မာတီနာ - ပေါ်ပီပန်းများ
မာတီနာ - ပေါ်ပီပန်းများ
(မိုးမခ) ဒီဇင်ဘာ ၁၆ ၊ ၂၀၂၃
ပြီးခဲ့တဲ့ ဧပြီလတုန်းက သတင်းတခု
ဖတ်လိုက်ရတယ်။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားမှာ လိမ္မော်ရောင် ပေါ်ပီပန်းတွေ
အများကြီး တပြိုင်နက်ပွင့်လို့ တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတာ အာကာသထဲကနေ
လှမ်းရိုက်တဲ့ ဂြိုဟ်တုဓါတ်ပုံမှာတောင် မြင်ရသတဲ့။
နွေဦးရာသီ၊ နွေရာသီမှာ ပွင့်ကြတယ်တဲ့။
ဘယ်လောက်များပြီး ဘယ်လောက်များ ကြီးမားကျယ်ပြန့်လိုက်ပါလိမ့်။
ပန်းပင်လယ်ကြီးလို နေမှာပဲလို့
မှန်းဆကြည့်ရတယ်။ အွန်လိုင်းပေါ်မှာ မြင်တွေ့ရတဲ့ ဓာတ်ပုံတွေ၊
ဗွီဒီယိုတွေထဲမှာတော့ အနီးကပ်ရော အဝေးမြင်ကွင်းရော မြင်ရရဲ့။ တောင်ကုန်း၊
တောင်တန်းတွေမှာဆိုတော့ လိမ္မော်ရောင် လှိုင်းလုံးကြီးတွေလို နေမှာပေါ့။
လိမ္မော်ရောင် ပေါ်ပီပန်းတွေရဲ့
ကြားမှာ အဝါရောင်၊ ခရမ်းရောင် ပန်းပွင့်လေးတွေကလည်း အားကျမခံ
ပွင့်လန်းနေလိုက်ကြတာ။ သိပ်လှတာပဲ။
ပန်းဆိုရင် လှတာပဲ။ အရောင်အဆင်းရယ်၊
မွှေးရနံ့ရယ်၊ ပွင့်ချပ် ပွင့်ဖတ် ပုံသဏ္ဌာန်တွေရယ်၊ နူးညံ့ပြီး ဆွဲဆောင်မှု
ရှိကြတာချည်း။
အခု ဆောင်းရာသီဆို ချယ်ရီတွေ
ပွင့်ကြပြီ။ ချင်းတောင်မှာ၊ ရှမ်းပြည်မှာ၊ ဂျပန်မှာ၊ ကိုးရီးယားမှာ
ပန်းရောင်အဆင်းနဲ့ အလှဆင်ပြီပေါ့။
ရှမ်းပြည်တခွင်မှာ ပွင့်တဲ့
နေကြာရိုင်းကလည်း ရဲတင်းတောက်ပတဲ့ လိမ္မော်ရောင်အဆင်းနဲ့ ဝင့်ကြွားသေးတာ။ ပန်းတွေ
ပွင့်လန်းနေလို့ စိတ်ဆင်းရဲ ညစ်ညူးရတယ်ဆိုတာ ဘယ်သူများ ရှိလို့လဲ။
ပေါ်ပီပန်း ဆိုတာကတော့ ဘိန်းပန်းလို့
သိထားတော့ ဒီလောက်များတဲ့ ဘိန်းပန်းတွေ ကာလီဖိုးနီးယားမှာ ပွင့်နေကြတာပါလားလို့
အံ့အားသင့်မိတာပဲ။ ဘိန်းပန်း၊ ဘိန်းပင်ဆိုတာက ဥပဒေနဲ့ တားမြစ်ထားတဲ့ အပင်
မဟုတ်လား။ စိုက်ချင်တိုင်း စိုက်လို့ မရဘူးလေ။ ဒီမှာတော့ ဘိန်းခင်းတွေ ဖျက်ဆီးတယ်
ဆိုတဲ့ သတင်းဟာ မကြာခဏ တွေ့နေရတာကိုး။ ကာလီဖိုးနီးယားမှာတော့ မဖျက်ဆီးတဲ့အပြင်
ပျက်စီးမှာစိုးလို့ ဧည့်အဝင်အထွက်၊ သွားလာတဲ့ လမ်းကြောင်းတွေကိုတောင်
သတ်မှတ်ထားသတဲ့။ ပန်းတွေက သိပ်လှတော့ ခူးဆွတ်ကြမှာ၊ ပန်းတွေကို ဓာတ်ပုံရိုက်ရင်း
နင်းခြေမိကြမှာကို စိုးရိမ်သတဲ့လေ။
ဒီမှာဖြင့် တုတ်ရှည်၊ ဓားရှည်တွေ
တယမ်းယမ်းနဲ့ ခုတ်ဖြတ် ဖျက်ဆီးနေကြတာ မဟုတ်လား။
ဒါနဲ့ပဲ ပေါ်ပီအကြောင်း ဟိုဟိုဒီဒီ
လိုက်ဖတ်မိတော့တာပဲ။ အပွင့်ဆင်တူပေမဲ့ အမျိုးအစား အများကြီး ရှိတာကိုး။ ပြီးတော့
ပေါ်ပီစေ့ဆီက စားလို့ရသတဲ့။ ပေါ်ပီစေ့ (ဘိန်းစေ့) တွေကို မုန့်တွေမှာ ထည့်ကြတာ
တွေ့ဖူးသားပဲ။ ဘိန်းမုန့်၊ ဆနွင်းမကင်း စတဲ့ မုန့်တွေမှာ အပေါ်က ဖြူးထားတာလေးတွေလေ။
ပေါင်မုန့်နဲ့ စားတဲ့ မာဂျရင်းလုပ်တဲ့ အခါမှာလည်း ပေါ်ပီစေ့ဆီကို သုံးသတဲ့။
ပန်းချီဆွဲတဲ့ ဆေးတွေမှာလဲ ပေါ်ပီစေ့ဆီကို သုံးသတဲ့။ ပေါ်ပီစေ့က ဆီပါဝင်မှု
တော်တော်များတာကိုး။ ပေါ်ပီစေ့ဆီက ဘိန်းဆီတော့ မဟုတ်ဘူးပေါ့။
ဆီထုတ်ပုံနည်းလမ်းလည်း မတူပါဘူးလေ။
မော်ဖင်းကလည်း ပေါ်ပီကပဲ ရတာ။
ဘိန်းထွက်တဲ့ ပေါ်ပီက အိုပီယမ် ပေါ်ပီတဲ့။ ရောင်စုံရှိတယ်။ လိမ္မော်ရောင်လည်း
ရှိတယ်။ ဆေးဖက်အလွန်ဝင်ပေမဲ့ အလွဲသုံးမှုက များလွန်းတာမို့ ဥပဒေတွေ ပြဋ္ဌာန်းပြီး
ကန့်သတ်ထားရတဲ့ ပေါ်ပီပေါ့။ ဟီရိုးအင်းကို ဒီ အိုပီယမ်ပေါ်ပီက ရတာကိုး။
ကာလီဖိုးနီးယားက ပေါ်ပီတွေကတော့
ဟီးရိုးအင်း မရဘူးတဲ့။
ကာလီဖိုးနီးယားက လိမ္မော်ရောင်
ပေါ်ပီတွေ ပွင့်တဲ့အချိန်ဆို တခြားနေရာတွေမှာလည်း ပွင့်မှာပေါ့။
အာဖဂန်မှာ ဆိုလည်း ပေါ်ပီခင်းတွေက
တမျှော်တခေါ်ကြီးမဟုတ်လား။ ပြီးတော့ အခု ဗိုလ်စွဲတဲ့ တိုင်းပြည်မှာရော
တောင်တန်းတွေ အရောင်ပြောင်းလောက်အောင် မပွင့်ဘူးလား။
ဘယ်ပြောင်းမှာလဲလေ။ အာဖဂန်မှာ
စိုက်ထားတဲ့ ပေါ်ပီတွေက အရောင်တမျိုးတည်း မဟုတ်ဘဲကိုး။
ပန်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊
အဖြူရောင် စသည်ဖြင့် ရောင်စုံရှိတာကိုးလေ။ ဟိုး အဝေးက မြူတွေဆိုင်းနေတဲ့
တောင်တန်းပြာတွေကို နောက်ခံထားပြီး ပွင့်လန်းနေတဲ့ ရောင်စုံပန်းခင်း
တမျှော်တခေါ်ကြီးကို မြင်ယောင်ကြည့်စမ်းပါ။
ဘယ်လောက်များလှလိုက်မလဲ နော်။
အပွင့်တွေကြွေပြီးအသီးစိမ်းစိမ်းတွေချည်း
ကျန်ခဲ့တာတောင် သိပ်လှတာပဲဟာ။
အာဖဂန်နစ္စတန်မှာလေ။
=====================
Sources:
2) https://jordantimes.com/news/world/afghan-opium-output-soars-cultivation-hits-record-high
3) https://www.unodc.org/roseap/uploads/documents/Publications/2023/Myanmar_Opium_Survey_2022.pdf
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar