဲ ရှိတာပါ လို့ ပြောကြပြန်တယ်။ ဒီတော့လည်း ကျနော်တို့ ရပ်ကွက်အကြောင်းမှာ ပြောစရာတွေ ပိုများလာတယ်။
ပူတင်ကြီး တစောက်ကန်းတွေလုပ်နေပြန်ပြီလို့ ပြောလို့ မဆုံးခင် ပြုံရမ်းဘက်က ထရမ်းချင်ရမ်းကားမယ်။ အာဖရိကမှာ စစ်တပ်က အာဏာသိမ်းရင်းတန်းလန်းနဲ့ အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ထချနေချင်ချနေမယ်။ လူတွေက သိပ်စိတ်မဝင်စားချင်တော့။ အာရင်ဘတ်က ရေးဖူးတယ်။ တော်လှန်ရေးဆိုတာတောင် ကြုံပါများတော့ ‘ဟုန်’ သွားတယ်ဆိုတာမျိုး။ ပါရီမြို့ကိုလား၊ အတိအကျ မမှတ်မိတော့၊
တခါတလေလည်း သတင်းလောကဟာ တဆိတ်ကို တအိတ်လုပ်တတ်ကြတယ်။ ကြည့်ပါလား။ ဇူကာဘက်နဲ့ အီလွန်မတ် တို့ လက်ဝှေ့စိန်ခေါ်ပွဲလည်း တကယ် မကြည့်လိုက်ရပါဘူး။ ဒီလိုနဲ့ လူတွေလည်း ဘရစ္စတနီစပီးယားရဲ့ အတွင်းရေးဖွင့်ချတဲ့စာအုပ်နဲ့ အိချောပိုမင်္ဂလာဆောင်ဘက် လှည့်ကုန်ကြပြန်တယ်။
ဘာကြာသေးလို့လဲ။ တရုတ်က မိုးပျံဘောလုံးတွေ လွှတ်လိုက်တာ အနောက်ကမ္ဘာမှာအုတ်အုတ်ကျက်ကျက် ဖြစ်ကုန်ရော။ အေပီက ballon bickering လို့ ခေါင်းစဉ်တင်လိုက်တယ်။ ကလေးတွေ ဘောလုံးလုရင်း ရန်ဖြစ်ကြတာမျိုး။ ပြန်တည့်သွားမှာပါလို့ ခပ်ထေ့ထေ့ ရေးလိုက်တဲ့ပုံမျိုး။ မတည့်ရမလား။ ၂၁ ရာစုဟာ တရုတ်ရာစုလို့ ဆိုကြတယ်မဟုတ်လား။
အခုတရုတ်တန်းဟာ စကားအလင်္ကာထက်တောင်ပိုနေပြီ။ ။ တရုတ်တန်း ဆိုတာ ရန်ကုန်မြို့လည် ဆူးလေအနောက်ဘက် ရပ်ကွက်တွေမဟုတ်တော့ပါဘူး။ ကျော်နေပါပြီ။ ဆူးလေကို ဗဟိုပြုလို့ လက်ကားကား ခြေကားယား ဖြစ်နေပါပြီ။
စစ်ဖြစ်လာရင် သေနတ်သံတွေ တိတ်သွားပြီး နောက်နေ့မနက်၊ ပြီးတော့ နောက်တနေ့ မနက်ထိ ကြည့်ဖို့ လိုတယ်လို့ တော့မတ်ဖရိုင်းမင်းက ရေးဖူးတယ်။ ‘The Morning after the morning after’ ဘယ်သူက အမှတ်ဝင်ယူပြီး ဘယ်သူတွေက ဒုက္ခရောက်သွားသလဲ ဆိုတာ သဲကွဲလာတဲ့အထိဆိုပါတော့။ ပါရီမြို့သားလို အထာကျကျနေဖို့ ပြောတာပါ။
ကျနော်ကတော့ ဥာဏ်မမီတဲ့အခါ ဆရာစိုင်းခမ်းလိတ်ရဲ့ စာသားကို အဆိုတော်ကြီး စိုင်းထီးဆိုင် အသံနေထားနဲ့ ခပ်တိုးတိုး ဆိုနေလိုက်ပါတယ်။
‘ယုံချင်ယုံ မယုံချင်နေ တကယ်အဖြစ်ပျက်ပါ ဘုရားစူးစေ့၊ ယုံချင်ယုံ မယုံချင်နေ တရုတ်တန်းစျေးက အဖြစ်ပျက်လေး’
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar