Breaking News

ခွန်ကကြီး - ပအိုဝ်းကိုရင်လေးတွေကို ဘယ်သူ ကယ်မလဲ

ခွန်ကကြီး - ပအိုဝ်း ကိုရင်လေးတွေကို ဘယ်သူကယ်မလဲ

(မိုးမခ) နိုဝင်ဘာ ၂၅ ၊ ၂၀၂၃ 

ခုကာလကြီးမှာ ရှမ်းတောင်ဟာ ဘာမြူဒါတြိဂံဒေသနဲ့ တူပါတယ်။ 

ပအိုဝ်းတွေဟာ ရှမ်းမြောက်မှာ စစ်ဖြစ်နေတယ် ပြောရင် မယုံပါဘူး။ ‌ကရင်နီမှာ တိုက်လေယာဉ်ပျက်ကျတာလဲ လက်မခံသလို တိုက်လေယာဉ်မှူး မိတဲ့အကြောင်း သွားပြောရင် သင့်ကို အရူးတယောက်လို့ မြင်ပါလိမ့်မယ်။ 

သူတို့ အွန်လိုင်းပေါ် အမြဲရှိနေပေမယ့် သူတို့ကြည့်တဲ့ နားထောင်တဲ့ သတင်းက သတ်သတ်ပါ။ သူတို့ကို ဂျင်းထည့်နေတဲ့   ဟာမျိုးကိုဘဲ နားထောင်ကြည့်ကြပါတယ်။ သူတို့ကို အဖြစ်မှန် ရေးပြတတ်တဲ့ ခမ်းသာငေါင်းလို သတင်းပေ့မျိုးလေးတောင်မှ စစ်သတင်းတခု ရေးမိရင် မဟုတ်တာလျှောက်ရေးရကောင်းလားဆို ဝင်ဆဲနေကြတာ အများကြီးပါ။ ပြည်မမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အများစုက တကယ်ကို မသိတာပါ။

စစ်ဖြစ်‌နေတယ်ဆိုတာကို လက်ခံသူတချို့တော့ ရှိပါတယ်။ သူတို့ လက်ခံပုံက ဘာ့လို့ စစ်တပ်ကို သွားတိုက်နေတာလဲ၊ ခံရမှာပေါ့၊ ဒုက္ခရောက်မှာပေါ့လို့ ပြောဆိုတတ်ကြပါတယ်။ မပြစ်မှားကောင်းတာ ပြစ်မှားမိတာမျိုးလို့ လက်ခံ ယုံကြည်ကြတာပါ။ 

ခု ကရင်နီစစ်ရှောင်တွေကို PNO က ဆီဆိုင် ဟိုပုန်း တောင်ကြီး ပင်လောင်း စတဲ့ ရှမ်းတောင်ဒေသတွေကို အဝင်မခံပါဘူး။ တကယ်တော့ လွိုင်ကော် ဆိုတာ ပအိုဝ်းတွေ အများကြီး နေထိုင်တဲ့ကရင်နီပြည်နယ် မြို့တော်ပါ။ ပန်ကန်းရပ်ကွက်ဆို ဧရာမပအိုဝ်းရပ်ကွက်ကြီးပါ။ စစ်ရှောင်ထဲမှာ ပအိုဝ်းတွေ အများကြီးပါပါတယ်။ ဒါပေလို့  ပင်လောင်းနယ်ထဲကတချို့ရွာတွေဆိုရင် ကရင်နီဘက်သွားနေထိုင်နေတဲ့ ကိုယ့်သားသမီး စစ်ရှောင်ပြန်လာတာတောင် လက်ခံခွင့်မရတဲ့အထိပါ။ 

လွိုင်ကော် ဥတ္တရာရုံကျောင်းက ကိုရင်နှစ်ပါး နိုဝင်ဘာ ၁၉ ရက်နေ့က စစ်တပ်က ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး ပျံလွန်သွားပါတယ်။ အဲဒါ ပအိုဝ်းကိုရင်လေးတွေပါ။ ပအိုဝ်းလေးတွေနေတဲ့ ကျောင်းတွေ လွိုင်ကော်မှာ သုံးလေးကျောင်း ရှိပါတယ်။ ရှမ်းတောင်က ပအိုဝ်းလေးတွေပါ။ မိဘဆွေမျိုးတွေက အဲဒီစစ်သတင်းတွေ မသိတော့ မယုံတော့ သွားခေါ်ရကောင်းမှန်းလဲ မသိသလို သတင်းစုံစမ်းမေးမြန်းတာလည်း မလုပ်ကြပါဘူး။ 

တကယ်တော့ အကုန် စစ်ထဲ ပိတ်မိနေကြတာပါ။ အဲဒီပအိုဝ်းကိုရင်လေးတွေ စစ်တပ် သတ်လို့သေတာ ဘယ်ပအိုဝ်းဘုန်းကြီး ဦးပဉ္စင်းတွေကမှလဲ တခွန်းမှ မဟကြပါဘူး။ အဲဒါသာ မဟတာ နမ်းနိမ်မှာ ပအိုဝ်းဘုန်းကြီးကို ကရင်နီ သတ်တယ်ဆိုတာတော့ အမြဲလိုလို ပြောနေကြတုန်းပါ။ 

တယ်လီဂရန်မှာ စစ်တပ်က သတ်ပြီးပြီးချင်း ပုံတွေတင်တဲ့အကြောင်း၊ နောက်မှ ပြန်ဖျက်သွားပြီး စစ်တပ်ရဲ့ စီစဉ်ထားပြီးဖြစ်တဲ့ ကရင်နီကို ဆန့်ကျင်ရှုတ်ချတဲ့အခမ်းအနားတွေ ရက်မဆိုင်းလုပ်တဲ့အကြောင်း ဘယ်လိုရှင်းပြပြ နားမဝင်ကြပါဘူး။ PNO က တမင်သေချာ စနစ်တကျ အမှောင်ချထားတာပါ။ 

ဘာမှမဖြစ်သလို ဆက်မလိမ်ညာကြတော့ဘဲ ပအိုဝ်းကိုရင်လေးတွေကို စစ်တပ် လက်နက်ကြီးကျည်ကြားက အမြန်ဆုံးကယ်တင်‌ကြဖို့ အရေးကြီးပါတယ်။

ပြီးတော့ ပအိုဝ်းတွေအပါအဝင် ကရင်နီ ဗမာ စတဲ့စစ်ရှောင်တွေကို တံခါးဖွင့်ပေး ကူညီစောင့်ရှောက်ပေးကြဖို့ပါ။ 

မဟုတ်ရင် တချိန်က ကိုယ်တိုင် စစ်တပ် ဘေးဒဏ်သင့်ခဲ့ပေမယ့် စစ်ရှောင်ကို မျက်နှာလွှဲခဲ့တဲ့လူမျိုးအဖြစ် မှတ်တမ်းပြုခံရပြီး နောင်မှာ လူမျိုးစုနှစ်ခုရဲ့ မပြီးနိုင်မစီးနိုင် ရန်ပွဲများကို ဖန်တီးသလို ဖြစ်လာနိုင်ကြောင်းပါ။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar