Breaking News

လေခဏီ - တော်လှန်ရေးဣန္ဒြေအပြည့်နဲ့ သိက္ခာကြီးတဲ့စစ်

လေခဏီ - တော်လှန်ရေးဣန္ဒြေအပြည့်နဲ့ သိက္ခာကြီးတဲ့စစ်

(မိုးမခ) ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃


ညီနောင်သုံးဖော်ဟာ တော်လှန်ရေးဣန္ဒြေအပြည့်နဲ့ သိက္ခာကြီးတဲ့စစ်ကို ကြေညာခဲ့တယ်။

သူတို့ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင်နဲ့ ကျားဖြန့်လုပ်ငန်း အမြစ်ပြတ်ခြေမှုန်းရေး။ 

တကယ်တော့ ဒီနေ့ကာလမှာ စစ်အာဏာနဲ့ ကျားဖြန့်အလုပ်ဟာ အပြန်အလှန်အမှီပြုရာကနေ အတူဖြစ်တည်တဲ့အဆင့်ရောက်လာတာကို သတိမမူမိတာက ပြည်မကပုဂ္ဂိုလ်တွေလို့ ဆိုနိုင်ပါတယ်။ 

ကျားဖြန့်ဟာ စစ်အာဏာရှင်တွေအဖို့ မူးယစ်ဆေးဝါးနဲ့ သယံဇာတဟာ အကန့်အသတ်ဖြစ်လာတဲ့နောက် ငွေဝင်ပေါက်အသစ် ထပ်ရှာရင်း အသစ်တွေ့ထားတဲ့ ငွေတွင်းပါ။

ရိုးရိုးငွေတွင်း မဟုတ်ပါဘူး။ တခြားနိုင်ငံ အစိုးရတွေရဲ့ အခွန်ငွေတွေကိုပါ နှိုက်ယူလို့ရတဲ့ ငွေတွင်းပါ။ အလွန်ကြီးကျယ်ပါတယ်။ တကယ်တော့ ကျားဖြန့်ဟာ နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာကိုပါ ခြေတော်တင်တဲ့လုပ်ငန်း ဖြစ်တယ်။ ပေါ့သေးသေး မဟုတ်ပါဘူး။ 

အမှန်တော့ ကျားဖြန့်ဟာ ကျူးကျော်စစ်တမျိုးပါဘဲ။ ပြန်လည်တိုက်ခိုက်ချေမှုန်းရုံမက သိမ်းယူတဲ့အထိဖြစ်ချင်ရင် ဖြစ်လို့ရပါတယ်။ ခံရတဲ့နိုင်ငံ့အဖို့ တနုံ့နုံ့နဲ့ ဖြေမပြေ ကျေနိုင်ရိုးလား၊ အမှုန့်ကြိတ်ပြစ်မယ်အထိ ဖြစ်ရတဲ့ပြဿနာပါ။ အခု ခံရတာက ကမ္ဘာ့အကြီးဆုံးနိုင်ငံက ဘုန်းအမြင့်ဆုံးဘုရင်မင်းမြတ်ဆိုတော့ ဘယ်ကလောက် သတ်ချင်နေမတုံး တွေးသာကြည့်။ 

မဟာသမတကြီးရှီကျင့်ဖျင်အဖို့ ခွေးလေး အရောဝင်မိလို့ လူကြားထဲမှာ ခြေသလုံး သေးနဲ့အပန်းခံရတာ။ ရှက်စရာဟာ နာစရာထက် ဆိုးပါတယ်။ အကိုက်ခံရတာဆို တော်ပါသေးတယ်။

ဒီကျားဖြန့်တွေကို နှိမ်နင်းဖို့ မအလကို ကျိတ်ပြောပါတယ်။ အမြှီးလေးတနှန့်နှန့် လုပ်ပြပါတယ်။ ထပ်ပြောပါတယ်။ ပူတင်ကို မူချင် နွဲ့ချင်ဟန်နဲ့ ခြေဖဝါး သွားလျက်ပြပါတယ်။ ထပ်ထပ်ပြောပါတယ်။ ဖင်လေးယမ်းယမ်းပြီး လမ်းမထွက်ထွက်သွားပါတယ်။ 

ဒီကျားဖြန့်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် မအလဟာ ပြည်ထဲရေးဌာနကို အရပ်သားအစိုးရလက် မအပ်ပါဘူး။ ကာချုပ်ဟာ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အပိုင်စားပေးထားတဲ့ ခြေဥကို အဖျက်ထားလို့ အပြင်တောင် မခံနိုင်ပါဘူး။ အဲဒါကြောင့် အာဏာပြန်သိမ်းမှန်း တရုတ်ကြီးက သိပါတယ်။ NLDလက်ထက်မှာမှ ပြည်ထဲရေးထဲကနေ ထွေအုပ်ကို ခွဲထုတ်ပေးပါတယ်။ ထွေအုပ်တောင် စစ်ဗိုလ်ဟောင်းနဲ့သာ လုပ်စေသလားဆိုတာ လေတပ်ဗိုလ်ဟောင်းမင်းသူ ဝန်ကြီးဖြစ်လာတာဟာ စဉ်းစားစရာပါ။ ဒါတောင် ဝန်ကြီးဌာနတိုင်းက အတွင်းဝန်နဲ့ ညွှန်ချုပ်ညွှန်မှူးလယ်ဗယ်တွေဟာ တပ်ထွက်တွေနဲ့ သူတို့စိတ်ကြိုက်ခန့်ထားသူချည်း ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအောက်တဆင့် တိုင်းအတွင်းရေးမှူး၊ ပြည်နယ်အတွင်းရေးမှူးတွေဟာလဲ သူတို့လူတွေပါပဲ။ 

နယ်စပ်ဒေသလုံခြုံရေးအစောင့်ချပြီး ပြည်ထဲရေးကကျောပေးထားတဲ့ ပြည်သူ့စစ်နယ်မြေမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းကို မြို့ပြကြီးတွေလိုက်၊ နယ်မြေကြီးတွေလိုက် အကြီးအကျယ်တိုးချဲ့ တည်ဆောက်နေတာ လူတိုင်းမြင်ရပါတယ်။ ကျားဖြန့်ဟာ မြန်မာ့တပ်မတော်နဲ့ ပြည်သူ့စစ်ရဲ့အကျိုးတူလုပ်ငန်းစုပါဘဲ။ 

အိုင်တီ၊ တရုတ်စာ စကားနဲ့ အင်္ဂလိပ်စာ စကား ကောင်းကောင်းတတ်သူတွေကို INGO, NGO ရာထူးတွေမှာသာ ရနိုင်တဲ့လစာမျိုး ပေးပြီး အလုပ်ခေါ်ပါတယ်။ INGO‌, NGOလို့ဆိုပေမယ့် မိသားစုပိုင်လုပ်ငန်းစုလို့ ဖြစ်နေတော့ တိုးမပေါက်တဲ့ပညာတတ်လူငယ်များဟာ ကျားဖြန့်ပိုက်တွင်း ဆင်းသက်ရတာပါပဲ။

တကယ်တော့ ကျားဖြန့်လုပ်ငန်းဟာ လူငယ်ပညာတတ်တွေရဲ့ သင်္ချိုင်းမို့ တိုင်းပြည်ရဲ့အနာဂတ်ကိုပါ သရောကြီး ခိုင်းစေတဲ့အရာပါ။ 

ကျားဖြန့်နဲ့ပတ်သက်ရင် ကမ္ဘာတလွှား ဘယ်သွားသွား လမ်းဖြစ်နေတဲ့ တရုတ်ကြီးအဖို့တော့ နှာနုပုရွက်ဆိတ် တက်ကိုက်ခံရတဲ့ ဆင်ကြီးသာ ဖြစ်ပါတယ်။ အစွယ်နဲ့ ထိုးသတ်လို့လဲ မရ၊ နင်းခြေလို့လဲ မဖြစ်၊ တဆစ်ဆစ် နာကျင်သော်လည်း အော်လို့က မသင့်၊ အင့်အင့်အင့်အင့်နဲ့ မှိတ်ညည်းရတဲ့ဘွမှာ မအလရဲ့အာဏာသိမ်းမှုဟာ သူ့အနာအတွက် ဆေးဖြစ်လာပါတယ်။ ကုသခွင့်လိုင်စင်ကတော့ ညီနောင်သုံးဖော်မှာသာ ရှိတာလေ။ ကိုယ်တော်တို့ဆော်မှ တော်မယ်၊ အနော် ကျွန်ုပ်ကို တရုတ် လှုပ်ခါချမရတဲ့ နှာနုဝက ပုရွက်ငတကို မရဏသဘော ကိစ္စချောပေးပါ ဖြစ်လာတယ်။ 

အခုဆိုရင် တပြည်လုံးနဲ့အတူ ညီနောင်သုံးဖော်ဟာ တော်လှန်ရေးဣန္ဒြေအပြည့်နဲ့ သိက္ခာကြီးတဲ့စစ်ကို ဆင်နွှဲနေတယ်။

သူတို့ရဲ့ရည်မှန်းချက်က စစ်အာဏာရှင်နဲ့ ကျားဖြန့်လုပ်ငန်း အမြစ်ပြတ်ခြေမှုန်းရေး။ 

အဲဒါဟာ ဘုံအကျိုးစီးပွား ဖြစ်တယ်။

တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား။

မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွား။ 

တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား။

အချိန်ကိုက် စောင့်နေသူတွေလည်း လာတော့မှာ။

အကျိုးစီးပွားတူ ရည်ရွယ်ချက်တူသူတွေ ပူးပေါင်းဆင်နွှဲနေတဲ့ တရားသောစစ်ဟာ အောင်တော့မည်မှာ မြန်မကြာ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar