ဖိုးသံ (လူထု) - .......
ဖိုးသံ (လူထု)
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၃
ကိုယ့်ညီတယောက်လုံးဆုံးပါးသွားတာတောင် ကဗျာတပုဒ်မရေး၊ စာတစောင်မဖွဲ့ဘူး လို့သူများတွေပြောကြမှာစိုးလို့ အကြိမ်ကြိမ်၊ အမျိုးမျိုးစဉ်းစားခဲ့ပါတယ်။ သူ့အကြောင်း၊ သူနဲ့နေခဲ့တဲ့နေ့ရက်တွေအကြောင်းစဉ်းစားရတာ ဆို့နင့်ဆွေးမြေ့လာတတ်လို့ နောက်ဆုံး မှာ အမှတ်တရဆောင်းပါးလေးပဲ ရေးတော့မယ်လို့ဆုံးဖြတ်လိုက်ရပါတယ်။
ကျွန်တော်တို့မောင်နှမငါးယောက်ထဲမှာ အကြီးလေးယောက်ဟာ အသက်အားဖြင့် တယောက်နဲ့တယောက် ၂ နှစ်စီကွာပါတယ်။ နံပတ် ၄ နဲ့နံပတ် ၅ ကျမှ အသက် ငါးနှစ်တောင် ကွာသွားတာပါ။ သူကကျွန်တော့်ထက် ၇ နှစ်ငယ်ပါတယ်။ သူမွေးတဲ့အခါမှာ သူအထက်က မတင်ဝင်းတောင်ကျောင်းသွားနေပါပြီ။ ကျနော်တက်နေတာက စိန်ပီတာကျောင်းလို့ထင် ပါတယ်။ အဲဒီနေ့၊ သူ မွေးတဲ့နေ့က ကျွန်တော်တို့ကျောင်းသွားရတာမှတ်မိနေပါတယ်။ ကျွန်တော်တို့မောင်နှမတတွေကိုကျွန်တော်တို့အိမ်က ဂျစ်ကားနဲ့ နေ့တိုင်းအပို့အကြိုလုပ်ပါ တယ်။ ညနေ ၃ နာရီခွဲ လေးနာရီလောက်မှာ ကျောင်းကနေ ပြန်လာတော့ ကားပေါ်က မှမဆင်းကြရသေးဘူး၊ အမေမွေးပြီ၊ သားကလေးမွေးတယ်လို့ ဆီးပြောတာနဲ့ကြုံရပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ အကြီးလေးယောက်က “ဟေး”ကနဲအော်ပြီး အားလုံးကားပေါ်က ပြေးဆင်း၊ အိမ်ပေါ်ကို ပြေးတက်သွားခဲ့တာကိုမှတ်မိနေပါတယ်။ ဖေဖော်ဝါရီ ၅ ရက် နေ့နေ့လယ် ၃ နာရီခွဲ၊ ၄ နာရီဆိုတော့မန္တလေးနေကလင်းထိန်နေတာပါ။ အမေ့ကိုမွေးပေး တာက အမေ့အမဝမ်းကွဲ တော်တဲ့ ဝမ်းဆွဲဆရာမကြီးတွေပါ။ အိပ်ရာပေါ် မှာလှဲနေတဲ့အမေ့ အနားကိုပြေးပြီးကြည့်ကြတော့ ဝဝကစ်ကစ်ညိုတိုတို ငနဲကလေးတယောက်ကို တွေ့ကြ ရပါတယ်။ အမေကလည်း ကျန်းကျန်းမာမာကြီးမို့ ကျွန်တော်တို့ မောင်နှမတတွေ ပျော်လိုက်၊ ဝမ်းသာလိုက်ကြတာ မပြောပါနဲ့တော့။ ဒီကောင်ကသူ့ကို ဘယ်သူက ဘယ် လောက် မြှူမြှူ အင်မတန်ပြုံးရယ်ခဲတာမို့ ဆွေမျိုးလိုဖြစ်နေတဲ့ ကျွန်တော်တို့ အိမ်ကအလုပ်သမား ခေါင်း(ဖိုမင်) ကိုမိုး(ဦးမိုး)က သူ့ကို “ရှုညို” လို့နာမည်တန်းပေးခဲ့ပါတယ်။ အိမ်သားတွေ က တော့ မောင်နှမအားလုံးရဲ့ဗိုလ်လို့ သဘောထားပြီး ဗိုလ်ညို-ဘိုညိုလို့ ခေါ်ကြပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ ဒီဘိုညိုဆိုတဲ့နာမည်ဟာ သူ့ကိုမွေးပေးတဲ့ ဆရာမကြီး အန်တီကြန်ကပေးခဲ့တဲ့နာမည်လို့ မှတ်မိနေပါတယ်။
ဒီကောင်ရဲ့ထူးခြားချက်ကရှုတည်တာ၊ စကားနည်းတာအပြင် ဘယ်သူနဲ့မဆိုတည့် အောင်ပေါင်းတာပါ။ လူချစ်အောင်နေတတ်တယ်လို့ဆိုရင်လည်း မမှားပါဘူး။ ဒါဟာ သူ နောက်ဆုံးအချိန်အထိ ထိန်းသိမ်းသွားတဲ့ ချစ်စရာအကျင့်ကောင်းတခုလို့ နားလည်မိပါတယ်။ အဲဒီနောက်တော့ သူလမ်း လျှောက်တတ်ခါစလောက်မှာ ထောင်ထဲကိုရောက်သွားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည် တွင်းငြိမ်းချမ်းရေးလှုပ်ရှားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကျွန်တော့်အဖေကသူ့ကို “မောင်ငြိမ်းချမ်း” လို့ထောင်ထဲကနေ နာမည်ပေးခဲ့ပါတယ်။ သူကအင်္ဂါသားဆိုတော့ မွေးတဲ့နေ့-နံနဲ့လည်းကိုက်လို့ အဲဒီနာမည်ကိုကျန်ခဲ့တဲ့အိမ်သား အားလုံးက ကျေနပ်အားရစွာနဲ့လက်ခံပြီး သူ့ကိုပေးခဲ့ကြပါတယ်။ အဖေကလည်းထောင်ထဲ ကနေ အိမ်ကိုရေးသမျှစာတွေထဲမှာ သူ့အငယ်ဆုံးသား ကိုညွှန်းချင်ရင် မောင်ငြိမ်းချမ်းလို့ပဲ ညွှန်းပါတော့တယ်။ အဲဒီလိုစကားနည်းလှတဲ့ကောင်ဟာ နောင်ကြီးလာတော့ အင် မတန် စကားကြွယ်တဲ့ စာရေးဆရာတယောက်ဖြစ်လာတာဟာ အံ့သြစရာလည်းကောင်း၊ ဝမ်းမြောက်စရာလည်းကောင်းလှပါတယ်။
သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ကိစ္စတွေထဲကတခုကို -စိတ်မကောင်းစွာနဲ့- ပြောရမယ်ဆိုရင် ……ကျွန်တော်ထောင်ထဲကလွတ်လာတုန်းးက။ အိမ်နဲ့ခြောက်နှစ်တောင်ခွဲခွာပြီး ကိုကိုး ကျွန်းကိုတောင်ရောက်ခဲ့တဲ့လူဆိုတော့ ဆွေမျိုးသားချင်းညီအစ်ကိုမောင်နှမတွေက သိပ်ကို ပြန်တွေ့ချင်ကြတာပေါ့။ အင်းစိန်ထောင်ကလွတ်တဲ့ ကျွန်တော်မန္တလေးကိုလေယာဉ်ပျံနဲ့ပြန် တော့ လေဆိပ်မှာ ကျွန်တော့အဖိုး-အဖွား ဦးထင်ဒေါ်စုတို့ရဲ့ ဒုတိယမျိုး ဆက်ဖြစ်တဲ့မောင်နှမတဝမ်းကွဲတွေ ၂၀ နီးပါးလောက်လာကြိုကြပါတယ်။ တန်းစီပြီးစောင့်နေကြတဲ့သူတို့ တတွေကိုလေယာဉ်ပျံပေါ်ကဆင်းလာတဲ့ ကျွန်တော်ကတယောက်ပြီးတယောက်နှုတ်ဆက်ရင်းဖြတ် သန်းရပါတယ်။ တယောက်ကိုတွေ့ရတိုင်း ဝမ်းအသာကြီးသာရတာမို့ နောက်ဆုံးမှာ နှုတ်ဆက်ရတဲ့ တခြားဆွေမျိုးမိတ် ဆွေတွေကို ပြုံးရယ်လက်ဆွဲပြီးတဲ့နောက်မှာ ခေါင်းထဲကို အတွေးတခုပြေးဝင်လာပါတယ်။ အဲဒါကတခြားဟုတ်ရိုးလား။ ကျွန်တော့်ညီဘိုညိုဘယ်များ ရောက်နေသလဲပေါ့။ ငါ့ကိုလာမကြိုပါလားလို့။ တကယ်ကတော့ ဒီခြောက်နှစ်အတွင်းမှာ သူက အများကြီးထွားလာ၊ ပြောင်းလဲသွားတာမို့ ကျွန်တော်ကသတိမထားမိတာပါ။ ခုနက သူနဲ့လည်းနှုတ်ဆက်ပြီးပြီဆိုတာကို သူများတွေကပြောပြတော့မှ ပြန်သတိထားမိပါတယ်။ စိတ်မကောင်းလိုက်တာ။ အခုမှပဲ တောင်းပန်ရတော့တယ်။ တပါတည်းမှာ သူ့ရဲ့ပထမဆုံးဝတ္ထုကို ကျနော်ဖတ်ရတော့ သိပ်အံ့ဩသွားမိတယ်ဆိုတာကိုလည်း ပြောလိုပါတယ်။ ကျနော် ထောင်ကထွက်လာပြီးတဲ့နောက် ညီ အစ်ကိုမောင်နှမတွေအထဲမှာ အတွဲမိဆုံးကသူလို့ပြောရင်မမှားပါဘူး။ အဲဒီလိုသူနဲ့ လေးနှစ်လောက် တပူးတွဲတွဲနေခဲ့တာမှာ ထောင်ရဲ့ပြင်ပ လူ့ဘဝနဲ့ အကြာကြီး ဝေးကွာခဲ့ရတဲ့ကျွန်တော့်အနေနဲ့ ကျွန်တော်မသိတာတွေတွေ့တိုင်း အနားမှာရှိတဲ့သူ့ကိုမေးရတာတွေကို ပြန်သတိရမိပါတယ်။ ကျွန်တော်ထောင်ထဲ မဝင်ခင် တုန်းက လက် ဖက်ရည်တခွက်မှတမတ်-၂၅ ပြား၊ ထောင်ကထွက်လာတော့ ၁ ကျပ်မဟုတ်လား၊ ဒါကြောင့်ပစ္စည်း ဝယ်မယ်လုပ်တိုင်းသူ့ကို “ဟေ့ကောင်၊ ဒီဈေးက တန်ရဲ့ လား” ဆိုတာမျိုး ကိုယ်အ’တာကို သူများတွေမရိပ်မိအောင်ကြိတ်မေးရတာ၊ တံတောင်နဲ့ တွက်မေးရတာတွေကိုလည်း မှတ်မိနေပါတယ်။ နောက်ပြီး “ငါ့သူငယ် ချင်း/ ကျောင်း နေဖက်…….တို့ရော ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲ” စသဖြင့် ကိုယ်ကငရဲခန်းထဲရောက်သွားလို့ အဆက်ပြတ်သွားတာတွေကို ညီအစ်ကိုချင်း ကပ်မေးမှကောင်းတာမို့ သူ့ကို ပဲမေးခဲ့ရတာ တွေလည်းမှတ်မိနေပါတယ်။ ဒါ့အပြင်ကျွန်တော်ထောင်ထဲရောက်နေတဲ့ ၆ နှစ်အတွင်းလူငယ်တွေအကြားရေပန်းစားနေတဲ့ “စော်ကြည်တယ်၊ ဘဲကြီး၊ အပြတ်မိုက်တယ်” စတဲ့ ဘန်းစကားတွေကိုလည်း သူ့ဆီကပဲလေ့လာခဲ့ရ့ပါတယ်။ ကိုယ့်ကျောင်းနေဖက်တွေ၊ အပေါင်းအသင်းဟောင်းတွေက အလုပ်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနဲ့၊ ရေကြည်ရာ မြက်နုရာ ပြောင်းသူကပြောင်း၊ သိပ်မတွေ့နိုင်တော့လို့ သူ့ဘော်ဒါတွေကိုပဲ ကိုယ့်ငယ်ပေါင်း ကြီးဖော်လို့သဘော ထားပေါင်းခဲ့ရတာလဲ အရေအတွက်းမနည်းပါဘူး။ အခုတော့ သူတို့နဲ့ကိုယ်ကကျန်ရစ်ပြီး အဲဒီသဘောကောင်းတဲ့ကောင်ကြီး…………..။
ထောင်ထဲမှာနေတုန်းက၊ ကိုကိုးကျွန်းပေါ်မှာရောက်နေတုန်းက ငါအိမ်ပြန်ရောက်ရင် ဘယ်ကိစ္စကိုတော့ ဘယ်သူ့ကိုမှပြောပြမယ်လို့ တသီကြီးစဉ်းစားထားခဲ့တာတွေရှိပါတယ်။ သူနဲ့ကျွန်တော်နဲ့နှစ်ယောက်ထဲရှိတဲ့အခါမှာ ဒီလိုနဲ့အိမ်ကိုပြန်ရောက်ပြီးနောက် သူ့ကိုပြောမယ်ဆိုတဲ့ဖြတ် သန်းမှုတွေ၊ အတွေ့အကြုံတွေ သူ့ကိုပြောပြတော့ သူကလည်း စိတ်ဝင်တ စားနားထောင်တာကိုသတိရနေမိပါတယ်။ အဲဒါက ၆ နှစ်နီးပါးကွဲကွာခဲ့ကြတဲ့ အတွေ့အကြုံ ပါ။ အခုတော့ဒီညီအကို ကွဲကွာခဲ့ ကြတာကအနှစ်လေးဆယ်ကျော်၊ ကျွန်တော်တွေ့ကြုံဖြတ် သန်းခဲ့ရတဲ့ဒေသတွေ၊ လူမျိုးတွေ၊ ဓလေ့ထုံးစံတွေကလည်းများလွန်းလို့ ညီတော်မောင် ဝတ္ထုရေးဆရာကြီးကို ပြောပြမယ်လို့စဉ်းစားထားတာတွေက အများကြီးပါ။ နဂိုကအဖေနဲ့ အမေကိုပဲပြောမယ်လို့တွေးထားတာတွေ သူ့ကိုပဲပြောရတော့မှာလို့ စိတ်ထဲမှာ တေးထားခဲ့တာ၊ အခုတော့……..…………။
တမိသားစုတည်းကညီအရင်း၊ ဘော့လုံးအတူကန်၊ ထမင်းအတူစား၊ နိုင်ငံရေးအတူ လုပ် စသဖြင့်ဆိုးတူ ကောင်းဖက်၊ ညီအရင်းခေါက်ခေါက် သူကကိုယ့်ထက်အရင် မိဘနှစ်ပါးနောက်ကို ကောက်ကောက်ပါလိုက်သွားလေတော့ ကျန်ရှိတဲ့ငါတယောက်က အနောက်ကနေ “မင်းကတော့တာဝန်ကျေသွားပြီပေါ့ကွာ” လို့သာပဲ………။ တခါ- ကိုယ့်ထုံးစံအတိုင်း ညာလက်ရုံးချီ၊ လက်သီးဆုပ်မြှောက်ပြီး အင်တာနေရှင်နယ်သီချင်းဆိုလိုက်မယ်လုပ်တော့လည်း သီချင်းကဆိုလို့ထွက်မလာ၊ နင့်နေတယ်။ ညာလက်သီးကလည်း မြှောက်မရ။ ရှိကောင်းလို့ရှိနေတဲ့ သူ့ဓာတ်ပုံတွေကိုလည်း တကြိမ်ထက်ပိုမကြည့်ဝံ့………………။
ဖိုးသံ (လူထု)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar