အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၀ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၀ )
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၃
15/12/23
Diary in the darkness
တရုတ် ဦးဆောင်ကျင်းပတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ အပစ်ရပ်ဆွေးနွေးပွဲတွေ လုပ်နေပြီ ဆိုတဲ့ သတင်းတွေကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ သူတို့ကို ထောက်ခံတဲ့ ပြည်သူတွေကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။
ညီနောင်သုံးဖွဲ့ဟာ နွေဦးတော်လှန်ရေးကို စွန့်ခွာပြီး စစ်ကောင်စီကို စစ်ရေးနဲ့ နိုင်ငံရေး ထွက်ပေါက်ပေးလိုက်မှာလား။ ဖက်ဒရယ်နိုင်ငံထူထောင်ရေးနဲ့ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးရည်မှန်းချက်ကို စွန်လွှတ်လိုက်ပြီလား ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးမှာ ညီနောင်သုံးဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်နေတာကြောင့် အနည်းငယ်စိတ်သက်သာရာရကြပါတယ်။
စစ်ကောင်စီရဲ့ သန္ဓေပါ ယုတ်မာမှုလုပ်ရပ်တွေကြောင့် ရခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ကျောပေါ်က ဒဏ်ရာတွေဟာ ယခုထက်တိုင် သွေးမတိတ်သေးပါ။ ဒါကြောင့်သူတို့ဟာ သွေးစွန်းလက်တွေနဲ့ လက်တွဲသည်အထိ ညံ့ဖျင်းကြမည်မဟုတ် ဟုလဲ ယုံကြည်ကြပါတယ်။
အများ ယုံကြည်ကြတဲ့အတိုင်းပါပဲ၊ တိုင်းရင်းသားညီနောင်သုံးဖွဲ့က နွေဦးတော်လှန်ရေးကို အရှိန်မြှင့် လုပ်ဆောင်သွားမယ် ဆိုတဲ့ ပြတ်သားတဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ လက်တွေ့လည်း တိုက်ပွဲတွေ အရှိန်မြှင့် ဖော်ဆောင်လာပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ သွေးခွဲသပ်လျှို လုပ်ဆောင်မှုဟာလည်း အရာမထင်ဖြစ်သွားပါတော့တယ်။
နိုင်ငံရေးစစ်မျက်နှာမှာ ထွက်ပေါက်ပိတ်နေတဲ့ အာဏာရှင်ဟာ အာဏာသိမ်းကာ လူထုကို လက်နက်ကိုင်စစ်မျက်နှာပေါ် ဆွဲတင်ပြီး ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့ ပြတ်သားတဲ့ ရည်မှန်းချက်၊ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကြောင့် စစ်တပ်ဟာ နိုင်ငံရေးစစ်မျက်နှာသာမက လက်နက်ကိုင်စစ်မျက်နှာပါ ခွက်ခွက်လန် အောင် ရှုံးခဲ့ပါတယ်။ တကမ္ဘာလုံးက နိုင်ငံရေး အကဲခတ်တွေ အံ့ဩရတဲ့အထိပါပဲ။
ဒီမိုကရေစီ လိုလားတဲ့ လူထုကို ချေမှုန်းဖို့ ကြိုးစားတဲ့ စစ်တပ်ဟာ ခုတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကြီးတခုလုံး ချေမှုန်းခံရပြီး ဗုန်းဗုန်းလဲတော့မယ့် အခြေအနေကို ရောက်နေပါပြီ။
ဒီအချိန်ဟာ စစ်ကောင်စီနဲ့ ဆွေးနွေးရမယ့်အချိန် မဟုတ်။ အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရမယ့် အချိန်လို့ ကြွေးကြော်ရင်း တော်လှန်ရေးဘက်တော်သားတွေက ယုံကြည်မှုအပြည့်နဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲလာပါတယ်။
အဘက်ဘက်က ရှုံးနေတဲ့ စစ်ကောင်စီဟာ အခုအခါ မြို့ကြီးတွေမှာ ကတုတ်ကျင်းတူးသူတူး၊ အလံဖြူ လွှင့်ထူဖို့ တိတ်တခိုးပြင်သူပြင်၊ ပိုင်ဆိုင်မှု အထုပ်အပိုးတွေ ရွှေ့သူရွှေ့ ၊ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်တင်သူတင် ၊ ကျည်ကာအင်္ကျီတွေ အထပ်ထပ် ဝတ်သူဝတ်နဲ့ ယောက်ယက်ခတ်နေပါတယ်။
မြို့ပေါ်လူထုအခြေအနေက မီးပြတ်၊ ဆီပြတ်။ ကုန်သည်တွေက ဒေါ်လာပြတ်။ စစ်သားတွေက ခြေပြတ်၊ လက်ပြတ်။ နိုင်ငံတော်ကြီးကတော့ စက်ရပ်ပြီး ထိုးဆင်းနေတဲ့ လေယဉ်အိုကြီးတစင်းလို ဖြစ်နေပါတယ်။
အင်အားကြီးနိုင်ငံတွေကလည်း ပျက်သုဉ်းနိုင်ငံ မဖြစ်ရေးအတွက် လူထုထံ အာဏာပြန်အပ်ရေး တဆင့်ပြီးတဆင့် ဖိအားပေးနေတာ တွေ့ရပါတယ်။
ကျနော်တို့ သာမန်လူထုကတော့ ကဗျာဆရာတစ်ယောက် ပြောသလို ငါးပိရည်ကျဲကျဲမှာ တော်လှန်ရေးသတင်းကောင်းတွေ မြှုပ်တို့ရင်း အသက်ပြင်းပြင်းရှူနေကြရပါတယ်။
အန်ကယ် တူမီး
၁၅ /၁၂ /၂၃
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar