ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - (နိဂုံးပိုင်း)
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - (နိဂုံးပိုင်း)
(မိုးမခ) ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃
ပြည်တွင်းစစ် ဆိုတာ တိုင်းပြည်တစ်ခုအတွင်း အဖွဲ့အစည်းအချင်းချင်း
စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြတဲ့ စစ်ပွဲ ဖြစ်တယ်လို့ ဆိုကြလေ့ရှိပါတယ်။
ဂျီနီဗာကွန်ဗန်းရှင်းမှာတေ့ ပြည်တွင်းစစ် ဆိုတဲ့ စကားလုံးကို အတိအကျ
အဓိပ္ပာယ်ဖွင့်ဆိုထားတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ပြည်တွင်းစစ်ပွဲ အပါအဝင် နိုင်ငံတကာအဆင့်
မဟုတ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုတော့ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ဒီလို လက်နက်ကိုင်ပဋိပက္ခတွေအဖြစ် သတ်မှတ်ဖို့အတွက် အချက် ၄ ချက်နှင့် ကိုက်ညီရမည်လို့လည်း
သတ်မှတ်ထားတာ တွေ့ရပါတယ်။
· တော်လှန်သူများသည် နိုင်ငံ၏ တစိတ်တဒေသကို ပိုင်ဆိုင်ထားသည့် အနေအထား
ဖြစ်ရမည်။
· ပုန်ကန်သူများအနေနှင့် နိုင်ငံ၏ နယ်နိမိတ်အတွင်း တိကျသော ဒေသတစ်ခုအပေါ်တွင် ဥပဒေအရ အပ်နှင်းထားခြင်း မဟုတ်သော်လည်း ဩဇာအာဏာ သက်ရောက်ရမည်။
· ပုန်ကန်သူများသည် အတိုင်းအတာတစ်ခုအထိ စစ်မက်လိုလားသူများ ဖြစ်ရမည်။
· တရားဝင်အစိုးရမှ နိုင်ငံတော်၏စစ်တပ်ကို ပုန်ကန်တိုက်ခိုက်သူများအတွက် တစိတ်တဒေသ
အသုံးပြုနေခြင်း ဖြစ်ရမည်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ
၇၅ နှစ် ရှိနေပါပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး စစ်ပွဲတခု ဖြစ်ပါတယ်။
ကမ္ဘာ့အရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။ ဒေသတွင်း ပြည်တွင်းစစ်ပွဲ
ဖြစ်နေတဲ့ အင်ဒိုနီးရှား ပါပူးဝါးလွတ်မြောက်ရေးစစ်ပွဲဟာ
၅၈ နှစ်၊ ဖိလစ်ပိုင်တောင်ပိုင်း ခွဲထွက်ရေး အပါအဝင် ပြည်တွင်းစစ် ၅၂ နှစ်၊
တောင်အမေရိကတိုက်က ကိုလံဘီယာ ပြည်တွင်းစစ် ၅၇ နှစ် ကြာခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံမှာတော့
ပြည်တွင်းစစ်က ၇၅ နှစ် ဆိုတဲ့ခရီးကို သည်းသန်ပြင်းထန်စွာ ဖြတ်သန်းနေရဆဲပါ။ ဒီလိုနိုင်ငံမှ
မဆင်းရဲရင် ဘယ်နိုင်ငံ ဆင်းရဲမလဲဆိုတာ ခက်ခက်ခဲခဲ စဥ်းစား အဖြေထုတ်နေစရာ မလိုအောင်ကို
ရှင်းရှင်းလင်းလင်းရှိတယ်လို့
ဆိုချင်ပါတယ်။ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်မှာ စစ်ဗိုလ်ချုပ်လူတန်းစားဟာ
အလွန်ကြီးပွားချမ်းသာလာကြသလို မြန်မာနိုင်ငံသူနိုင်ငံသားတွေကတော့
ချမ်းသာလူတန်းစားက လူလတ်တန်းစားဘဝတွေအဖြစ် ပြောင်းသွားပြီး လူလတ်တန်းစားတွေက
ဆင်းရဲသားဘဝကို ရောက်ကုန်ကြတော့တာပါ။ လူတန်းစားအဆင့် လျှောကျသွားတဲ့လက္ခဏာ ဖြစ်ပါတယ်။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း
ကျနော်တို့ နားလည်သဘောပေါက်ဘို့က ပြည်တွင်းစစ်ကို မှီခိုပြီး ကြီးပွားချမ်းသာလာတဲ့
ကပ်ပါးကောင်တွေကတော့ စစ်အုပ်စုတွေပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြီး အဓွန့်ရှည်ပါစေဆိုပြီး
ဘုရားတွေတည် ဆုတောင်းနေတဲ့ အုပ်စုကတော့ ဗမာပြည်ရဲ့ အချမ်းသာဆုံးစာရင်းဝင်
လူယုတ်မာတွေလို့ဘဲ ပြောရမှာပါ။ ပြည်တွင်းစစ်မရှိတော့ရင် စစ်တပ်ကြီးစိုးရေး၊
လူထုပေါ် ဗိုလ်ကျစိုးမိုးရေးနဲ့ တိုင်းပြည်ဘဏ္ဍာကို
သေနတ်ထောက် လုယက် ခိုးဝှက်ရေး၊ လူထုကို ကျွန်ပြုရေး စတာတွေကို စစ်ဗိုလ်ချုပ်တွေ
လုပ်လို့ရမှာ မဟုတ်သလို ပေါကြောင်ကြောင်စကားဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဥ်း
အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများ အခန်း ၆ (စ) မှာပါတဲ့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု
အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဥ်တစိုက် ဦးတည်သည်”
ဆိုတာတွေဟာ အမှိုက်ပုံထဲ ရောက်သွားပြီး စစ်တပ်ရဲ့ အနိုင်ကျင့် ဗိုလ်ကျနေတဲ့ မတော်လောဘတွေလည်း တစခန်းရပ်သွားတော့မှာပါ။
ပြောရရင်တော့ဗျာ။ “ဓားပြလည်း တိုက်ချင်သေးတယ်၊ သူကြီးလည်း ဖြစ်ချင်သေးတယ်ဆိုတဲ့
စစ်ဗိုလ်ချုပ်တွေရဲ့ အစဥ်တစိုက် ဦးတည် လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ
အဆုံးသတ်သွားရတော့မှာပါ။
စစ်အတွင်း ညီညွတ်ရေးတပ်ပေါင်းစုများ
ပထမဆုံး ခုခံတော်လှန်ရေး တပ်ပေါင်းစုကို လွတ်လပ်ရေးရပြီး တနှစ်မျှသာကြာသေးတဲ့
၁၉၄၉ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။ ထိုတပ်ပေါင်းစုကို ပြည်သူ့ဒီမိုကရေစီတပ်ဦးလို့ ခေါ်ပြီး
ဗမာပြည် ကွန်မြူနစ်ပါတီ (CPB)၊ ကွန်မြူနစ်ပါတီ (အလံနီ)၊ ပြည်သူ့ရဲဘော် ပါတီ (PCP)၊ တော်လှန်သော ဗမာ့တပ်မတော် (RBA) နှင့် ရခိုင်ပြည်သူ့လွတ်မြောက်ရေးပါတီ (APLP) တို့ ပါဝင်ကြပါတယ်။
၁၉၅၆ ခုနှစ်တွင် တိုင်းရင်းသားခုခံတော်လှန်ရေးတပ်ဖွဲ့
လေးခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သူ့တပ်ဦးနဲ့ ဦးလှဖေ ဦးဆောင်တဲ့ ပအိုဝ်းအုပ်စုတခုတို့ဟာ
ဒီမိုကရက်တစ်လူမျိုးစုများ ညီညွတ်ရေးတပ်ဦးလို့ ခေါ်တဲ့ တပ်ပေါင်းစုတခု ဖွဲ့ခဲ့ကြပါတယ်။
ပိုမိုကျယ်ပြန့်ပြီး ကွန်မြူနစ် လိုလားတဲ့ အမျိုးသားဒီမိုကရေစီ
ညီညွတ်ရေးတပ်ဦးကို ၁၉၅၉ ခုနှစ်မှာ ထူထောင်ပြီး အဖွဲ့ဝင်ခြောက်ဖွဲ့အဖြစ် CPB, ကရင်လက်ဝဲအုပ်စုဖြစ်သည့် ကရင်အမျိုးသားညီညွတ်ရေးပါတီ
(KNUP)၊ KNPP၊ ချင်းအမျိုးသားတပ်ဦးပါတီ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ပအိုဝ်း အဖွဲ့တဖွဲ့တို့ ပါဝင်ကြပါတယ်။
၁၉၆၀ ပြည့်နှစ်များအစောပိုင်းမှာ တိုင်းရင်းသားခုခံတော်လှန်ရေးတပ်ဖွဲ့အချို့ဟာ
တိုင်းရင်းသားများ လွတ်မြောက်ရေးမဟာမိတ်အလံတော်အောက်တွင် ညီညွတ်ရန် ကြိုးစားခဲ့ကြပါတယ်။
ထိုမဟာမိတ်အဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ KNPP၊ ကော်သူလေး တောင်လှန်ရေး ကောင်စီ
(KRC) နှင့် နွမ်ဆတ်ဟန် ရှမ်းအဖွဲ့တဖွဲ့
ပါဝင်ကြပါတယ်။
နောင်နှစ်နှစ်ကြာသောအခါ KNU၊ KNPP၊ ကယန်းပြည်သစ်ပါတီ (KNLP)၊ ဇိုမီးအမျိုးသားတပ်ဦး (ZNF) နှင့် ရှမ်းပြည်တပ်မတော် (SSA) စစ်ကောင်စီတို့က ညီညွတ်သော တိုင်းရင်းသားများတပ်ဦး ကို တည်ထောင်ပြီးနောက်
တနှစ်ကြာတဲ့အခါ ဖျက်သိမ်းလိုက်ကြပြန်ပါတယ်။
တိုင်းရင်းသားများ ညီညွတ်သောတပ်ဦးကို ၁၉၆၇ ခုနှစ်မှာတည်ထောင်ပြီး KNUP၊ KNPP၊ KNLP၊ NMSP၊ ZNF နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့
ချုပ် (နောင်တွင် ရှမ်းပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်)
(SSNPLO) တို့ ပါဝင်ကြပါတယ်။ ထိုအဖွဲ့ကို နောက်ဆုံး ၁၉၇၃ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပြီး တော်လှန်သော
တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့ဝင်လေးဖွဲ့အဖြစ် KNU၊ KNPP၊ KNLP နှင့် SSA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပါဝင်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီးမြ ဦးဆောင်တဲ့ KNUဟာ ထိုင်းနယ်စပ် ကရင်တိုင်းရင်းသားတပ်များ ထိန်းချုပ်ထားတဲ့ နယ်မြေဌာနချုပ်မှာ
တိုင်းရင်းသားအဖွဲ့အစည်း အများအပြားကို စုစည်းခဲ့ပါတယ်။ သူရဲ့ အားထုတ်မှုတွေကြောင့်
တော်လှန်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကို ၁၉၇၅ ခုနှစ်တွင် ၄င်း ဖက်ဒရယ်အမျိုးသားဒီမိုကရေစီတပ်ဦးက
ဆက်ခံပြီးနောက် တနှစ်ကြာမှာ အမျိုးသားဒီမိုကရေစီတပ်ဦး (NDF) အဖြစ် အမည်ပြောင်းလိုက်ကြပါတယ်။
NDF ရဲ့ မူလအဖွဲ့ဝင်များမှာ KNU၊ KNPP၊ SSPP၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ အမျိုးသားညီညွတ်ရေးပါတီ (LNUP)၊ ညီညွတ်သော ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ချုပ် (UPNO) နှင့် ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLO) တို့ ဖြစ်ပါတယ်။ UNPO ဟာ အဖွဲ့က ၁၉၇၇ ခုနှစ်မှာ နုတ်ထွက်ပြီးနောက် ၁၉၈၀
ပြည့်နှစ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အစားထိုး ဝင်ရောက်ခဲ့ပါတယ်။
NMSP က ၁၉၈၂ ခုနှစ်၊ KIO နှင့် ဝ အမျိုးသားအဖွဲ့ချုပ် (WNO) က ၁၉၈၃ ခုနှစ်၊ လားဟူအမျိုး သား အဖွဲ့ချုပ် (LNO) က ၁၉၈၇ ခုနှစ်တွင် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာကြပြီး
LNO သည် မဟာမိတ်အဖွဲ့မှ ၁၉၈၄ ခုနှစ်တွင် နုတ်ထွက်သည့် LNUP အစား ဝင်ရောက်လာခြင်းဖြစ်ပါတယ်။
SSNPLO၊ KNLP နှင့် ကရင်နီပြည်နယ်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့က လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းကြသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ နောက်ပိုင်းတွင်
ဒီမိုကရေစီ ပြည်ချစ်တပ်မတော် (DPA) ကလည်း ထိုမဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာသည်။ ၁၉၉၄
ခုနှစ်တွင် DPA သည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး
အခြားအုပ်စုများသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုကြသည်။
၁၉၉၀ ပြည့်နှစ်များ အစောပိုင်းက
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များကြောင့် NDF ပြိုကွဲသွားပြီး တိုင်းရင်းသား ခုခံတော်လှန်ရေး အင်အားစုများအကြား
မဟာမိတ်သစ်ဖွဲ့ရန် အားထုတ်မှုများကို ၂၀၁၁ ခုနှစ်အထိ မတွေ့ရတော့ပေ။ ထိုအချိန်တွင်
ပေါ်ပေါက်လာသည့် မဟာမိတ်အဖွဲ့ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (UNFC) ဟု ခေါ်သည်။ ကနဦးတွင် အဖွဲ့ ဝင် ၁၁ ဖွဲ့ပါပြီး အင်အားအကြီးမားဆုံး အဖွဲ့အစည်းများမှာ KIA၊ KNU နှင့် SSA/SSPP တို့ဖြစ်ပြီး ၎င်းတို့သည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုပင် တည်ထောင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် KIA၊ ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်ဒေသ အခြေစိုက် မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့မှ ကိုယ်စားလှယ်များသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ထိုအဖွဲ့သည်
ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ စစ်မြေပြင်များတွင် သိသိသာသာ အောင်မြင်သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အခြေစိုက်သော AA ကို KIA က လေ့ကျင့်ပေးထားပြီး ကိုးကန့်ဒေသတွင် MNDAA နှင့်အတူ တိုက်ပွဲဝင်သောကြောင့် ထိုမဟာမိတ်အဖွဲ့တွင် AA ပါဝင် ခြင်းဖြစ်သည်။
အဖွဲ့ ခုနစ်ဖွဲ့တို့သည် ပြည်ထောင်စု
နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်း လိုက်သောအခါ ထိုမဟာမိတ်အဖွဲ့
ပိုမိုကျယ်ပြန့်လာသည်။ ထိုအဖွဲ့တွင် KIA၊ TNLA၊ MNDAA၊ AA၊ SSA/SSPP၊ UWSA နှင့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ
မဟာမိတ်တပ်မတော် (NDAA) တို့ ပါဝင်သည်။ NDAA သည် ၁၉၈၉ ခုနှစ်တွင် CPB ပြိုကွဲပြီး နောက် ပေါ်ပေါက်လာသည့် ဒေသခံတပ်ဖွဲ့ လေးခုအနက်တခု ဖြစ်သည်။
FPNCC ကို UWSA ၏ ပန်ခန်း (ပန်ဆန်း) ဌာနချုပ်တွင် ထူထောင်ပြီး
မြန်မာ့ပြည်တွင်းစစ်အတွက် အဖြေရှာရေး ကူညီရန် တရုတ်ကို အကူအညီတောင်းသည်။ FPNCC နှင့်အပြိုင် TNLA၊ MNDAA နှင့် AA၊ တခါတရံ KIA တို့သည် မြောက်ပိုင်းမဟာမိတ်အမည်ဖြင့်
ညီအကိုတော် မဟာမိတ်ဖွဲ့ပြီး စစ်တပ်ကို တိုက်ခိုက်ကြသည်။ သို့သော် ၁၉၉၀
ပြည့်နှစ်များက ငြိမ်းချမ်းရေးသဘောတူညီချက် များနှင့် မြန်မာစစ်တပ်က ၂၀၁၅ ခုနှစ်တွင်
ချုပ်ဆိုသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်
အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နိုင်မည့် ညီညွတ်သောတပ်ပေါင်းစု ထူထောင်နိုင်ခြင်း မရှိတော့ပါ။
စစ်အတွင်းတပ်ပေါင်းစုများ များစွာ ပေါ်ပေါက်ခဲ့ပါတယ်။
အင်အားကြီးမားသော စစ်အုပ်စုကို ခုခံဖို့ တိုင်းရင်းသားတွေဟာ မဟာမိတ်ဖွဲ့ခြင်း (တနည်း
) တပ်ပေါင်းစုဖွဲ့ခြင်းဖြင့်သာ အဖွဲ့အစည်းများရဲ့ ရပ်တည်ရေးကို
ကြိုးပမ်းခဲ့ကြရပါတယ်။အဓိကပြဿနာက စစ်အုပ်စုဟာ ဗမာတိုင်းရင်းသားတွေ ကို
စည်းရုံးသိမ်းသွင်းပြီး အခြားတိုင်းရင်းသားတွေအပေါ် ကျူးကျော်စော်ကား
နှိပ်စက်ခြင်း ပြုခဲ့ကြခြင်းပင်ပဲ ဖြစ်ပါတယ်။ ပြောရမည်ဆိုလျှင်စစ်အုပ်စုဟာ
ကိုလိုနီခေတ်ကတည်းက သုံးစွဲခဲ့တဲ့ သွေးခွဲအုပ်ချုပ်ခြင်း Divide in Rule policy အတိုင်း ဆက်လက် ကျင့်သုံးခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားအများစုက ဒီပေါ်လစီပါအတိုင်း
စစ်အုပ်စုရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့ကြကာ အခြားတိုင်းရင်းသားများအပေါ် နှိပ်စက်ခြင်းအမှုကို ပြုခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ ဒီအတွေးအခေါ် နဲ့
လုပ်ဟန်ကို ရိုက်ချိုးလိုက်နိုင်ခဲ့ပါတယ်။ ဗမာ တိုင်းရင်းသားများ အပါအဝင်
တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ အလွန်ခိုင်မြဲစွာ သွေးစည်းနိုင်ခဲ့ကြပြီး ဘုံရန်သူဟာ
စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တရား စစ်အုပ်စုဆိုတာကို ရှင်းလင်းထင်ရှားစွာ ယုံကြည်သက်ဝင်လာခဲ့ကြတာဟာ
နွေဦးတော်လှန်ရေးရဲ့ အဓိကမောင်းနှင်အားလို့ ပြောရမှာ ဖြစ်ပါတယ်။ကျနော်တို့
စစ်အတွင်းမှာ တပ်ပေါင်းစုတွေ ဖွဲ့ခဲ့ကြတယ်။ အောင်မြင်မှုထင်ထင်ရှားရှား မရရှိခဲ့ကြသလို
ဘုံရန်သူစစ်အုပ်စုကိုလည်း ဖယ်ရှားနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ အဓိကအကြောင်းရင်းက
လူထုထောက်ခံမှုကို အခိုင်အမာ မရရှိခဲ့ခြင်းလို့
သုံးသပ်ရမှာ ဖြစ်ပါတယ်။ တပ်ပေါင်းစုများ
ပေါ် ပေါက်ခဲ့သော်လည်း
လူထုထောက်ခံမှုကို ပြည့်ပြည့်ဝဝမရရှိခြင်းက တော်လှန်ရေးအောင်မြင်ဖို့ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။
ကနေ့ လူထုထောက်ခံမှုကတော့ မြန်မာနိုင်ငံ သမိုင်းမှာ
ဘယ်တုန်းကနဲ့မှ မတူတဲ့ ထောက်ခံမှုကို နွေဦးတော်လှန်ရေးက အခိုင်အမာရရှိချိန် ဖြစ်ပါတယ်။
ဒီနေ့ ကျနော်တို့ စစ်အနိုင်တိုက်ဖို့ လိုပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့
လိုပါတယ်။ ဒီအကြောင်းတရား နှစ်ခုလုံးဟာ ပစ္စုပ္ပန်အတွက်ရော၊ အနာဂတ်အတွက်ရော
ရည်မှန်းဆောင်ရွက်ရမှာဖြစ်တယ်ဆိုတာ ကျနော်တို့ လေးနက်ရပါမယ်။ တနိုင်ငံလုံး တိုင်းရင်းသား
လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းနိုင်ဖို့
စစ်ရေး၊ နိုင်ငံရေးတပ်ပေါင်းစု ဖွဲ့စည်းရုံမှတပါး အခြားနည်းမရှိပါ။ လူထုထောက်ခံမှုအခိုင်အမာ
မရချိန်မှာ ကျနော်တို့တပ်ပေါင်းစုတွေဟာ များသောအားဖြင့် ဘုံရန်သူကို အနိုင်တိုက်နိုင်ဖို့
အားနည်းခဲ့ကြပေမဲ့ ကနေ့လို လူထုထောက်ခံမှု အပြည့်အဝရနေချိန်မှာတော့ တပ်ပေါင်းစုနဲ့
အောင်ပွဲခံရေးဟာ အဓိကကျတဲ့ သေနင်္ဂဗျူဟာလုပ်ငန်းစဥ် ဖြစ်ကြောင်း အလေးအနက် တင်ပြလို
ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုးကား
၁။ Bertil Lintner ၏ The Mirage of the ‘United Front’ in Myanmar
၂။ အမှောင်ကြားကဗမာပြည် ဝင်းတင့်ထွန်း
၃။ ပြည်တွင်းစစ် နှစ်ငါးဆယ် အောင်စောဦး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar