အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၈ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၄၈ )
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၂၃
5/12/23
Diary in the darkness
ဆောက်လက်စ ခြေရင်းအိမ်က ၇x၇ ပေ လောက်ရှိတဲ့ သံပန်း ခြံတံခါး တခြမ်းကို သူခိုး ခိုးသွားလို့ ရပ်ကွက်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်။ လမ်းထိပ်အိမ်က ဆိုက်တွဲတစ်စီးနဲ့ စက်ဘီးတစ်စီး လည်း မနေ့ညက အခိုးခံရ။ ဆယ်အိမ်မှူး စက်ဘီးလဲ ဈေးဝယ်နေတုန်း အခိုးခံရလို့တဲ့။ ညတိုင်းလိုလို သူခိုးလန့်နေတယ်။ သူခိုးလန့်၊ ဗုံးလန့်၊ ဧည့်စာရင်းလန့်။
ရပ်ကွက်ထဲက taxi ညနေ စောစောပြန်လာတယ်။ ဓာတ်ဆီမရလို့တဲ့။
နေ့တိုင်းလိုလို စကစ တပ်တွေ တပ်ရင်းအလိုက် လက်နက်ချသတင်းတွေ၊ တော်လှန်ရေးတပ်သားတွေရဲ့ မြို့သိမ်းတိုက်ပွဲသတင်းတွေ၊ စစ်ရှောင်တွေ အကူအညီလိုတဲ့ သတင်းတွေ အဆက်မပြတ် FB မှာ တက်နေတယ်။ ရပ်ကွက်ထဲက စစ်ဆရာဝန်အိမ်က ငိုသံတွေ ကြားရတယ်။ ကော့ကရိတ်မှာ ပိတ်မိနေတာလို့ သိရတယ်။ ဖုန်းအဆက်အသွယ်မရတာ သုံးရက်လောက် ရှိပြီ။ ဒီနေ့မှ သေဆုံးကြောင်း အတည်ပြုသတင်းရတယ်လို့ သိရတယ်။
ကျောက်ကြီးမြို့ အနီးက မုန်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်ပြီလို့ အိမ်ရှေ့အိမ်က အဒေါ်ကြီးက လာပြောတယ်။
တော်လှန်ရေးတပ်တွေက မြို့ထိန်းထားတဲ့ စကစ စခန်းတွေကို သိမ်းလိုက် မြို့တွေကိုဝိုင်းလိုက်၊ စစ်ကူတွေကို ဖြတ်တိုက်လိုက် တမြို့ပြီးတမြို့ သိမ်းလိုက်။ စကစ တပ်က ဗုံးကြဲရင် ပြန်ဆုတ်၊ နောက်တမြို့ကို သိမ်းလိုက်နဲ့ မင်းအောင်လှိုင်ကို ခွေးရူးလုပ်နေပုံရတယ်။
လျှပ်စစ်မီးလာချိန် သိသိသာသာ နည်းသွားတယ်။ လေးနာရီခြား တခါ ပေးမယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်။
မြို့ထဲက သူငယ်ချင်းက ဖုန်းဆက်တယ်။ မြို့ထဲမှာ ကားတွေရှင်းနေလို့ ဘယ်နေရာ ဘာဖြစ်နေလဲ တဲ့။ ကျနော်တို့လဲ ဘာမှမသိ။ အခြေအနေတွေက တနေ့ တမျိုး။ နောက်မှ သိရတယ်။ ဓာတ်ဆီပြတ်လို့ ကားတွေ မထွက်နိုင်ကြတာတဲ့။
စကစ က ဒို့တာဝန်အရေးသုံးပါးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ ကမ်းလှမ်းကြောင်း သတင်းတွေ တက်တယ်။ ဒို့တာဝန်ရေးသုံးပါးကို ကာကွယ်ဖို့ သူတို့ကို ဘယ်သူက တာဝန်ပေးထားလို့လဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကလဲ အာဏာသိမ်းလိုက်လို့ ပျက်ခဲ့ရပြီ။ တနိုင်ငံလုံးမှာလဲ စစ်ကောင်စီတပ်ဟာ တိုက်တိုင်း ရှုံးနေပါတယ်။ ဒီလိုအချိန်မှာ ဒီ လို စကားပြောထွက်တဲ့ မင်းအောင်လှိုင်ဟာ တော်ရုံတန်ရုံ စိတ်ဝေဒနာ ခံစားနေရတာ ဟုတ်ဟန်မတူဘူးလို့ သူငယ်ချင်းတစ်ယောက်က စုတ်တသပ်သပ်နဲ့ မှတ်ချက်ပြုပါတယ်။ တကယ်တော့ စကစ တပ်ဟာ အလံဖြူလွှင့်လိုက်မှသာ စကစ အောက်ခြေစစ်သားများရဲ့ အသက်ကို ကယ်တင်ရာရောက်ပြီး ငြိမ်းချမ်းရေးလမ်းပွင့်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ရက်ရက်စက်စက် အဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူတွေဘက်ကလဲ ခုလိုအချိန်မှာ စကစ နဲ့ ငြိမ်းချမ်းရေးစကားပြောတဲ့သူဟာ လူထုရဲ့ ရန်သူ ဖြစ်သွားမယ်လို့ သတိပေးနေကြပါတယ်။ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်သားတွေကို ခွင့်လွှတ်ဖို့ ကြိုးစားသူဟာ အဲဒီရာဇဝတ်သားတွေရဲ့ ဘက်တော်သားတွေသာ ဖြစ်တယ်လို့ ကောက်ချက်စွဲကြပါတယ်။
မီးတောက်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေချိန်မှာ ရေခွက်ငယ်ကလေးနဲ့ မီးငြှိမ်းသတ်ဖို့ကြိုးစားသူလောက် မိုက်မဲသူ ရှိမယ် မထင်ပါ။
ဆိုးဝါးလွန်းတဲ့ အခြေအနေတွေကပဲ အကောင်းဆုံးစနစ်တွေ နဲ့ ခေါင်းဆောင်တွေကို မွေးဖွားပေးလေ့ရှိပါတယ်။
အန်ကယ် တူမီး
5/12/23
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar