Breaking News

ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာ ဗုံးကြဲခံရ၊ နမ့်ခမ်းမှာ တိုက်ပွဲဖြစ်နေဆဲ၊ ခေတ္တငြိမ်သက်နေတဲ့ လောက်ကိုင်


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၃ 


ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာ ဗုံးကြဲခံရ၊ နမ့်ခမ်းမှာ တိုက်ပွဲဖြစ်နေဆဲ၊ ခေတ္တငြိမ်သက်နေတဲ့ လောက်ကိုင် 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာက NUG လက်အောက်မှာ ရှိတဲ့ တရားရုံးလုပ်ထားတဲ့ အဆောက်အဦကို စစ်ကောင်စီလေတပ်က ဒီဇင်ဘာ ၁၂ ရက်နေ့နေ့ခင်းမှာ ဗုံးကြဲခဲ့လို့ တရားရေးတာဝန်ခံအပါအဝင် အနည်းဆုံး ၆ ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ 

မင်းတိုင်ပင်ကျေးရွာဟာ ကျေးရွာကြီးဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီးအဖြစ် နှစ်ရှည်ကြာစွာ လုပ်ခဲ့သူ ဗိုလ်ချုပ်ကျော်ဆန်းရဲ့ ဇာတိကျေးရွာလည်း ဖြစ်ပါတယ်။ ဒီကျေးရွာက ဒေသခံ တယောက်ရဲ့ ပြောဆိုချက်အရ ကျေးရွာနေသူအချို့ကတော့ ဒီအဆောက်အဦဟာ NUG လက်အောက်က တရားရေးရုံး အဖြစ် အသုံးပြုနေတာ မသိရှိဘူးလို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီအဆောက်အဦရဲ့ နေရာအတိအကျကို ရရှိခဲ့ပုံရပြီး တိတိကျကျ ပစ်မှတ်အနေနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်က အခုလို တိတိကျကျ သတင်းရရှိလို့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြားသိနေရတာဖြစ်ပါတယ်။ 

ဥပမာအနေနဲ့ ပဇီကြီး ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်ကို လေ့လာကြည့်ရင် အဆိုပါ ပကဖ ရုံးအဆောက်အဦကို တိတိကျကျ သိရှိခဲ့ပြီး လေယာဥ်နဲ့ ပစ်ခတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ NUG  ရဲ့ လက်အောက်က ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရုံးတွေ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရုံးတွေလိုမျိုးနေရာတွေက အဓိက လျှို့ဝှက်ထားရမယ့် အခြေအနေမျိုးဖြစ်ပြီး မဟုတ်ခဲ့ရင် အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ခံရနိုင်ခြေရှိနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အခု မင်းတိုင်ပင် ကျေးရွာကို လေကြောင်းတိုက်ခိုက်တဲ့ အချိန်မှာပဲ စစ်ကောင်စီစစ်ကြောင်းတွေကလည်း မင်းတိုင်ပင် ကျေးရွာအနီး ကျေးရွာအချို့ကိုလည်း မြေပြင်ကနေ ရောက်ရှိနေတယ်လို့ ဒေသခံတဦးကလည်း ပြောဆိုပါတယ်။ 

လက်ရှိ အချိန်မှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အစပ်၊ ကရင်ပြည်နယ် နဲ့ ပဲခူးတိုင်းတွေမှာ စစ်ကောင်စီအနေနဲ့ အသည်းအသန်ခုခံတိုက်ပွဲတွေ ဆင်နွှဲနေရချိန်မှာပဲ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေက လှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်တာကို သတိပြုမိပါတယ်။ စစ်ကိုင်းတိုင်းလို မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသတွေကို စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေလို လွယ်လွယ်နဲ့ ဆုတ်ပေးမယ့် အနေအထားမျိုးမဟုတ်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ချင်းတွင်းမြစ်ရိုးတလျှောက်၊ ဧရာဝတီမြစ်ရိုး ဒေသတွေက စစ်ကောင်စီအဖို့ မဟာဗျူဟာအရ အရေးကြီးတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်ထားတဲ့ အနေအထားမျိုးဖြစ်ပါလိမ့်မယ်။ စစ်ကိုင်းတိုင်း အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အင်အားစုတွေ အများအပြားရှိပေမယ့် စုစည်းမှုမရှိခြင်း စုပေါင်းပြီး လှုပ်ရှားနိုင်တဲ့ အနေအထားမျိုးမဟုတ်ခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ရော နိုင်ငံရေးအရပါ တစုတစည်းထည်း မဖြစ်နိုင်သေးတဲ့ အနေအထားက စစ်ကောင်စီအဖို့ အခွင့်သာစေတဲ့ အချက်လည်း ဖြစ်နေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

ဒီနေ့ သတင်းတွေအနက် တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြီးခဲ့တဲ့ ရက်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရလဒ်ကောင်းထွက်တယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း စစ်ကောင်စီနဲ့ TNLA တအန်း လက်နက်ကိုင်အဖွဲ့အကြားမှာတော့  ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ထိစပ်ရာ နမ့်ခမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စခန်းသစ် လို့ အမည်ပေးထားတဲ့ စစ်ရေးအရ အရေးပါတဲ့ စခန်းကုန်းတခုကို TNLA  က တိုက်ခိုက်နေတာ သီတင်းပတ်နဲ့ ချီရှိနေပြီး စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ကာကွယ် နေတဲ့ အကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

ဒီဇင်ဘာ ၁၁ ရက်၊ ၁၂ ရက်နေ့တွေ အထိ TNLA နဲ့ စစ်ကောင်စီတပ်တွေ အဲဒီဒေသတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေသလို၊ နမ့်ခမ်းရဲ့ တောင်ဘက်၊ ကျောက်မဲ မြို့ရဲ့မြောက်ဘက် တအန်းလူမျိုးတွေ အများစုနေထိုင်ကြတဲ့ နမ့်ဆန်မြို့ အနီးက တအန်းပလောင် လူမျိုးတွေ နေထိုင်ကြတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်း နဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြတဲ့ သတင်းတွေလည်း ဖော်ပြထားကြပါတယ်။ အခုလို လေကြောင်းကနေ တိုက်ခိုက်တဲ့ ဧရိယာတွေဟာ TNLA စိုးမိုးထားတဲ့ ဧရိယာတွေဖြစ်ပြီး စစ်ကောင်စီဘက်က TNLA ကို ဖိအားပေးဖို့ရာ အခြေစိုက်ရာ နေရာတွေကို လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေတဲ့ သဘောလို့ ယူဆရပါတယ်။ 

စစ်ကောင်စီတပ်တွေ နဲ့ TNLA အပြင်းအထန် တိုက်ခိုက်နေတဲ့အချိန်မှာ မြောက်ပိုင်း ၃ ဖွဲ့ထဲက တဖွဲဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA နဲ့ တော့ တိုက်ခိုက်မှုတွေ ခုရက်အတွင်း အရှိန်လျော့နေတဲ့ အနေအထားလို့ဆိုနိုင်ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ ရုံးစိုက်ရာ၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ လောက်ကိုင်မြို့ ကို MNDAA က ဝိုင်းထားတာ သီတင်းပတ်ချီရှိနေပြီး မြို့တွင်းမှာ အရပ်အခေါ် ကိုးကန့် ပြည်သူ့စစ် နဲ့ စစ်ကောင်စီတပ်တွေ ရှိနေပြီး မြို့အနီးက စခန်းကုန်းတွေကို တစတစ MNDAA က သိမ်းယူထားပြီး စစ်ကောင်စီတပ်တွေကို လက်နက်ချဖို့ ပြောဆိုနေတာလည်း ဖြစ်ပါတယ်။ 

တဖက်မှာတော့ ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးဆက်က ဘာရလဒ်ပေါ်ထွက်လာမလဲ မှန်းဆရခက်နေသေးတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ဆွေးနွေးမှုတွေမှာတော့ စစ်ဘေးသင့်ဒေသမှ လူထုကို လူသားချင်း စာနာမှု အကူအညီပေးဖို့၊ အရပ်သား သို့မဟုတ် စစ်ရေးနဲ့ မပတ်သက်သူတွေကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေတာတွေ ရပ်စဲဖို့ ဆိုတဲ့အချက်တွေပါရှိပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ အခုလို ဆွေးနွေးပွဲတွေဖြစ်လာအောင် တွန်းအားပေးတာ၊ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့တာ သံသယရှိစရာ မလိုပါဘူး။ အခုရက်ပိုင်းမှာတော့ တရုတ်နိုင်ငံဘက်က ဖြတ်ပြီး ရိက္ခာ၊ အစားအသောက်၊ ဆေးဝါး စတာတွေ ပိတ်ဆို့လိုက်ပြီလို့လည်း သတင်းတခုက ဆိုပါတယ်။

အဆိုပါ သတင်းအချက်အလက်က ဘယ်လောက်ထိ မှန်ကန်သလဲ  အတည်မပြုနိုင်ပေမယ့် တရုတ်နယ်စပ် ရှမ်းမြောက်မှာ ဖြစ်နေတဲ့ လတ်တလောတိုက်ပွဲတွေကို ရပ်တန့်သွားဖို့ သူ့အနေနဲ့ လိုလားတဲ့ အနေအထားမျိုး ရောက်သွားပြီလို့ ကောက်ချက်ချနိင်တာဖြစ်ပါတယ်။ ၄င်းရဲ့ ရည်မှန်းချက် အတိုင်းအတာတခုထိ ပြည့်မြောက်သွားသလို နောက်ထပ် လက်နက်ကိုင်တိုက်ပွဲတွေက သူ့အတွက် အကျိုးထက် အပြစ်က ပိုများပြားလာမယ့်အရေးကို တွေးမြင်မိနေတဲ့ သဘောလို့လည်း ကောက်ချက်ချမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar