မြို့တွေ သိမ်းယူခြင်းနဲ့ ဖျက်ဆီးခံရခြင်း
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၃ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၃
မြို့တွေ သိမ်းယူခြင်းနဲ့ ဖျက်ဆီးခံရခြင်း
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့လို့အမည်ပေးထားတဲ့ ကိုးကန့်လက်နက်ကိုင်၊ TNLA နဲ့ AA တို့က စတင်လိုက်တဲ့ စစ်ဆင်ရေးနောက်ပိုင်း မြို့တွေသိမ်းယူဖို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာကြတာ ဖြစ်ပြီး အခုအချိန်ထိဆိုရင် ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကောလင်း၊ ရိဒ်ခေါဒါ၊ ခါမ်းပါတ်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မုန်း အစရှိတဲ့ မြို့တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်ခံ PDF တို့က ပြီးခဲ့တဲ့ တလခွဲကျော်ကာလအတွင်း သိမ်းယူခဲ့ကြပါတယ်။ လွိုင်ကော်၊ ပေါက်တော၊ ထီးချိုင့်၊ ကော့ကရိတ် စတဲ့မြို့တချို့ကတော့ သိမ်းယူနိုင်ခြင်း မရှိဘဲ တိုက်ပွဲပြင်းထန်နေတဲ့ နေရာက ပြင်းထန်ပြီးအချို့ကတော့ စစ်ကောင်စီဘက်က ပြန်ထိန်းသိမ်းထားတဲ့ အနေအထားလည်းဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အာဏာကို ဖယ်ရှားပြီး တဖက်အဖွဲ့အစည်းတွေ အနေနဲ့ သိမ်းယူနိုင်တယ်ဆိုတဲ့ ပြယုဂ်ကို ပြသနိုင်တာဖြစ်ပြီး ပိုင်ဆိုင်မှုနယ်မြေ ရှိလာတဲ့ သဘောလည်း သက်ရောက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နကိုကတည်းက ထိန်းချုပ်နယ်မြေတွေ ရှိနှင့်ပြီး ဖြစ်ပေမယ့် NUG အနေနဲ့က အခုလို မြို့သိမ်းတိုက်ပွဲ အနေနဲ့ အောင်မြင်မှုရခြင်းက ကြီးမားတဲ့ အပြောင်းအလဲတခုလို ရှုမြင်ကောင်းရှုမြင်လိမ့်မှာ ဖြစ်ပါတယ်။ NUG အနေနဲ့ သူ့ရဲ့ လက်အောက်က ပကဖလို့ အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က သူ့ဟာသူ သီးခြားရပ်တည်ပြီး တိုက်ခိုက်သိမ်းယူနိုင်တာမျိုးတော့ မဟုတ်ပေမယ့် နိုင်ငံရေး စစ်ရေးအရတော့ မြို့သိမ်းယူနိုင်ခြင်းဆိုတဲ့ အဆင့်ပြောင်းလဲခြင်းတခုကို ပြသနိုင်တဲ့ သဘောဖြစ်ပါတယ်။
ကောလင်းမြို့ကို သိမ်းယူပြီးနောက် အုပ်ချုပ်ရေးကို ပကဖ၊ ပအဖ တို့က တာဝန်ယူထားကြတဲ့ အနေအထားလို့ ယူဆရပြီး မြို့ခံတွေအနေနဲ့တော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြန်လည်နေထိုင်နိုင်တဲ့ အနေအထားတော့ မဟုတ်သေးတာတွေ့ရမှာ ဖြစ်ပါတယ်။ ရိဒ်ခေါဒါ၊ ခမ်းပတ်တို့လိုမြို့တွေကတော့ ကောလင်းမြို့နဲ့ သဘာဝမတူဘဲ မြို့နေလူထုက ဆက်လက်နေထိုင်နေကြပြီး ခုရက်ပိုင်းမှာ ခမ်းပတ်ကို စစ်ကောင်စီ တပ်တွေပြန်လည်တိုက်ခိုက်လာတဲ့အခါမှသာ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ကြရတာ မျိုးဖြစ်ပါတယ်။ မြို့ကို သိမ်းယူဖို့ တိုက်ခိုက်မှုတွေအတွင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ပျက်စီးရတဲ့ အဖြစ်အပျက်တွေလည်း ကြုံတွေ့လာကြရပြီး လွိုင်ကော်၊ ထီးချိုင့်၊ ပေါက်တောမြို့တွေမှာ အပျက်အစီးတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ အနေနဲ့ဆို ပြည်နယ်မြို့တော်လည်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က နယ်မြို့လေးတမြို့သဘောမျိုးထားပြီး လွယ်လွယ်နဲ့ ဆုတ်ခွာမပေးတာကြောင့် လွိုင်ကော်မြို့ သိမ်းတိုက်ပွဲက တလနီးပါးကြာမြင့်လာပေမယ့် ကရင်နီကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီဘက်က ၄င်းတို့ရဲ့ အာဏာပြယုဂ်၊ ပြည်နယ်မြို့တော် ကျသွားခဲ့ရင် ပြည်နယ်တပြည်နယ် လွတ်မြောက်သွားတယ်ဆိုတဲ့ သဘောမျိုး ကောက်ယူနိုင်တာကြောင့် အသည်းအသန်တိုက်ခိုက်နေတဲ့ သဘောမျိုးဖြစ်နိုင်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေက ကြားသိရသူတွေကို စိတ်အားတက်ကြွစေနိုင်တာ မှန်သော်လည်း အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ မြို့တွေမှာ နေထိုင်နေကြတဲ့ မြို့ခံတွေအဖို့တော့ ဘယ်လိုရှုမြင်ကြသလဲဆိုတာ စောကြောစရာ တချက်တော့ ရှိနေတာပါ။ မြို့နေလူထု အနေနဲ့ ဘယ်မြို့ကို ဘယ်အချိန်မှာ တိုက်ခိုက်မလဲ ဆိုတာ ကြိုတင်သိရှိနိုင်ခြင်း မရှိသလို ရုတ်တရက် နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အနေအထားမျိုးဖြစ်လာတာမို့ အများစုက ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ရွှေ့ပြောင်းဖို့ လုပ်ဆောင်ချိန် မရှိပဲ အဝတ်တထည် ကိုယ်တခု၊ ရွှေငွေလို ယူဆောင်ရလွယ်တဲ့ ပိုင်ဆိုင်မှုမျိုး၊ ကားရှိသူတွေက ပိုင်ဆိုင်မှုအချို့ကို ကားပေါ်တင်ပြီး ထွက်ခွာနိုင်ပေမယ့် အများစုကတော့ အသက်ဘေး လွတ်ဖို့အရေးက ပထမဆုံးဦးစားပေး စဥ်းစားပြီး ထွက်ပြေးတိမ်းရှောင်ကြရတာ ဖြစ်ပါတယ်။ တဖန် အသက်အရွယ်အိုမင်းပြီး ကျန်းမာရေး မကောင်းသူတွေအဖို့ သူလိုငါလို ထွက်ပြေးတိမ်းရှောင် နိုင်တာမဟုတ်လို့ စစ်ဘေးရှောင်ဖို့ ခက်ခဲတဲ့ အခြေအနေရှိသူတွေလည်း ရှိကြတာ ဖြစ်ပါတယ်။ မြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားလာခဲ့ရင် မြို့ရဲ့ အမြင့်ပိုင်း၊ ကုန်းလို ၊ အဆောက်အဦလိုနေရာတွေကို စစ်ကောင်စီက သော်လည်းကောင်း တော်လှန်ရေးတပ်ဖွဲ့တွေက သော်လည်းကောင်း နေရာယူတိုက်ခိုက်ကြတာ ဖြစ်ပြီး စျေးတွေ၊ အိမ်တွေ၊ မီးလောင်ပျက်စီးကြတာ ဖြစ်နေကျ အဖြစ်အပျက်လို ဖြစ်လာပြီး မီးလောင်ခြင်းရဲ့ အကြောင်းရင်းမှန်ကိုလည်း သိရှိဖို့ ခက်ခဲလာတာ ဖြစ်ပါတယ်။ လက်နက်ကြီး ကျည်ကျရောက်တာကြောင့်၊ တမင်တကာ ရှို့တဲ့မီး သို့မဟုတ် ပစ္စည်းတွေ လုယက်ယူဆောင်ပြီး လက်ရာခြေရာဖျောက်တဲ့အနေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီလို အခြေအနေမှာ မြို့နေလူထုအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ထောက်ခံအားပေးဖို့ စိတ်ဓါတ်ခွန်အား ရှိကောင်းမှ ရှိနိုင်လိမ့်မှာဖြစ်ပါတယ်။ ၄င်းတို့ရဲ့ အိမ်တွေ၊ ပိုင်ဆိုင်တဲ့ လုပ်ငန်းအခြေပစ္စည်းတွေ၊ ပျက်စီးဆုံးရှုံးသွားမယ့် အရေးကို တွေးကြည့်ရုံနဲ့ ဘယ်သူမဆို ကိုယ်ချင်းစာနာနိုင်မှာ ဖြစ်ပါတယ်။ မြို့တွေ ပျက်စီးမှာကို စိုးရိမ်ခြင်းမရှိတဲ့ စစ်ကောင်စီတပ်တွေ အနေနဲ့တော့ လေကြောင်းက တိုက်ခိုက်တာတွေ၊ မြေပြင်မှာ ရှိတဲ့တပ်တွေက အဖိုးတန်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်တာတွေ လုပ်ဆောင်ကြတာ သဘာဝလို ဖြစ်နေတာပါ။ သို့သော် မြို့ခံလူထုအနေနဲ့ မြို့သိမ်းတိုက်ပွဲ မဖြစ်ပွားလာရင် ဒီလို အဆိုးဆုံး အခြေအနေမျိုး မကြုံရနိုင်ဘူးဆိုတာမျိုးလည်း တွေးဆကောင်းတွေးဆကြပါလိမ့်မယ်။
တဖက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့တော့ စစ်ကောင်စီ တပ်တွေကို အနိုင်ယူရေးမှာ မြို့သိမ်းတိုက်ပွဲက ရှောင်လွှဲမရတဲ့ ဖြစ်စဥ်တခုလို့ ယူဆကောင်းယူဆ ကြမှာဖြစ်ပြီး ဒီလမ်းကို ရှောင်လွှဲခြင်း မပြုပဲ ရှေ့ဆက်တိုး လုပ်ဆောင်လာကြတဲ့အခါ မြို့ခံလူထုနဲ့ အထင်အမြင် လွဲမှားမှု ထောက်ခံအားပေးမှု လျော့ကျတာတွေ ရင်ဆိုင်ရနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြို့သိမ်းတိုက်ပွဲကို ဘယ်လို အခြေအနေမျိုးမှာ ဆင်နွှဲမလဲ၊ အချို့မြို့တွေလို တကြိမ်မက တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားပေမယ့် မအောင်မြင်တဲ့ အဖြစ်အပျက်မျိုးမှာ ဘယ်လို ဆုံးဖြတ်ကြမလဲ၊ မြို့သိမ်းပြီးနောက် ဆက်လက်ကာကွယ် ထိန်းသိမ်းထားနိုင်ဖို့ အရေးပါတဲ့ အချက်အလက်တွေက ဘာတွေဖြစ်မလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတွေ ဖြစ်နေပြီး မြို့ခံလူထုတွေကို ရှင်းရှင်းလင်းလင်း နဲ့ ၄င်းတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်ကြောင်း တုံ့ပြန်စီစဥ်ဆောင်ရွက်မှုတွေ ရှိခဲ့ရင် ရှင်းပြစည်းရုံးနိုင်ဖို့ အရေးကြီးလာနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar