ခရစ်စမတ်နဲ့ နှစ်ကုန် အားလပ်ရက်တွေ မတိုင်ခင်ကာလမှာ ဒုက္ခဝေနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၃
ခရစ်စမတ်နဲ့ နှစ်ကုန် အားလပ်ရက်တွေမတိုင်ခင်ကာလမှာ ဒုက္ခဝေနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေ
ခရစ်ယာန်ဘာသာဝင်တွေအဖို့ တနှစ်တာမှာ ဘာသာရေးအရ အလေးအထားဆုံးအခါသမယ ဖြစ်တဲ့ ခရစ်စမတ်နေ့၊ တဖန်အခြားသောဘာသာဝင်တွေအဖို့လည်း ပြက္ခဒိန်နှစ်တနှစ် ကုန်ဆုံးခါနီးကာလ အလုပ်ပိတ်ရက်တွေ၊ အားလပ်ရက်တွေနဲ့ ဒီဇင်ဘာလနှောင်းပိုင်း အချိန်အခါ သမယမှာ ကမ္ဘာအရပ်ရပ်က အခြားသောနိုင်ငံတွေမှာ ပျော်ရွှင်မှုတွေ၊ စိတ်လက်ပေါ့ပါးပြီး အနားယူကြတဲ့ အချိန်အခါမျိုးမှာ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားက ပြည်သူလူထုတွေ အဖို့မှာတော့ လက်နက်တွေရဲ့ အန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အန္တရာယ်၊ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်နဲ့ မိမိတို့နေအိမ်တွေကနေ စွန့်ခွာတိမ်းရှောင်ပြီး စစ်ဘေးဒုက္ခသည်အနေနဲ့ တခြားမြို့၊ ကျေးရွာ သို့မဟုတ် တောထဲတောင်ထဲ တနေရာရာမှာ ခိုလှုံနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။
အခုလို အခြေအနေကြုံကြရတာ အခုနှစ်မှတော့မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်မတိုင်မီ တရက်အလိုမှာ ကရင်နီပြည် ဖရူဆိုမြို့နယ်ထဲက မိုဆူးကျေးရွာ အနီးမှာ စစ်ဘေးရှောင် ဒုက္ခသည် ၃၀ နီးပါး ကို ပစ်ခတ်သတ်ဖြတ်ပြီး စီးနင်းလာတဲ့ ကားတွေနဲ့ မီးတင်ရှို့ခဲ့တဲ့ အဖြစ်အပျက်က မှတ်မှတ်သားသား ဖြစ်နေဆဲ၊ ခရစ်ယာန်ဘာသာဝင်တွေလည်း ဖြစ်တဲ့ ကရင်နီပြည်က ကျေးရွာသားတွေအဖို့ ခရစ်စမတ် အခါသမယလိုကာလမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ အဖြစ်အပျက်က ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်က နောက်ဆက်တွဲကာလတွေ နှစ်တွေမှာ ဆက်လက်ဖြစ်ပွားမယ့် စစ်ရာဇဝတ်မှုတွေ၊ စစ်ပွဲရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ပဏာမ လှစ်ဟပြလိုက်တဲ့ အဖြစ်အပျက်တခုလို့တောင် ဆိုနိုင်ပါတယ်။
တဖန် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်မှာပဲ ကရင်ပြည်နယ် မြဝတီမြို့အနီးက ငြိမ်းချမ်းရေး မြို့အနေနဲ့ တည်ဆောက်ထားတဲ့ လေးကေ့ကော်ကို စစ်ကောင်စီဘက်က စဝင်ရောက်ကာ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် အပါအဝင်တချို့ကို ဖမ်းဆီးရာက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ်အထိ အခုလို နှစ်ကုန်ခါနီး ခရစ်စမတ် အခါသမယ၊ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ကြိုဆိုကြမယ့် အခါသမယတွေမှာ စစ်ဘေးရှောင်နေရသူတွေ၊ စစ်ဘေးကြောင့် အသက်ဆုံးရှုံးကြရသူတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးကြရသူတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ရှမ်းမြောက်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ပဲခူးတိုင်းက ဒေသအချို့တို့မှာ စစ်ဘေးရှောင်ရသူတွေ ဒုက္ခပင်လယ်ဝေတဲ့ ကာလတွေ ဖြစ်နေတာပါ။
လတ်တလော ရက်ပိုင်းတွေမှာ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဆန် အစရှိတဲ့ ပလောင်ဒေသတွေမှာ ပလောင်လွတ်မြောက်ရေး လက်နက်ကိုင်တပ်တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေ၊ စစ်ခြေကုပ်စခန်းတွေကို သိမ်းယူဖို့ အပြင်းအထန်တိုက်ခိုက်နေတာ ဖြစ်ပြီး အဆိုပါဒေသတွေက ဒေသခံ ထောင်သောင်းချီ စစ်ဘေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း လက်လွှတ်လိုက်ရတဲ့ စခန်းတွေ မြို့တွေကို လေကြောင်းကနေ ဗုံးကြဲတာ ပစ်ခတ်တိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေဆဲ၊ အချို့ဒေသတွေမှာ အတွဲလိုက် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ရဲ့ အဓိကလမ်းကြောင်းပေါ်က မူဆယ်မြို့အနီးက ၁၀၅ မိုင်ကို TNLA က ရက်အတန်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ သိမ်းယူလိုက်ပြီး အနီးတဝိုက်က ကျေးရွာတွေမှာ နေထိုင်နေကြသူတွေလည်း အသက်ဘေးလွတ်ဖို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။ မူဆယ်မြို့ ကိုတော့ လတ်တလော စစ်ကောင်စီက ထိန်းချုပ်ထားပေမယ့်လည်း မူဆယ်မြို့ကိုပါ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေမျိုး၊ စစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အနေအထားမျိုးနဲ့ စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ နမ့်ခမ်းမြို့မှာတော့ TNLA က မြို့ကိုထိန်းချုပ်ထားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြို့က နေအိမ်ဒါဇင်နဲ့ချီ ပျက်စီးရတဲ့ သတင်းတွေလည်း တွေ့နေရတာ ဖြစ်ပါတယ်။
ကရင်နီပြည်မှာတော့ KNDF လက်နက်ကိုင် တပ်ဖွဲ့က လွိုင်ကော်ြမို့ကို သိမ်းယူဖို့ ကြိုးစားနေတာ ၁ လကျော်ကြာလာပြီး မြို့ရဲ့ နေရာအားလုံးကို မထိန်းချုပ်နိုင်သေးပဲ စစ်ကောင်စီတပ်က မြို့ကို နေရာယူ ခုခံကာကွယ်နေဆဲ ဖြစ်ပါတယ်။ သောင်းနဲ့ချီတဲ့ မြို့ပေါ်က လူထုအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တွေကို စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့က စစ်ဘေးရှောင်တွေ အနေနဲ့ ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီး အစရှိတဲ့ နယ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းက စစ်ဘေး တိမ်းရှောင်ခဲ့ကြပြီး အချို့သောဒေသတွေမှာ နယ်ခံတွေ အနေနဲ့ စစ်ဘေးရှောင်တွေကို လက်မခံနိုင်တဲ့ အနေအထား လက်မခံချင်တဲ့ အနေအထားတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တချို့က ပြောဆိုပါတယ်။
ကရင်နီပြည်က စစ်ဘေးရှောင်လာသူတွေနဲ့ နယ်ခံတွေ အကြား ကိုးကွယ်ရာ ဘာသာမတူကွဲပြားတာ၊ လူမျိုးမတူကွဲပြားတာတွေက အကြောင်းအချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အခုလို အနေအထားမှာ အုပ်ချုပ်ရေးအရ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်သည့်တိုင် စစ်ပွဲဧရိယာက ထွက်ပြေးတိမ်းရှောင်လာသူတွေကို ရန်သူကို ထောက်ခံတဲ့ လူထုသဖွယ်ရှုမြင်ပြီး အုပ်ချုပ်ရေး အရသော်လည်းကောင်း၊ လူမှုကူညီကယ်ဆယ်ရေး တာဝန်အရ စီစဥ်ဆောင်ရွက်တာမျိုး မရှိဘဲ မိမိတို့ အစီအစဥ်နဲ့ ခိုလှုံနေထိုင်ကြဖို့ ကြိုးစားနေကြရတာ တွေ့ရပါတယ်။
လွိုင်ကော်မြို့မှာ နေထိုင်ခဲ့ကြတဲ့ သောင်းနဲ့ချီတဲ့ မြို့ခံတွေအနေနဲ့ ကရင်နီပြည်အရှေ့ပိုင်း အတွင်းပိုင်းက ဒေသခံတွေလို နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်တာထက် ရှမ်းပြည်နယ်တောင်ဘက်ကို တိမ်းရှောင်ကြတာဖြစ်ပြီး ရိက္ခာဖူလုံမှု ရှိနိုင်တဲ့အချက်၊ ဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့တွေဆီ ရွေးချယ်ကြတဲ့ အကြောင်းအချက်ကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမြို့တွေဆီ ထွက်ပြေး တိမ်းရှောင်ကြတဲ့ သဘောဖြစ်ပါတယ်။
ပြက္ခဒိန်နှစ်တနှစ် ကုန်ဆုံးခါနီး နောက်နှစ်တနှစ်ကို ကူးပြောင်းဝင်ရောက်ချိန်မှာ ကမ္ဘာအရပ်ရပ်မှာ ဘာသာရေးအရ အခမ်းအနားတွေ လုပ်ဆောင်နေကြချိန်၊ တနှစ်တာရဲ့ အားလပ်ရက်ရှည်ကာလ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ပြီး အနားယူကြချိန်မှာ မြန်မာနိုင်ငံရဲ့ ဒေသအများစုမှာတော့ စစ်ပွဲတွေရဲ့ ကြားထဲ ရှိနေတဲ့ မိသားစုဝင်တွေ အသက်မဆုံးရှုံးအောင် ထွက်ပြေးတိမ်းရှောင်ပြီး ရောက်ရှိရာနေရာမှာ စားသောက်စရာ ရရှိဖို့ အကူအညီရရှိဖို့ မျှော်လင့်နေရတဲ့ ဘဝမျိုးဖြစ်ပြီး မိသားစုအများအပြားလည်း ၄င်းတို့ရဲ့ဆန္ဒမပြည့်ပဲ မိသားစုဝင်တချို့ အသက်ဆုံးရှုံးကြရတာ စစ်ပွဲအတွင်း ဖမ်းဆီး နှိပ်စက်ခံကြရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar