Breaking News

ခွန်ထွန်းခင် - မိုင်တဲနဲ့ ဦးအောင်ခမ်းထီ


ခွန်ထွန်းခင် - မိုင်တဲနဲ့ ဦးအောင်ခမ်းထီ

(မိုးးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၃


နွားထိုးကြီးဘက်မှာ မိုင်တဲတာဝါတိုင် ခုနစ်တိုင် တပြိုင်နက် ဖြိုလိုက်တဲ့ သတင်းနဲ့အတူ စတားလင့်အင်တာနက် ချိတ်ဆက် အသုံးပြုနေတဲ့သတင်းလည်း တပြိုင်နက် ဖတ်ရတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုက နွားမပေါင်ကျိုး ဆိုတဲ့ ဗမာစကားပုံကို သတိရလိုက်တယ်။

ဒီလိုပါ၊ မိုင်တဲရဲ့ရှယ်ယာရှင်ထဲမှာ ပအိုဝ်းတို့ဘုရား ဦးအောင်ခမ်းထီလည်း ပါလို့ပါ။ သူက ၅% လောက် ပိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရှမ်းတောင်တခုလုံးမှာ ပြောင်းခင်းနဲ့အပြိုင် မိုင်တဲတိုင်လို့ ပြောရင်ရပါတယ်။ မိုင်တဲကလွဲရင် တခြားအော်ပရေတာ မသုံးကြ။

သူက ငြိမ်းချမ်းရေးယူတဲ့ခေတ်မှာ ကချင်ဘက် ကျောက်တူးခွင့်ရကထဲက ထောတဲ့သူပါ။ ပတ္တမြားနဂါး‌ ကျောက်မျက်ကုမ္ပဏီက သူ့ဟာပါ။ နေဝင်းထွန်းကတေော့ သူ့အောက်ဆွဲ ပါတနာ အဆင့်။ ရှမ်းတောင်က စက်သုံးဆီဆိုင်မှန်သမျှလဲ သူနဲ့ မကင်းသလို ဆောက်လုပ်ရေးလုပ်ငန်းမှန်သမျှလဲ သူ့ဟာချည်း ပြောလို့ရပါတယ်။ ရှမ်းတောင် ရှိသမျှ မြေလဲ စိတ်ကြိုက် အကွက်ရိုက်ရောင်းသလို ရောင်းပြီး မြေကွက်အပေါ်ကလဲ ဆောက်လုပ်ရေး ထပ်ဆင့်လုပ်ပါတယ်။ စကစရဲ့ အကောင်အကြီး အသေး မှန်သမျှ ရှမ်းတောင်အခြေချဖို့ မဟားတရား စီမံနေကြတော့ ပိုအိုကေပါတယ်။ 

သူက သိပ်ပါးနပ်ပါတယ်။ ပါးနပ်လွန်းတော့ ပအိုဝ်းဘယ်နိုင်ငံရေးသမားမှ သူ့ကို မလှန်နိုင်‌ဘူးပေါ့။ လူငယ် ပညာတတ် နိုင်ငံရေးအင်အားစုလဲ အညှောင့်ပေါက်မခံပါဘူး။ ဆန့်ကျင်နှိပ်ကွပ်လို့ မရရင် ဝင်လုံး အသုံးချပါတယ်။

ပအိုဝ်းမှာ ဘုန်းကြီးကအလွန်အရေးပါတယ်ဆိုပေမယ့် ဘုန်းကြီးလူထွက်ပီပီ ဘုန်းကြီးတွေကိုလဲ စာရင်းထဲ မထားပါဘူး။ ထန်ဆမ်းဂူက ပအိုဝ်းကိုရင်လေး ဆိုလည်း ပအိုဝ်းတမျိုးသားလုံးက ကိုးကွယ်နေပေမယ့် အစက ဂရုမထားပါဘူး။ ဟိုက သူ့ ‌စေတနာ့ဝန်ထမ်း လက်နက်ကိုင်အဖွဲ့ တပ်သား နှစ်သောင်း မောင်းပြန်အပြည့်နဲ့ စစ်ရေးပြအခမ်းအနား လုပ်ပြလိုက်မှ ခြေတော်ဦးခိုက်တော့တာပါ။ တပ်နဲ့လည်း တသွေးတည်း တသားတည်းရှိတဲ့ ဘုန်းကြီးပါ။ အဲဒီအချိန် PNO အင်အားက ခြောက်ထောင်အလွန်ဆုံးပါ။ ပအိုဝ်းကွန်မြူနတီခေါင်းဆောင် ဖြစ်လာတဲ့ နောင်တောင်ဘုန်းကြီးဆိုလဲ ဒီလိုပါဘဲ။ တချိန်ကတော့ PNOကိုယ်တိုင်ကိုက ကောင်းကောင်းဒုက္ခပေးခဲ့တာပါ။ တစတစ ကြီးထွားအားကောင်း ထောင်းချေလို့မရတော့ကာမှ ညီတော်ခေါ်ပြီး ဝင်လုံးတော့တာပါ။ 

သူက ပအိုဝ်းတွေအပေါ်  ဘာကြောင့် ဒီလောက် သြဇာကြီးနေသလဲဆိုတော့ ၈၈ အရေးအခင်းနဲ့ဆိုင်ပါတယ်။ ၈၈ ဖြစ်ပြီးနောက်ပိုင်း ငြိမ်းရေးဆွေးနွေးချင်သူနဲ့ မဆွေးနွေးချင်သူ ပအိုဝ်း နှစ်ပိုင်းကွဲပြီးနောက်မှာ ဆွေးနွေးတဲ့ ဦးအောင်ခမ်းထီတို့ အုပ်စုက နိုင်ငံရေးမှာ နေရာရသွားပါတယ်။ နောက်ပိုင်း စစ်အုပ်စုက နိုင်ငံရေးတွန်းအားအရ မဖြစ်မနေ နယ်မြေခွဲဝေပေးရမယ့် အခြေအနေ ဖြစ်ပေါ်မှုအရရော အင်အားကြီးရှမ်းကို အကန့်လိုက် ဒေသခွဲထိန်းချုပ်ဖို့အရပါ စစ်အုပ်စုဟာ ရှမ်းပြည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ချပေးလိုက်ပါတယ်။ တကယ်တော့ အဲဒါတွေက ၈၈ရဲ့ အကျိုးဆက်တွေပါ။ သူက အဲဒါတွေဟာ သူ့အစွမ်းအစကြောင့် ရသလိုလို ပအိုဝ်းတွေကို အထင်ရောက်စေပါတယ်။ သူ့ဩဇာအကြောင်း ပြောရရင် ပအိုဝ်းတွေက သူတို့ စိုက်ပျိုးလုပ်ကိုင်သမျှ ဦးအောင်ခမ်းထီအတွက်ပါ ပါတဲ့အကြောင်း သိဖို့လိုပါတယ်။ သီးနှံပေါ်လို့ ငွေရလာရင် သွားလှူကြတာပါ။ ကန်တော့ငွေက ပအိုဝ်းကိုရင်လေး ပြီးရင် သူ အရဆုံးပါဘဲ။ ခုတော့ ပြိုင်ဘက်ကင်းပေါ့။

အဲသလို အခြေအနေတွေ ဖန်တီးဖို့ သူက ပြည်သူ့စစ် လုပ်လိုက်ပါတယ်။ ပြည်သူ့စစ်ဘဝနဲ့ ပေါင်းရင် တပ်လည်း ဖျက်သိမ်းစရာမလို၊ အတိုက်လည်း မခံရတဲ့အပြင် အုပ်ချုပ်စီမံခွင့် စီးပွားရေးလုပ်ပိုင်ခွင့်တွေပါ ရကြတော့ အဲဒီကာလက စစ်အုပ်စုနဲ့ပေါင်းတဲ့အဖွဲ့က များပါတယ်။

ကချင်တွေ ကနေ့ CSO လောကကို ကြီးစိုးခြယ်လှယ်ခွင့်ရနေတာလဲ အဲဒီကာလ စစ်အုပ်စုနဲ့ပေါင်းခဲ့တဲ့ အကျိုးဆက်ပါပဲ။ ပြည်တွင်း CSO အဖွဲ့ထဲမှာ အကြီးဆုံးအဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းနဲ့ မေတ္တာဖောင်ဒေးရှင်းတို့ဟာ ကြံ့ခိုင်ရေးအဖွဲ့နဲ့အတူတူ ခင်ညွန့် ကောင်းမှု အကြောင်းပြုပေါ်ပေါက်လာတဲ့ ဘာသာရေးအခြေပြုအဖွဲ့တွေပါပဲ။ ကနေ့ စကစလက်ထက်ထိလဲ သူတို့ရပ်တည်ချက်က အရင်လိုပါဘဲ၊ မှတ်ပုံတင်အသစ်ပြန်တင် သင်တန်းမျိုးစုံကျင်းပနေကြမြဲပါဘဲ။ သူတို့ကိုအခြေပြုပြီး ကချင်အများစုဟာ CSOလောကရဲ့ဂုရုတွေ ဖြစ်လာတာပါ။ 

တခြားပြည်သူ့စစ်တွေလိုပါပဲ၊ ခင်ညွန့် ကောင်းမှု အကြောင်းပြု၍ ဦးအောင်ခမ်းထီ ဖြစ်လာသလို ဦးအောင်ခမ်းထီကို အကြောင်းပြုပြီး ခရိုနီဖြစ်လာတဲ့ ပအိုဝ်းတွေ အများကြီးပေါ်လာပါတယ်။ ခုဆို မင်းအောင်လှိုင်ရဲ့ လူယုံအဆင့်တွေထိတောင် တက်လှမ်းလာကြပါပြီ။ 

ပအိုဝ်းတွေကလဲ ရှမ်းပြည်မှာတော့ သူတို့ အားကိုးစရာဟာ ဗမာအုပ်စုလို့ဘဲ သဘောထားပါတယ်။ ဗမာစာ ဗမာစကား မတတ်ရင် ပအိုဝ်းရာမဝင်ဘူးလို့တောင် သဘောထားတာပါ။ ကလေးတယောက် မွေးပြီးလို့ ငါးနှစ် ခြောက်နှစ်လောက် ရှိရင် ကျားကျား မမ ဗမာတောထဲ ပို့လိုက်တာပါပဲ။ ပြည်မထဲက ဘုန်းကြီးကျောင်း သီလရှင်ကျောင်းတွေဆီပေါ့။ ဒါဟာ ဟိုးတချိန် စစ်အုပ်စုကို တော်လှန်စဉ်က ကိုယ့်ကလေးတွေ စစ်ဒဏ်လွတ်ပြီး စာတတ်ဖို့ လုပ်ခဲ့တဲ့ နည်းလမ်းဟောင်း ဆိုပေမယ့် ခုထိလဲ အားကောင်းကောင်းနဲ့ ကျင့်သုံးဆဲပါပဲ။ အဲဒါကြောင့်လဲ မဘသ အားအကောင်းဆုံးဟာ ပအိုဝ်းလို့ ပြောလို့ရမယ် ထင်ပါတယ်။ စိတ်ကြိုက်ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ခိုင်းစေလို့ရတာပါ။ ဘုန်းကြီးပြော ယုံတာပါပဲ။ ပြန်လည်ဆန်းစစ်တာမျိုး လုပ်လေ့မရှိပါဘူး။ အကုန်လုံးက ဘုန်းကြီးကျောင်းမှာ ကြီးပြင်းကြရတာကိုး။ 

နောက်တခုက ပအိုဝ်းရဲ့ မူလရုပ်သွင်ပါ။ အဝတ်အစားကြည့်၊ ခေတ်အဆက်ဆက် ဒါပါဘဲ။ အရောင်ရော အဆင်ရော လုံးဝအပြောင်းအလဲ မရှိပါဘူး။ ပအိုဝ်းတွေ ပြောင်းလို့ရတာဆိုလို ခေါင်းပေါင်းအရောင်တခုပါဘဲ။ ဂီတသံစဉ်လဲ အပြောင်းအလဲ မရှိပါဘူး။ အကလဲ ထို့နည်းတူပါဘဲ။ အစားအသောက်လဲ စားနေကျ အသီးအနှံပါဘဲ။ တကယ့်အရိုးအရှင်းကြီးတွေပါ။ တခါယုံ တသက်ပုံ သဘောဆန်ပါတယ်။ အဲတော့ ခြယ်လှယ်သမျှ ခံရတာပါ။ ပေးထားတဲ့ဘောင်အတွင်းမှာဘဲ နေကြပါတယ်။ ချဲ့ထွင်ကြည့်တာ ရှားပါတယ်။

ခုချိန်ထိတောင် တိုင်းပြည်မှာ စစ်ဖြစ်နေတယ်လို့ ပြောရင် မယုံတဲ့ပအိုဝ်းအများကြီးပါ။ ပအိုဝ်းလို သတင်းလွှင့်ပေးနေတဲ့သူတွေကလဲ မိုးဟိန်းတို့၊ ကျော်စိုးဦးတို့ထက် ဆိုးတဲ့သူတွေပါဘဲ။ ဗမာလိုပြောတဲ့ တခြားဟာကို ကြည့်ခဲဘိခြင်းပါ။ ပအိုဝ်းအက်တိဗစ်တွေလဲ နိုင်ငံခြားရောက်နေသည့်တိုင် ကျန်ရစ်တဲ့မိသားစုကို ထောက်ထားပြီး အမှန်စကား ပြောမပေးရဲတာလဲ ပါပါတယ်။ စစ်ဖြစ်နေတယ်လို့ ယုံတဲ့သူကျပြန်တော့လဲ စစ်အုပ်စုကို သွားတိုက်လို့ တနည်းပြောရရင် ပြစ်မှားလို့ ရွာတွေ မြို့တွေ မီးရှို့သတ်ဖြတ်ခံရတာ၊ ခံထိုက်လို့ ခံရတာလို့ သဘောထားကြပါတယ်။ သူတို့ကို ကူရင် ငါတို့ပါ ဒုက္ခရောက်မယ်၊ မကူသင့်တဲ့လူတွေလို့ သဘောထားပါတယ်။ ငါတို့က ကူခဲ့ပေမယ့် ငါတို့ဘုန်းကြီး သတ်ပြီး ကျေးဇူးကန်းကြတယ်လို့ နမ့်နိမ်းအဖြစ်အပျက်ကို ကိုင်ပြီး ပြောတတ်ကြပါတယ်။ ဒါကိုလဲ စစ်အုပ်စုက သတ်ပြီး ဇာတ်လမ်းဆင်တဲ့အကြောင်း ဘယ်လိုပြောပြော မရပါဘူး။ လွိုင်ကော်မှာ ကိုယ့်ပအိုဝ်းကလေးတွေ ဒုက္ခရောက်နေ၊ လက်နက်ကြီးကျလို့ သေကြတာ မသိပါဘူး။ ရှင်းရှင်းပြောရရင် မိဘတွေက စိတ်ပူတာတောင် မရှိပါဘူး။ စစ်ပြန်တိုက်ရင်လဲ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူးလို့ ယုံကြပါတယ်။ လူကြီးတွေဆို ငါတို့ တိုက်ခဲ့ပြီးပြီပဲ ဆိုပြီးတောင် ပြောကြပါသေးတယ်။

ဘာဘဲဖြစ်ဖြစ် ခု ဆီဈေးတက်လာ ဆီခက်လာတော့ နိုင်ငံရေးကို အနည်းငယ်တော့ စိတ်ဝင်စားလာကြပါပြီ။ ဆီမရှိရင် ထွန်ဖို့ ယက်ဖို့ ခက်ပကိုး။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar