မြန်မာ့အရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဦးဆောင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ်ယူဆ၊ အပြုသဘောဆောင်တဲ့ ရလဒ်ရတယ်လို့ ဆိုသော်လည်း ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၃
မြန်မာ့အရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဦးဆောင်သင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ယူဆ၊ အပြုသဘောဆောင်တဲ့ ရလဒ်ရတယ်လို့ ဆိုသော်လည်း ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ နယ်စပ်မျဥ်းကို ကျော်ဖြတ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ၊ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်နေတဲ့ အလုပ်သမားတွေ၊ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်သူတွေ၊ တရားမဝင် ခိုးသွင်းလာတဲ့ မူးယစ်ဆေးဝါးတွေ စသဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုပေါ် အခြေခံပြီးဖြစ်ပွားနေတဲ့ အကျိုးဆက်တွေကို အများဆုံး သက်ရောက်ခံစားရတယ်လို့ ဆိုတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွေကို အာဆီယံနိုင်ငံတွေကိုယ်စား ဦးဆောင် ဆွေးနွေးသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ရှရက်သာထေဝီဆင်က နိုင်ငံခြား သတင်းစာတစောင်ရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ကိုယ်စား မြန်မာ့အရေးနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ သီးခြားစီတွေ့ဆုံကာ အဖြေရှာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လနှောင်းပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာ့အရေးမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးကို အင်ဒိုနီးရှားနိုင်ငံက သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်တဆင့် ခြေလှမ်းလှမ်းနိုင်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပြီး အဆိုပါသီးခြားတွေ့ဆုံဆွေးနွေးမှုတွေအနက် NUG, ABSDF, နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ရဲ့ ကိုယ်စားလှယ်တွေပါတက်ရောက်ခဲ့တယ်လို့ တွေ့ဆုံမှုတွေအပြီးမှာ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ကောင်စီကို အာဆီယံမှာ ၂၀၂၁ ခုနှစ်လယ်ပိုင်းလောက်ကတည်းက နိုင်ငံရေး ကိုယ်စားလှယ်မဟုတ်တဲ့ နိုင်ငံခြားရေးဌာနက အရာရှိတွေကိုသာ အစည်းအဝေးတွေတက်ရောက်ခွင့်ပေးမယ် ဆိုတဲ့ အာဆီယံရဲ့ ဒဏ်ခတ်တဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့အနေနဲ့ အာဆီယံ အစည်းအဝေးတွေကို ကိုယ်စားလှယ် စေလွှတ်တာ မရှိတော့သလို၊ အခုအင်ဒိုနီးရှားနိုင်ငံက ကမကထလုပ်တဲ့ သက်ဆိုင်သူအားလုံးကို သီးခြားစီဆွေးနွေးတဲ့ အစည်းအဝေးတွေမှာ ကြားခံသူတွေသာ တက်ရောက်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ကြားခံသူတက်ရောက်တယ်ဆိုတာကိုလည်း အတည်မပြုသလို စစ်ကောင်စီဘက်က ဘယ်သူမှ စေလွှတ်ခြင်း မရှိဘူးလို့ ဘူးခံငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အာဆီယံ အသင်းအဖွဲ့အတွင်းက နိုင်ငံရေးမှာလည်း အင်ဒိုနီးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ဦးဆောင်မှုနေရာ အားပြိုင်မှုရှိနေတယ်လို့ လေ့လာသူ အကဲခတ်သူတွေက ယူဆထားကြပြီး ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ကို တိတ်တဆိတ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဖြစ်ရပ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံအဖွဲ့ဘောင်အတွင်းက မြန်မာ့အရေးကို ဖြေရှင်းဖို့ သွယ်ဝိုက် ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
မကြာခင် လပိုင်းတွေက အစိုးရသစ် အဖြစ်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်သူ ထေဝီဆင်က အခုလို မြန်မာ့အရေးအဖြေရှာမှုမှာ ကောင်းကျိုးဆိုးပြစ်အများဆုံး ခံစားရတဲ့ ထိုင်းနိုင်ငံအနေနဲ့ ဦးဆောင်သင့်ကြောင်း အလေးပေးပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ တိုက်ပွဲတွေရဲ့ အကျိုးဆက်၊ အကျိုးသက်ရောက်မှုတွေက ဒေသတွင်းကို ကူးစက်လာနေကြောင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုလိုမျိုးကို သာဓကပြုပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။
နှစ်အတန်ကြာ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်က ဝန်ကြီးချုပ်တာဝန်ကို ယူခဲ့ရာက မကြာသေးခင် လပိုင်းကမှ အရပ်သားဖြစ်သူ ထေဝီဆင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ ထိုင်းနိုင်ငံကို သွယ်ဝိုက်ပြီး မှီခိုနေကြရတာလည်း ဖြစ်လို့ ထိုင်းနိုင်ငံရေး မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်တိုင်း မြန်မာ့အရေးကိုလည်း အနည်းနဲ့ အများ သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုက တရုတ်နိုင်ငံခြားရေးဌာနက ပြောခွင့်ရှိသူက မကြာခင်ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်း လက်နက်ကိုင် ညီနောင် ၃ ဖွဲ့တို့အကြားဆွေးနွေးပွဲက ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့တဲ့အကြောင်း ထပ်မံပြီး သတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့စက စတင်ထွက်ပေါ်လာခဲ့တဲ့ ဒီသတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိတိပပ ထုတ်ဖေါ်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူက အခုလကုန်ပြီးနောက် နောက်ထပ်တွေ့ဖို့ သဘောတူကြောင်း ဇောင်းပေးပြောဆိုပြီး တရုတ်နိုင်ငံကတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေရခဲ့တယ်လို့ဆိုပါတယ်။
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ကတော့ ယေဘုယျ ဆန်ဆန် ထုတ်ပြန်ချက်မျိုးထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိ နမ့်ခမ်း၊ မူဆယ်၊ နမ့်ဆန်တို့မှာ TNLA လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ထင်ထားတာထက် ငြိမ်သက်နေတဲ့ စစ်မျက်နှာက MNDAA နဲ့ စစ်ကောင်စီတို့ ရင်ဆိုင်ထားကြတဲ့ လောက်ကိုင် မြို့စစ်မျက်နှာဖြစ်ပါတယ်။
MNDAA အနေနဲ့ ခုရက်ပိုင်း စစ်ကောင်စီတပ်တွဗ စခန်းတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ မတွေ့ရဘဲ၊ မှန်းဆချက် တခုကတော့ လောက်ကိုင်မြို့ကို မပျက်စီးစေလိုတာကြောင့် မြို့ကိုတိုက်ခိုက်တာ မလုပ်သေးဘဲ စစ်ကောင်စီနဲ့ ကိုးကန့် ပြည်သူ့စစ် တပ်ဖွဲ့ကို လောက်ကိုင်မြို့ကနေ ထွက်ခွာသွားဖို့ ညှိနှိုင်းနေတာ နည်းလမ်းရှာနေတာ ဖြစ်မယ်ဆိုတဲ့ ယူဆချက်တခု ဖြစ်ပါတယ်။ ကိုးကန့် MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ၄င်းရဲ့ ရည်မှန်းချက် ဖြစ်တဲ့ နယ်မြေတွေ အတော်များများကို သိမ်းယူနိုင်ခဲ့ပြီး လောက်ကိုင်မြို့တမြို့သာ ကျန်တော့တာ ဖြစ်ပါတယ်။
TNLA အဖွဲ့အနေနဲ့တော့ ၄င်းရဲ့ ရည်မှန်းချက်က ဘယ်လောက်ထိ ရှိထားသလဲဆိုတာ မသိနိုင်သလို ယခုရက်ပိုင်းအတွင်း မူဆယ် ၁၀၅ မိုင်က စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခဲ့ပြီး နမ့်ခမ်းက စခန်းသစ် ဆိုတဲ့ စစ်ကောင်စီစခန်းကိုတော့ သိမ်းယူနိုင်ခြင်း မရှိသေးတာတွေ့ရမှာ ဖြစ်ပါတယ်။ နမ့်ဆန်မြို့မှာလည်း စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ တပ်မတော်လက်ဖက်ခြောက် စက်ရုံကို ခုရက်ပိုင်းအတွင်း သိမ်းယူခဲ့ပြီး စစ်ကောင်စီက လေကြောင်းက အပြင်းအထန်တုံ့ပြန်တိုက်ခိုက်နေပြီး မြို့က နေအိမ်တွေ မီးလောင်ပျက်စီးတာ၊ အရပ်သားတွေ သေဆုံးတာတွေ ရှိနေတာ ဖြစ်ပါတယ်။
ကူမင်း အပစ်ရပ်ဆွေးနွေးပွဲရဲ့ ရလဒ်ကို အပြုသဘောဆောင်တယ်လို့ တရုတ်နိုင်ငံက ဆိုပေမယ့်လည်း ဘယ်လိုနည်းနဲ့ လတ်တလော တိုက်ခိုက်မှုတွေ တိုက်ပွဲတွေအပေါ် သက်ရောက်မှုရှိမလဲဆိုတာတော့ သဲသဲကွဲကွဲ မပြောနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar