Breaking News

လေခဏီ - “ရှင်၊ မောင်က ဘယ်သူလဲဟင်”



လေခဏီ - “ရှင်၊ မောင်က ဘယ်သူလဲဟင်”

(မိုးမခ) ဒီဇင်ဘာ ၁၂ ၊ ၂၀၂၃

ယူနန်ဘိုးဘိုးကို ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ အဂဒေါ့ဂျီး ဂဒေါ့ရဒေါ့မည်။

ဒူးတုပ် ရှိခိုးရုံမျှဖြင့် မရ။ ပူဇော်ကြေးဆက်ရမည်။ ရှိခိုးပူဇော် ဆိုဒဲ့အတိုင်း ရှိသမျှ ခိုးရာပါ အပူစာဒေါ်လာအစည်းလိုက် ပုံတိုက်ရမည်။ ၂၀၂၄ နှစ်ကုန် နောက်ဆုံးတဲ့။ နဂါးကြီးက လှိုင့်ကို သေဒဏ်ရက် သတ်မှတ်ပေးလိုက်ပြီ။

ကန်တော့ပွဲမှာ ပယ်မိသားစုနဲ့ ဝေမိသားစု ထည့်ရမည်။ မတတ်နိုင်။ အစက ကိုးကန့်ဟာ မိသားစုပြဿနာလို့ ခပ်စွာစွာ ဖွာထားမိဒဲ့အတိုင်း မိသားစုပြသနာ ဖြစ်လာသည်။ ကိုးကန့်ဒေါ့ မဟုတ်၊ တပ်မိသားစုပြဿနာ ဖြစ်သည်။ လောက်ကိုင်ဒကစ အကုန်လက်နက်ချကြဒေါ့မည်။ ပတ်ဝိုင်းထားပြီ။ ကိုယ့်မိသားစုတွေရှိနေဒေါ့ တခြားမြို့တွေ လုပ်သလို မြို့သူမြို့သားတွေ ဓားစာခံလုပ် သတ်ပြလို့က မရ‌။ တရုတ်တွေ သွားသတ်ပြလို့ကတော့ နဂါးမီးတောက်အောက် ဖျောက်ဖျောက်ဖျစ်ဖျစ်တောင် မြည်ချိန်ရလိုက်မှာ မဟုတ်။ ပြာထုတ် ရေမျောသူတောင် ချန်မယ်မထင်။ 

တပ်က ဘယ်သူမှ မိသားစု အသေမခံလိုတော့လို့ ဓာတ်ကြိုးစာရောက်တာ ခနခန။ 

ဘယ်စစ်သားမှ ထိုင်ရင်းနေရင်း ပယ်မိသားစု၊ ဝေမိသားစု၊ လှိုင်မိသားစုအတွက် အသက်အသေမခံနိုင်ကြတော့။ ဘယ်အမျိုးသမီးမှ ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာ ပြန်မပြောဝံ့လောက်အောင် ယုတ်ကန်းလွန်းလှတဲ့ သူတို့အမှုဒဏ် သူတို့ခံကြဆိုတဲ့သဘော။ လောက်ကိုင်ကနေ KTVမယ်သာ ကယ်ထုတ်တဲ့သတင်းကလဲ ရှင်း အဲ ဖုံးလို့မရ၊ ကတော်တွေ တင်းသံ၊ ဘယ်တပ်မင်းမှ မခံနိုင်ချေ။ 

ကျားဖြန့်ခေါင်ကြီးတွေ ကယ်ထုတ်သွားတာလဲ နဂါးကြီးက သိ။ အာ့ကြောင့် ရန်ကုန်ဆိပ်ကမ်းကို ရေတပ်သင်္ဘောနဲ့ လာပြီး တာချီလိပ်မှာ ကိုယ့်ရဲနဲ့ကိုယ် လာဖမ်းပြပြီးသား။ နဂါး သနားမှ ခွေးသက်သာကိန်း။ 

တဘောင်ထဲပါတဲ့ နဂါးတပ်ချီလာမယ် ဆိုတာ တရုတ်တပ်လား၊ ညီနောင်သုံးဖော်တပ်လား စဉ်းစားမနေအားတော့။ လာနေပြီလေ။ တပ်ပေါက်ဝ ရောက်နေပြီလေ။ အဲဒေါ့ မတတ်နိုင်၊ ပယ်မိသားစုနဲ့ ဝေမိသားစုကို ဂဒေါ့ပွဲထဲ ထည့်ကျွေးရမည်။ အဲဒါဂ ယူနန်ဘိုးဘိုးကြီးဓာတ်စာ။ မဟုတ်ရင် လှိုင်မိသားစုပါ ပတ်စာခွာဖျာသိမ်းရက် သွက်သွားမည်။ တရုတ်က နေပြည်တော် ဝင်လမ်း ထွက်လမ်း ကိုယ့်ထက်ကျွမ်းသည်။ ဝင်လာပြီး လှိုင်မိသားစုကို ဖမ်းအပ်လိုက်ရင် တော်လှန်မြန်မာအားလုံးရဲ့ ဖူးဖူးမှုတ်ထားတာ ခံရနိုင်မှန်း ကလေးတောင် သိဒဲ့အကွက်။ ခက်လဲ မခက်။ စီမံကိန်းတွေ ခပ်ညက်ညက် ဆက်လုပ်ရုံ။

လှိုင်ဆိုတာ ရှီအတွက် ဘာဆိုဘာမှမဟုတ်၊ ဆော့စရာ အရုပ်တရုပ်ထက် မပို။ စိတ်ကြိုက်ကစားလို့ရအောင် ပလပ်ကြိုးလေး တပ်ပေးထားသာ။ 

ခုက ဒရုန်းခေတ်၊ တပ်ပြင်မို့ သတ်ရင် ခံရတာမဟုတ်၊ တပ်တွင်းလဲ သတ်ကွင်းဖြစ်လာ။ ဒရုန်းလာ ပုံးပါ ဝုန်းမှာ တဆုံးသာလို့ လက်နက်ချစစ်သားတွေပြောနေကြတာ မကြားချင်မှတဆုံး။ ကိုယ်လုပ်နိုင်တာက ရှေးကအတိုင်း နှစ်ဖြတ်လောက်ဘဲအလုပ်ဖြစ်တော့တဲ့ ဖြတ်လေးဖြတ်၊ သူတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ အွန်လိုင်းမီဒီယာရေးရော ဖြတ်ငါးဖြတ်၊ ခြောက်ဖြတ်၊ ခုနှစ်ဖြတ်။ အကုန်ပြတ်သတ်ထွက်၊ တဘောင်စာအတိုင်း တပ်တွင်းသူပုန်ထဖို့ တခုသာကျန်။ ဒါကြောင့် သံသရာရေး မျှော်တွေးကြောင့်ကြ ယူနန်ဘိုးဘိုးကို ရိုကျိုးတုပ်ကွ ဂဒေါ့ကြပါစို့။ 

ကျားဖြန့်တွေအပ်၊ တပ်မိသားစုတွေ ထွက်ခွင့်တောင်း၊ တပ်လွှဲပြောင်း၊ ဒါဘဲရှိတော့။ ဆွေးနွေးတယ်ဆိုတာ ဘယ်လိုဆုတ်ခွါမလဲဆိုတာပါကွယ်။ လှိုင့်ရာဇ မဝင်မှာ လောက်ကိုင်ကို ထားရစ်ပေါ့။ 

"လှိုင်"

တုပ်တုပ်မှမလှုပ်၊ ကျောက်ရုပ်။

"လှိုင်"

တုတ်တုတ်မှမလှုပ်၊ သစ်ငုတ်။

"လှိုင်"

တုတ်တုတ်မှမလှုပ်၊ ဒစ်ပြုတ်။ 

"မိခင်ပန်းလှိုင်"

"ရှင်၊ မောင်က ဘယ်သူလဲဟင်"

"ကျားဖြန့်" 


(နောက်ဆုံးစာကြောင်းများအတွက် စာရေးဆရာကြီးမောင်သာရကို အားနာပါ၏)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar