Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လှိုင်းဘွဲ့


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လှိုင်းဘွဲ့

(မိုးမခ) ဒီဇင်ဘာ ၁၄ ၊ ၂၀၂၃


"စာမျက်နှာ ၃၆ မှာ တွေ့ရော့လဟယ်" ဆိုတဲ့ သမိန်ပေါသွပ် ကာတွန်းထဲက စကားတလုံးလိုဘဲ။ သူက လူဆိုးဖမ်း ထွက်ရင် ပြောတတ်တယ်။ မင်း ဘယ်လောက်ပြေးနိုင်မလဲ၊ ပြေးစမ်းပေါ့။ "စာမျက်နှာ ၃၆ မှာ တွေ့ရောလဟယ်" ဆို ဆက်လှန်လိုက်ရင် ၃၆ လေ။ အင်းလေ ကာတွန်းဆရာလက်ထဲဘဲ ရှိတာကလား။ ဘယ်လက်ညောင်းခံဆွဲမတုံး။

အင်း ခုလဲ လိမ်၊ ငမဲလုံး နင် လိမ်စမ်း၊ ဘယ်လောက် လိမ်နိုင်မလဲ၊ လိမ်ပေါ့။ ဘယ်ဗိုလ်မှူးကြီး မဂိန်ပါပု၊ ဘယ်ဗိုလ်မှူး မဂန့်ပါပု၊ ဘယ်ဗိုလ်လေး မဂိပါပု၊ အေးဆေး ခွေးသေးပေါက်တုန်း၊ တာဝန်ကိုထမ်း တောင်တန်းမှာပျော် သီချင်းတကြော်ကြော် အော်တုန်းလို့ ဘယ့်ကလောက်လော်လော် လော်စမ်း။ တန်ဆောင်မုန်းလဆုပ်(၁၀)ရက်နေ့တော့ မကျော်ဘူးမဟုတ်လား။ အမျိုးသားနေ့ရောက်တာနဲ့ မသေတဲ့ကောင်မှန်သမျှ သူရဘွဲ့ကိုယ်စီနဲ့ မသာပေါ်ရတော့တာဘဲလေ။ 

အင်း ဘောမတွေမလဲ ပြောဟစရာတွေတပုံကြီးနဲ့။

သူတို့ရပ်ကွက်ထဲ နာနာကြည်းကြည်း ညည်းသံ‌ကြီးတွေ တုန်ဟီးပြင်းထန် ဂဠုန်ဆန် အကုန်ညံ။

ဘာတဲ့၊ "လက်နက်တွေ မရေနိုင်အောင် ပေးလိုက်ရ၊ ကျည်ဆံက ဘီလျံချီ ပါသွား၊ စစ်သားမှန်သမျှ လက်နက်ချနဲ့ ဒုက္ခိတ ထွက်ပြေး၊ မုဆိုးမတထွေးကြီးမို့ ဆွေးနွေးရတာ။ ဆွေးနွေးတယ်ဆိုတာ ဒူးထောက် လက်မြှောက်တာ။ ဟျောင့် ငမဲပျော့ မင်းတို့ ထမိန်ဝတ်ထား" လို့ ကြိမ်းတော့...

ဘယ်ရမလဲ မပုတုတို့တသိုက်ကလဲ "ဟေ့ ထမိန်ဝတ်ဆိုပြီး မချွတ်နဲ့။ ထမိန်လှန်ပြီး ကလိန်ဉာဏ်မဆင်နဲ့၊ နပိန်ကန်သလောက်မှ နင်တို့ သုံးပေါင်ဝတ်တွေ အားမသန်လို့ ခါးကျန်၊ အဲလေ တပ်လန်တာ။ ဇရာ လနာ ငချာတွေနဲ့တိုက်မှတော့ မသာဖြစ်တာပေါ့။ ထောင်တွင်းက အကောင်ဖျင်းအကောင်မိုက်တွေထုတ် ပြူစောထီးလုပ်တိုက်ခိုင်းနေရမှတော့ တပ်ပြုတ်တာ ဘာဆန်းလဲ။ ခုလဲ တပ်ပြေးကို ထောင်ထဲကခေါ် ‌ ရာထူးတဆင့်တိုးနဲ့ ဆော်ခိုင်းသတဲ့၊ အရပ်ကတို့ ကြားလို့မှတော်ရဲ့လား" နဲ့ အော်ကာအော်ကာ ဆော်တာဆော်တာလေ။

ကိုယ်တွေမလဲ ဘာမှားပြည် ရှိသမျှလူမိုက် စမုံတုံးပေးနေတဲ့ မအလကိုဘဲ ကျေးဇူးကြိတ်တင်ရတာဘဲ။ ခုလဲ လက်ကျန်ငမိုက်တွေက ဘုရားဒကာ မင်းဆရာ ရာထူးလုရင်း ထသတ်ကြတော့ လက်ကျန်စာရင်း ထပ်ရတာပလေ။ 

တော်လှန်ရေးက ပင်လယ်နဲ့ တူသကိုး။ သိတယ်ဟုတ်၊ တလှိုင်းပြီး တလှိုင်း လာတာလေ။ တလှိုင်းတလှိုင်းလာရင် အညစ်တအုပ်တအုပ် ပြုတ်တာ‌ဘဲ။

ပင်လယ်က အမှိုက် လက်မခံတတ်ဘူး မဟုတ်လား။ 

ပထမလှိုင်းမှာ နိုင်ငံရေးမှာ ဘုရားဘွဲ့ခံထားသူတွေ ပျံလွန်တော်မူရော။ 

ဒုတိယလှိုင်းမှာ မဘသအညစ်တွေ လစ်။ 

တတိယလှိုင်းမှာ လူမိုက်ငတုံး အကုန်ပြုန်း။ 

စတုတ္ထလှိုင်းမှာ အဆီအစ် အီလစ်တွေ ခစ်ခစ်ခွီခွီ ဟီသံပျောက်။ 

ပဉ္စမလှိုင်းမှာ သေချင်တဲ့ကောင်ထွက်ခဲ့တွေ အသက်မဲ့။ ဆဋ္ဌမလှိုင်းမှာ လက်နက်ပွဲစား ခွေးဝဲစားကုန်။ 

သတ္တမလှိုင်းမှာ ခရိုနီနဲ့ဗိုလ်ပြုတ် ငုတ်ပျောက်၊ တုတ်ထောက်။ 

အဋ္ဌမလှိုင်း စစ်တိုင်းလိုက်ရိုက်ထုတ်။

နဝမလှိုင်းက တိုင်းညစ်ပြည်ညစ် အကုန်ရှင်းမှာ။

ဒသမလှိုင်းကတော့ စီးဖို့၊ လင်းဝင်းတောက်ပ အလှကြီးလှနေတော့မယ့် ပင်လယ်ပြင်ကျယ်ကို စီးရင်း ပျော်မြူးဖို့။ အပန်းဖြေဖို့။ 

တိုင်းသစ် ပြည်သစ်အတွက် စိတ်ကူးသစ်တွေ ထုဆစ်ပုံဖော်ဖို့။ 

အညစ်ရှင်း အသစ်ကျင်းတဲ့လှိုင်းတွေ မပြတ်မဆုံး တဝုန်းဝုန်ုးရိုက်တာ ပင်လယ်အထာ။ ဝါ၊ တော်လှန်ရေး။






Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar