မသီတာ(စမ်းချောင်း) - တွေးထားကြ
မသီတာ(စမ်းချောင်း) - တွေးထားကြ
(မိုးမခ) ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃
ရသစာပေကို မရေးဖြစ်တာ အတော်ကြာပါပြီ။ ဆရာ မင်းလူက ဒေါသ ဖြစ်နေရင် ဟာသ (သရော်စာ)တွေ ရေးလို့ ကောင်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ မကိုင်ဖြစ်တာကြာတဲ့ ရသကလောင်ကို ပြန်ကိုင်ဖြစ်တဲ့အခါ—
ဟား ဟား ဟား။ အာဏာရှင်ဆိုတာ အသေထွက်ပဲ ထွက်တာတဲ့။ ကျုပ်ကို အစရှာမရတော့တာနဲ့ပဲ ကျုပ်က အသေထွက် ထွက်သွားပြီလို့ ခင်ဗျားတို့ပဲ ယုံခဲ့ကြတာလေ။ ကျုပ်ဘာသာကျုပ် သေနတ်နဲ့ အဆုံးစီရင်ပြီး ကျန်ရစ်တဲ့ခန္ဓာကိုယ်အပါအဝင် ကျုပ်နဲ့ ပတ်သက်သမျှတွေအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ဖို့ ကျုပ်တပည့်ကို မှာခဲ့တယ်ဆိုပြီး ပါးစပ်ရာဇဝင်ကိုလည်း ခင်ဗျားတို့က ယုံခဲ့တာပဲကိုး။ လူတွေအများကြီးကို အယုံလွယ်တတ်အောင် လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တဲ့ ကျုပ်လို အာဒေါ့လ်ဖ် ဟစ်တလာလိုလူကိုများ ခင်ဗျားတို့က လျှော့တွက်ကြတာနော်။ အံ့ဩပ။
တကယ်တော့ ကျုပ်က တချိန်ချိန်မှာ ဂျာမေးနီးယား ဆိုတဲ့ အကြီးကျယ်ဆုံးသော အာရိယန်နိုင်ငံတော်ကြီး ပေါ်ပေါက်အောင် ကြံစည်ခဲ့တဲ့အထဲမှာ ဧရာမအဆောက်အဦးကြီးတွေကို ဆောက်ဖို့ချည်း ကြံခဲ့တာ မဟုတ်ဘူးဗျ။ ကျုပ်လို အာဏာရှင်မျိုးဆက်ကြီးအနေနဲ့ ကမ္ဘာ့အနှံ့အပြားမှာ နှစ်ပေါင်းများစွာ ဆက်လက်ကြီးစိုးနိုင်ဖို့ဆိုတဲ့ ဧရာမအကြံအစည်ကြီးကိုပါ ကြံစည်ခဲ့တာလေ။ ကျုပ်နဲ့ ပတ်သက်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုသာ အစဖျောက်ဖို့ မှာခဲ့တာပါ။ ကျုပ်ရဲ့ အတွေးအကြံမျိုး အကျင့်အကြံမျိုးတွေကိုတော့ နိုင်ငံနယ်နမိတ်တွေ လူမျိုး အသားအရောင် ကိုးကွယ်ယုံကြည်မှု နယ်နမိတ်တွေကိုပါ ကျော်ဖြတ်ပြီး အနာဂတ်ကမ္ဘာမှာ အောင်လံထူ ကျယ်ပြန့်နေအောင် လုပ်ခဲ့တာကို ခင်ဗျားတို့မှ သဘောမပေါက်ခဲ့ကြဘဲကိုး။ ရယ်ရတယ်။
ဒီမှာ ကျုပ်က အသေထွက်ထွက် အရှင်ထွက်ထွက် ခင်ဗျားတို့တွေ ဘယ်အာဏာရှင်လက်အောက်က လွတ်မြောက်နေကြလို့လဲ။ ဝေးဝေးမကြည့်နဲ့။ ဘင်ဂျမန် ဆိုတဲ့ ရဟူဒီကိုပဲ ကြည့်။ ကျုပ် မသုတ်သင်နိုင်လိုက်လို့ ကျန်ခဲ့တဲ့မျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ကောင်။ 'အလွန်အင်မတန် မမျှတ'တဲ့ ချေမှုန်းရေးတွေ လုပ်တော့ ကျုပ် သုံးခဲ့တဲ့နည်းတွေအားလုံး သူ လိုက်သုံးတာမှ လက်နက်နဲ့ လူသတ်ရတာကို နည်းသေးတယ်လို့ အောက်မေ့ပြီး အစာဖြတ် ရေဖြတ် မီးဖြတ် ဖြတ်လိုက်သမှ ဖျပ်ဖျပ်လူးအောင် ဖြတ်။ နောက် လူစုလူဝေး ရွှေ့ပြောင်းရအောင် လုပ်တဲ့နေရာမှာ ကျုပ်ကမှ သယ်ယူပို့ဆောင်ရေးကို အိုက်ခမန်းလို ဝန်ထမ်းနဲ့ စီမံခန့်ခွဲပြီး လုပ်ခဲ့သေးတာ သူ့အလှည့်ကျတော့ ဆေးရုံနဲ့ ဒုက္ခသည်စခန်းပါ မကျန်အောင် ဗုံးအစုလိုက်အပြုံလိုက် ကြဲချပြီး 'တောင်ပိုင်း'ကို ရွှေ့ကြလို့ သန်းချီတဲ့လူထုကို အမိန့်ပေးလိုက်ရုံပဲ။ တွေ့ပလား။ ကျုပ်ကိုသာ အသေသတ်လို့ ရချင်ရမယ်။ ကျုပ်လို အကြံအတွေးနဲ့ အာဏာရှင်တွေကို မျိုးသုဉ်းအောင် ကြံလို့ ရလို့လား။
ဟိုး... ဆိုက်ဘေးရီးယားက ဗလာဒီမီယာဆိုတဲ့ကောင်ကိုရော ကြည့်မလား။ ဟို အမေရိကက ဒေါ်နယ်ကိုပဲ ကြည့်မလား။ အာရှဘက်က ရှီကိုပဲ ကြည့်မလား။ ကျုပ်လောက် မစွမ်းရင် နေမယ်။ ကျုပ် တွေးခဲ့ ကြံခဲ့ လုပ်ခဲ့ ကိုင်ခဲ့ စီမံခဲ့တဲ့အတိုင်း လိုက်လုပ်နေကြတာ မဟုတ်လို့ ဘာလဲ။ ခွဲခြားဆက်ဆံရေးအခြေခံမူတို့ ဝါဒဖြန့်ချိရေးအခြေခံမူတို့ ကိုယ့်နေရာကို မျက်စပစ်လာနိုင်တဲ့ကောင်တွေကို ယုတ်မာသမျှနည်းပေါင်းစုံနဲ့ ကြိုတင်ပြင်ဆင်နှိမ်နင်းတာတို့ ဘာမှကို ထူးမခြားနားပဲ။ နည်းနည်းပါးပါး ပြုပြင်သုံးတာမျိုးတောင် မရှိသလောက်ပဲ။ ကျုပ် သုံးခဲ့တုန်းကအတိုင်း ဆက်ခံသုံးစွဲနေကြတာလေ။ ကျုပ်မှ မအောင်မြင်ရင် ဘယ်သူက အောင်မြင်မတုံး။
ကျုပ် နည်းနည်းအံ့ဩတာ တစ်ကောင်တော့ ရှိတယ်။ ကျုပ်နိုင်ငံထက် ကြီးသလောက် ကမ္ဘာမှာ ဘာဩဇာမှ မရှိတဲ့ နိုင်ငံက ဟိုကောင် 'ဟစ်တလုံးဂျပု'ပဲ။ ဒီကောင်က ကျုပ်ထက်တော့ အပြတ်အသတ် ပုတယ်။ လူကသာ ပုတာ ဉာဏ်ကျတော့ အတုမရှိ ညံ့ရဲလွန်းတဲ့ထဲ ထိပ်ဆုံးကပဲ။ သင်းက သူများ မကောင်းကြောင်း သူ့ကောင်းကြောင်း ပြောတဲ့နေရာမှာတော့ ကျုပ်ထက် သာတယ်။ မျက်နှာပြောင်တိုက်ရဲတာ၊ ဗြောင်လိမ်ဗြောင်စားလုပ်ရဲတာ၊ မုန်းမိရင် အညှိုးကြီးပြီး ချစ်တတ်တဲ့စိတ် ခေါင်းပါးဆိတ်သုဉ်းနေတာ ဟာ .. ပြောရရင် ဒီကောင့်မှာ ကျုပ်ထက်သာတဲ့ ညံ့ရည်ညံ့သွေးက ဗုန်းပေါလအော များတာကလား။ အသာဆုံးကတော့ အရည်အသွေး မရှိတဲ့နေရာပဲ။ ဒါကြောင့်လည်း ပြောမယ့်သာ ပြောနေတာ ကျုပ်ရဲ့ အာဏာရှင်မျိုးဆက် အဓွန့်ရှည် ပြန့်ပွါးရေးစီမံချက်ဟာ သင်းကြောင့် ညှိုးငယ်ပျက်သုဉ်းရချည်ရဲ့လို့ ပူပန်နေရပြီလေ။ အဓိကက သူ့ကို ဆန့်ကျင်နေကြတဲ့ လူထုက ကျုပ်ကို ခံချခဲ့တဲ့ အုပ်စုတွေလိုပဲ အရည်အချင်းရော အင်အားပါ ရှိနေတာကိုး။
ဒီလိုဗျာ။ ခင်ဗျားတို့ကလည်း ၁၉၃၀-၄၀ လောက်က အုပ်ချုပ်ခံတွေလိုလူတွေ မဟုတ်ကြတော့ဘူး။ ဒါကို ကျုပ်က ရိပ်မိသလောက် သင်းက မရိပ်မိဘူး။ ဒါ သေချာတယ်။ ဒါကြောင့်လည်း အိမ်နီးချင်းကို ဆွဲထည့်လိုက်၊ ဆွဲစေ့လိုက် လျှာနှစ်ခွ ဖင်နှစ်ခွ လုပ်ပြီး အဲဒီအတိုင်း ခင်ဗျားတို့ကို ပြောင်းလဲလုပ်ကြစေချင်တာ။ ခုပဲ ပြည်ပရန် မကင်းလို့ ပြော၊ ခုပဲ မြို့တော်ခန်းမရှေ့ကို ငါးထောင်အထက်စားတွေ ခေါ်ပြီး 'ပြည်တွင်းရေး မစွက်ဖက်နဲ့' 'ညီနောင်တွေနောက်ကနေ ကကျီကကြောင် မလုပ်နဲ့'လို့ အော်ခိုင်း၊ ဟော ခုနလေးတင်ကကျ 'ဂ'ငယ်ကွေ့ ပြန်ကွေ့ချပြီး 'နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမကထ ဖိအားပေးပြီး ခေါ်ပေးပါခည'လို့ သွားပြန်ညု။ အမလေး လက်ဖျားခါတယ်။ ကျုပ်တုန်းက ဗြိတိသျှကို တစ်နှစ်လောက် ချွေးသိပ်ပြီးမှ ဝင်တိုက်ဖို့ ဆုံးဖြတ်ထားပေမဲ့ သိပ်ရုပ်မပျက်အောင် လှတပတတော့ ရေးနိုင် စာချုပ်ချုပ်ထားနိုင်ခဲ့တာပဲ။ ဟိုလူကြီး ချိန်ဘာလိန်က လှလှပပ လိမ်သလို ကျုပ်ကလည်း ဣန္ဒြေရရ ပြန်လိမ်နိုင်ခဲ့တာဗျ။ ဒီဟစ်တလာ့နောက်လိုက် ဖြစ်ချင်တဲ့ ဟစ်တလုံးဂျပုကျကာမှ ညံ့စွမ်း အလွန်ထက်လေတော့ ဝါဒဖြန့်ချိရေးမူဝါဒ ပြောင်းတာတောင် ဣန္ဒြေက လုံးလုံးမရနဲ့။
ဒါလားကွ အာဏာရှင်။ ငါကိုယ်တော် အာဒေ့ါလ်ဖ်ဟစ်တလာရဲ့ အာဏာရှင်မျိုးဆက်မှာ အနာတစ်လုံး ပါလာတယ်လို့ ဆိုရတော့မှာပဲ။
ခက်တာက သင်းက နာရုံမက ပုပ်နေတာ။ စကားပုံကလည်း ရှိတယ် မဟုတ်လား။ 'ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်'တဲ့။ သင်းက ငါးခုံးမအပုပ်ကြီးဆိုတာ အားလုံးက ရိပ်မိနေကြပြီ။ ကျုပ်တုန်းကမှ ဧရာမကွန်ဂရိဗုံးခိုကျင်းထဲမှာ အရှုံးကို အနိုင်ပိုင်းဖို့ဆိုပြီး လင်ရော မယားရော တမိသားစုလုံး လိုက်အသေခံသွားပေးတဲ့ ဝါဒဖြန့်ချံပီယံ ဂေါဘယ်လ်စ်က ရှိသေးတယ်။ သင်းမှာတော့ သူ့ဘက်က ကူပြီး ဝါဒဖြန့်သူတွေတောင် မျက်စိလည်ပြီး ဘယ်လိုထောက်ခံရမှန်း မသိလောက်အောင် ဖြစ်ဖြစ်နေတာဆိုတော့ 'အထီးကျန်' ဟစ်တလုံးဘဝနဲ့ပဲ ကျုပ် မျိုးစေ့ချခဲ့တဲ့ အာဏာရှင်အမြစ်လေးဟာ ဖက်တွယ်ရာ မရှိ ငုတ်စိ ဖြစ်သွားနိုင်နေတာကိုး။
ဘယ်လိုပဲဖြစ်ဖြစ် ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားမှာ အနှစ်နှစ်ဆယ်သာ ခြားပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတာ အနှစ် ရှစ်ဆယ် ပြည့်ခါနီးနေပါပကော။ တတိယကမ္ဘာစစ်က နောက်နှစ်မှာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ ကျုပ်အဖို့ကတော့ ခုလို နှစ်ပေါင်းများစွာအတွင်း ကမ္ဘာနဲ့အဝန်း မကုန်မခန်းစတမ်း အာဏာရှင်တွေကို တွေ့မြင်နေရတာကိုက ကျေနပ်စရာပဲ မဟုတ်လား။ ဟစ်တလာသာ မရှိတော့ပေမဲ့ အာဏာရှင်တွေကတော့ ပန်းပန်မြဲ ဆိုပါတော့။ ကမ္ဘာစစ်ဖြစ်ပြီးရင် အာဏာရှင်တွေ အညံ့ခံကြရတတ်တာကိုး။ ကျုပ်က ဂျာမဏီမှာ အာဏာမဲ့သွားခဲ့ရသလို ဂျပန်ဘုရင်လည်း အညံ့ခံခဲ့ရတယ်လေ။ ခုတော့ နှစ်ရှစ်ဆယ်လောက်အတွင်း အညံ့ခံသွားရတဲ့ အာဏာရှင်အရေအတွက်ထက် အောင်ပန်းဆင်နိုင်ဆဲ အာဏာရှင်အရေအတွက်က များနေဆဲဆိုတာကို ခင်ဗျားတို့ လက်ခံကြရောပေါ့။ ဟား ဟား ခင်ဗျားတို့ပဲ ညံ့သလား၊ အာဏာရှင်တွေပဲ တော်သလားလို့ ပြန်စဉ်းစားကြည့်ကြဦးပေါ့။
ကျုပ်က အဲဒီ ဟစ်တလုံးဂျပုကိုသာ စိတ်ပူတာ။ သင်းကို ကြည့်ရတာ အာဏာရှင်သက်ဆိုးရှည်မယ့်ပုံက မပေါ်ဘူး။ အသေထွက် ထွက်မလား၊ အရှင်ထွက် ထွက်မလားတော့ ကျုပ်လည်း မပြောတတ်ဘူး။ သေချာတာကတော့ သူ့လောက် ညံ့ရဲလွန်းတဲ့ အာဏာရှင်လည်း ဒီအနှစ်ရှစ်ဆယ်- တစ်ရာအတွင်းမှာ မရှိခဲ့တာပဲ။ ဒီတော့ ဘယ်အာဏာရှင်တွေရဲ့ သွားရာလမ်း (အသေ/အရှင် ထွက်)ကို သူ လျှောက်လှမ်းသွားမယ်ဆိုတာ ကျုပ် မမှန်းတတ်တော့ဘူး။
အင်း... တော်သေးတာကတော့ ကမ္ဘာကြီးရဲ့ တခြားနေရာတွေမှာတော့ အာဏာရှင်တချို့ဟာ အောင်ပွဲခံနိုင်ဆဲပဲဗျို့။ ဒါကြောင့် ပြောတာပေါ့။ ကျုပ် ဟစ်တလာအနေနဲ့ ဒီကမ္ဘာဂြိုဟ်ကနေ ဘယ်ကိုမှ ထွက်မသွားသေးဘဲ အဲဒီလို အာဏာရှင်အပေါင်းကနေတဆင့် ကျုပ်ရဲ့ မျိုးဆက်တွေကို ထူထောင်နိုင်သေးတုံးဗျ။
ခင်ဗျားတို့ အုပ်ချုပ်ခံတွေက လက်ခံပေးနေသမျှ ကျုပ်တို့လို အာဏာရှင်တွေဆိုတာ ကမ္ဘာမြေရဲ့ တနေရာရာမှာ ဖွားခနဲဖြစ်ဖြစ်၊ တအိအိဖြစ်ဖြစ် ထွက်ပေါ်နေဦးမှာပဲလေ။ ကျုပ် ဘယ်လိုထွက်ခဲ့လဲလို့ စိတ်ပူမနေကြနဲ့။
ခင်ဗျားတို့ကသာ ခင်ဗျားတို့မြေပေါ်က အာဏာရှင်တွေကို ဘယ်လိုထွက်သွားအောင် လုပ်ကြမလဲလို့ တွေးထားကြ။ တွေးထားကြ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar