Breaking News

မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ မတူညီတဲ့ ရည်မှန်းချက်တွေ၊ စစ်ပွဲတွေရဲ့ သက်ရောက်မှုတွေ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၃


မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ မတူညီတဲ့ ရည်မှန်းချက်တွေ၊ စစ်ပွဲတွေရဲ့ သက်ရောက်မှုတွေ

မြန်မာနိုင်ငံမြောက်ပိုင်း တနည်းအားဖြင့် တိတိကျကျပြောရရင် မြန်မာနိုင်ငံ အရှေ့မြောက်ဒေသ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေက လတ်တလော သတင်းအကြောင်းအရာတွေထဲ ထိပ်တန်းသတင်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ 

နမ့်ခမ်းမှာ TNLA က စစ်ကောင်စီရဲ့ စစ်စခန်းတခုကို သိမ်းယူဖို့ တိုက်ခိုက်နေတဲ့ တိုက်ပွဲအကြောင်း၊ တဖန် အရှေ့မြောက် နမ့်ခမ်းနဲ့  နယ်စပ်မျဥ်းတလျှောက် တက်သွားရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မူဆယ်မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီ စခန်းကို တနေ့ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီး တိုက်ပွဲတွေ၊ စစ်မြေပြင်က မူဆယ်မြို့အထိ ရောက်ရှိလာနိုင်တဲ့ အနေအထားမျိုးရှိလို့ မူဆယ်မြို့မှာ နေထိုင်သူတွေ စိုးရိမ်ပြင်ဆင်နေကြတဲ့ သတင်း၊ အဲဒီနောက်မှာတော့ နမ့်ခမ်းမြို့ရဲ့ တောင်ဘက်ကျကျ ကျောက်မဲမြို့ရဲ့ မြောက်ဘက် မိုင် ၇၀ လောက်အကွာက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ ရုံးစိုက်ရာမြို့ နမ့်ဆန်မြို့ကို ရက်အတန်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် TNLA  က ယမန်နေ့ညနေက မြို့ကို သိမ်းယူလိုက်တဲ့ သတင်းတွေက ရှမ်းမြောက်ဒေသရဲ့ နောက်ဆုံး စစ်ရေးအခြေအနေသတင်းတွေ ဖြစ်ပါတယ်။ 

ရခိုင်လက်နက်ကိုင်အဖွဲ့ AA အနေနဲ့တော့ ရှမ်းမြောက် စစ်ဆင်ရေးတွေ စတင်ခဲ့စဥ်မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်း သတင်းတွေထဲ AA ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ရည်ညွှန်းပြောဆိုတာမျိုးတွေ မကြားသိရပါဘူး။ မြောက်ပိုင်း စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တဲ့ အခြားသော လက်နက်ကိုင်အဖွဲ့ငယ်တွေဖြစ်တဲ့ BLPA အစရှိတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့လည်း သတင်းတွေထဲ ထပ်မံမကြားသိရ တာသတိပြုမိပါတယ်။ 

မြောက်ပိုင်း စစ်ဆင်ရေးရဲ့ မဟာဗျူဟာမှာ အဓိကကျတဲ့ အဖွဲ့ဖြစ်တဲ့ MNDAA ကတော့ ၄င်းရဲ့ ရည်မှန်းချက် အတော်များများ ရရှိပြီးဖြစ်တဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပြီး နောက်ဆုံးရည်မှန်းချက် လောက်ကိုင်မြို့ကို သိမ်းယူရရှိခဲ့ရင် ရည်မှန်းချက် ပြည့်မြောက်ပြီလို့ ဆိုနိုင်ပါတယ်။ စတင်ခဲ့စဥ်က ထုတ်ပြန်ခဲ့တဲ့ ကျားဖြန့်လို့ တရုတ်ဘာသာနဲ့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဘယ်လောက်အထိ အမြစ်ဖြတ်နှိမ်နှင်းနိုင်တယ် ဆိုတာမသိနိုင်သေးသော်လည်း တရုတ်နိုင်ငံအနေနဲ့တော့ ၄င်းနဲ့ နယ်နိမိတ်ထိစပ်တဲ့ ဒေသက လက်နက်ကိုင် အဖွဲ့တွေ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လက်နက်ကိုင် အဖွဲ့တွေအားလုံးကို ဖိအားပေးကာ ငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်သူ အများအပြား ဖမ်းဆီးနိုင်ခဲ့ပြီး အချို့ကိုလည်း ဆုငွေထုတ်ပြီး ဝရမ်းပြေးအဖြစ် ကြေညာထားနိုင်ပြီ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသ စစ်ဆင်ရေးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ရဲ့ နယ်မြေစိုးမိုးရေး ရည်မှန်းချက်၊ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခြင်းနဲ့ နိုင်ငံရေးအရ အရှိန်အဝါတက်လာစေတဲ့ မြို့တွေကို သိမ်းယူနိုင်ခြင်းတွေ အထိရောက်ရှိခဲ့သလို၊ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး အချက်အချာ နေရာတွေကို သိမ်းယူနိုင်ခြင်း စတဲ့ အကျိုးအမြတ်တွေ ရရှိခဲ့တာတွေ့ရမှာဖြစ်ပြီး ဒီအဖြစ်အပျက်မှာ တိုက်ရိုက်ပါဝင်နေသူ မဟုတ်ပေမယ့် အကျိုးစီးပွား ဆက်စပ်နေတဲ့ တရုတ်နိုင်ငံအတွက်တော့ ၄င်းရဲ့ လိုလားချက် အချို့ကို ပြည့်ဝစေခဲ့တာလည်း ဖြစ်ပါတယ်။ နယ်စပ်ဒေသတလျှောက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကာအကွယ်၊ ဒေသအလိုက် သြဇာအာဏာ နဲ့ ငွေရှိကြတဲ့ ခရိုနီ သူဌေးကြီးနဲ့ စစ်ဘုရင်တွေရဲ့ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်မှုတွေကို ဖော်ထုတ်ကာ ဖမ်းဆီး အရေးယူနိုင်ခဲ့တာ၊ ဝရန်းထုတ်နိုင်ခဲ့တာတွေဟာ တရုတ်နိုင်ငံအဖို့ ရည်မှန်းချက် အောင်မြင် ပေါက်မြောက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း အကျိုးရလဒ်တွေက အကောင်းတွေချည်း သက်သက်လာတာမဟုတ်ပဲ စိမ်ခေါ်မှုတွေ အကျိုးဆက်တွေ၊ မလိုလားအပ်တဲ့ ဒုက္ခသုက္ခတွေ၊ စီးပွားရေး ထိခိုက်ပျက်စီးမှုတွေ၊ မြို့တွေ သိမ်းယူနိုင်ပေမယ့်လည်း ပျက်စီးသွားတဲ့ မြို့တွေကို ထိန်းသိမ်းကာကွယ်ရမယ့် တာဝန်တွေ၊ လနဲ့ချီ ဆင်နွှဲတဲ့ စစ်ပွဲရဲ့ ကုန်ကျစရိတ်တွေက စစ်ကောင်စီ ဆန့်ကျင်ဘက်လက်နက်ကိုင် အင်အားစုတွေ အဖို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ 

စစ်ကောင်စီဘက်ကလည်း မြေပြင်မှာ ဆုံးရှုံးတဲ့ လက်နက်တွေ စခန်းတွေ၊ ၄င်းတို့ရဲ့ စစ်တပ်အင်အားတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ တိုက်ခိုက်နိုင်ဖို့ လက်နက်၊ လေယာဥ်ဆီ အပိုပစ္စည်း စသဖြင့် ကုန်ကျစရိတ်တွေက စစ်ကောင်စီတင်မက ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးကျတဲ့ အကျိုးဆက်၊ လောင်စာဆီလိုမျိုး စီးပွားရေး မောင်းနှင်မှုရဲ့ ကျောရိုးဖြစ်တဲ့ ကုန်ပစ္စည်းလိုမျိုး ရှားပါးမှုတွေ ဖြစ်စေပြီး နယ်ပယ်အသီးသီးမှာ ဂယက်ရိုက်ခတ်ကာ စီးပွားရေး လူမှုရေး နိုင်ငံရေး ပြဿနာတွေအထိ ဆက်စပ်ကြီးထွားလာမယ့် အနေအထားတွေလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့တော့ သူ့တပ်မှာရှိတဲ့ လူအင်အား နိုင်ငံရဲ့ သယံဇာတ၊ နိုင်ငံခြား အရံငွေ ရှိသမျှကို ထုတ်သုံးပြီး စစ်ရေးအရ ကျားကန်တဲ့ နည်းလမ်းကိုလုပ်ဆောင်မယ့် လက္ခဏာတွေ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်လာတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းက ဆွေးနွေးပွဲတွေဟာ စစ်ကောင်စီ အရှုံးပေးပြီဆိုတဲ့ လက္ခဏာလို့ မမှတ်ယူနိုင်ပဲ နည်းပရိယာယ်အရ အသက်ဆက်ရှင်သန်ဖို့ ကြိုးစားမှု နည်းလမ်းတခုလို့သာ ယူဆနိုင်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တလခွဲကျော်ကြာမြင့်လာတဲ့ စစ်ပွဲတွေ အတွင်း ဆုံးရှုံးသွားရတဲ့ စစ်သည်အင်းအား၊ လက်နက်ကျည် အရင်းအမြစ်တွေ၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးပျက်စီးရတာတွေကိုလည်း စာရင်းချကြည့်ရင် မနည်းလှတဲ့ အရင်းအနှီးတွေလို့ ဆိုနိုင်ပါတယ်။ 

စစ်ရေးရည်ရွယ်ချက်နဲ့ ဖျက်ဆီး ဖြတ်တောက်လိုက်တဲ့ ကုန်သွယ်ရေး သွားလာရေး လမ်းကြောင်းပေါ်က တံတားတွေ၊ ပျက်စီးရပ်တန့်သွားတဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကိုလည်း ဘယ်သူမှ စာရင်းမပြုစုနိုင်သလို မှတ်တမ်းမှတ်ရာတောင် မတင်နိုင်ကြပါဘူး။ 

နေ့စဥ် သတင်းတွေမှာပါရှိတဲ့ ကိန်းဂဏန်းတွေ အရေအတွက်တွေကိုသာ အခြားအိမ်နီးချင်းနိုင်ငံ နဲ့ အဝေးနိုင်ငံမှာရှိတဲ့ သုတေသန စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက တာလီမှတ် ကောက်ယူတာ မျိုးသာရှိနေပြီး အဆိုပါ ကိန်းဂဏန်း အရေအတွက်တွေ အရတောင် အရင်းအနှီးက မနည်းလှတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအရင်းအနှီးတွေက ခဏခဏ တကြိမ်ပြီး တကြိမ်ထုတ်သုံးနိုင်တဲ့ အရင်းအနှီးတွေ မဟုတ်ပဲ ဒေသခံတွေအဖို့ ဆယ်စုနှစ်နဲ့ချီ ကြိုးစားလုပ်ကိုင် လို့ရတဲ့ ငွေကြေးတွေနဲ့ စုဆောင်း တည်ဆောက်ထားတဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေဖြစ်ပြီး ဆယ်စုနှစ် ခုနှစ်ခုကျော်ကြာ ပြည်တွင်းစစ်လိုမျိုးကို ရင်ဆိုင်ခဲ့ကြတာ မှန်ပေမယ့် အခုလို ကျယ်ကျယ်ပြန့်ပြန့် အင်အားအကုန်တိုက်ခိုက်ကြတဲ့ စစ်ပွဲမျိုးကို ဆယ်စုနှစ်နဲ့ ချီခံနိုင်ကြမယ့် အနေအထား မရှိကြတာ အသေအချာဖြစ်ပါတယ်။ 

စစ်ရေး အခွင့်အလမ်းတခုကနေ နိုင်ငံရေး အခွင့်အလမ်းဆီကို ဘယ်လို အသွင်ပြောင်းကာ ဆုပ်ကိုင်နိုင်ကြမလဲဆိုတဲ့ အချက်ကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ စစ်ပွဲတွေက ရန်ဘက် အဟောင်းကျဆုံးပြီး ရန်ဘက် အသစ်ပေါ်ထွက်လာကာ မျိုးဆက်တဆက်ပြီးတဆက် ဆက်လက်ဆင်နွှဲနေကြရင်ဖြင့် ကျရှုံးပျက်စီးတဲ့ နိုင်ငံတနိုင်ငံ အဖြစ်သက်ဆင်းနိုင်တာလည်း သတိပြုကြဖို့လိုအပ်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar