Breaking News

လေခဏီ - ကျားဖြန့်


လေခဏီ - ကျားဖြန့်

(မိုးမခ) ဒီဇင်ဘာ ၁၄ ၊ ၂၀၂၃


ဝေါဟာရတို့မည်သည် ရွေ့လျောတတ်သော သဘောရှိ၏။ တချို့စကားလုံးများကတော့ သံတူဌာန်တူသက်သက်ကြောင့် ပြောင်းတတ်ပြီး တချို့မှာမူ အသံရော ဌာန်ပါမက ဟန်သဘောကို လိုက်လျော၍ပါ ပြောင်းတတ်လေ၏။ ယင်းစကားလုံးမျိုးကတော့ အသားပါသည်ဟု ဆိုရပေမည်။

ရှေးစကားကိုထား ယခုမျက်မှောက်မှာပင် "ကြံ့ဖွံ့" မှ "ကြံ့ဖွတ်" သို့ပြောင်းလာသည့်စကားလုံးတလုံးကို လေ့လာသင့်သည်။ "ကြံ့ဖွံ့"၏ မူလအနက်က ကြံ့=ကြံ့ခိုင်၊ ဖွံ့=ဖွံ့ဖြိုး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အတိုကောက်စကားလုံး ဖြစ်သည်။ ကာလအတန်အသင့်တခု ရောက်သော် ယင်းပါတီ၏  မဟုတ်မဟပ် လုပ်ရပ်များဖြင့် တိုင်းပြည်ညံ့ဖျင်းလာဘ်တိတ် မွဲရိပ်တက်ကာ ပြည်နာအောင်ပြုတတ်သော အသွင်ဟန်ပန်အမူအယာကြောင့် "ကြံ့ဖွံ့" မှသည် သံတူ ဌာန်တူ ဟန်တူဝေါဟာရ "ကြံ့ဖွတ်" အဖြစ် ပြောင်းကြွတော့သည်။

အဓိပ္ပာယ်ကလည်း "ဖွံ့=ဖွံ့ဖြိုးမှသည် ဖွတ်=ဖွတ်တက်" တလုံးသာမက "ကြံ့=ကြံ့ခိုင်မှသည် ကြံ့=ကြံ့ကောင်" ဆိုသည့် တိရစ္ဆာန်အဆင့်သို့ နှစ်လုံးလုံး ရွေ့လျောသွားသည်။ 

တိရစ္ဆာန်တောင် လူတို့နှစ်သက်သည့် အမျိုးအစားမဟုတ်ဘဲ လူတို့ စက်ဆုတ်သည့်အမျိုးအစားဖြစ်သည်နှင့်အညီ ယုတ်ညံ့မှုကလည်း အတောမသတ်။ လခြား ရက်ခြားပင် ဗားရှင်းမြှင့်လာကြသည်။ 

မူး-ရူး-သောင်း-ကျန်း-ကျင့်-တန်-ယုတ်-ကန်း-ဖျင်း-စုတ်-ပဲ့-ရွဲ့-စောင်း-မဲ့-ညံ့-တုံး-ပွ-ပုတ်-ဟောင်-နံ-စော်-ညှော်-ရှို့-လိမ်-ညာ-လု-ယက်-ခိုး-ဆိုး-နှိုက်-တိုက်-သတ်-ဖြတ် စသည်ဖြင့် မရပ်မနား ရဟတ်ခြားသဏ္ဌာန် အထပ်ထပ်အဖန်ဖန် အုံလိုက်ကျင်းလိုက်ပြုကြသည်။ 

လောကတွင် အရက်စက်ဆုံး အလုပ်များထဲမှ တခုမှာ တခြားသူ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ဖြုတ်ယူရောင်းစားမှု ဖြစ်သည်။ 

လောလောလတ်လတ် ကျော်စောလာသည့် လုပ်ငန်းတခုတွင် လူတွေကို မက်လုံးအမျိုးမျိုးပေးခေါ်ဆောင်ပြီး ငွေကျွန်ပြုချင်တိုင်းပြုလို့မဝ စိတ်တိုင်းမကျတိုင်း ရိုင်းစိုင်းယုတ်မာ နှိပ်စက်ညှဉ်းပန်းကာ အားရသလောက်ရှိသည့်အခါကျမှ ကလီစာ ထုတ်ရောင်းစားကြသည်။

နောက် အယုတ်မာဆုံး လုပ်ငန်းတခုကတော့ လစာမက်လုံးနှင့် မျှားခေါ်ကာ အမျိုးသမီးငယ်များကို နှစ်ရှည်ပိတ်လှောင်ထားပြီး အချိန်နှင့်အမျှ လိင်ပိုင်းဆိုင်ရာမှန်သမျှ လေ့လာနေရပြီး လိင်ပြော လိင်ပြ လိင်ပြုများနှင့် ငွေရှာခိုင်းမှု ဖြစ်သည်။ ယင်း ရွံရှာစက်ဆုပ်ဖွယ်အလုပ်သည်လည်း လတ်တလော ကျောစောထင်ရှားလာသည့် အလုပ်ထဲမှ တခုပင် ဖြစ်သည်။ 

ယင်းမျှ ယုတ်ကန်းရက်စက် လောက,က လက်မခံနိုင်သည့် အလုပ်မျိုးကို လက်နက်အားကိုး မအေလိုးများသာ လုပ်စွမ်းနိုင်ရာသည်။ လက်နက်အားကိုး မအေလိုးဖြစ်ရုံမျှမရ၊ စိတ်ဆိုးစိတ်နုပ် စိတ်ယုတ်စိတ်သိင်(လိင်-နှင့်အလားတူ)ရှိမှလည်း ဖြစ်သည်။ 

ယင်းနှစ်မျိုး ဆတိုးရှိသူမှာ ဤဒွန္နယာ၌ ကြံ့ဖွတ်နှင့် သူ့အပေါင်းပါ ပြည်သူ့စစ်များသာရှိရကား ယင်းတို့သည် ယင်းလုပ်ငန်းဆိုင်ရာ မြို့ပြနယ်ပယ်များပင် ထူထောင်ကြတော့သည်။ ဤနေရာ၌ သိပြီးသားတခုကို ထပ်၍ဆိုရလျှင် ကြံ့ဖွတ်ဟူသည် ဘောင်းဘီချွတ်ထားသူနှင့် ဘောင်းဘီဝတ်ထားသူ မြန်မာ့တပ်မတော် ဖြစ်သည်။ 

ဝေါဟာရရွေ့လျောခြင်းသည် သံတူ ဌာန်တူ ဆိုလျှင် ကာလရှည်မှ ဖြစ်တတ်ပြီး ဟန်တူဆိုလျှင်တော့ ကာလတိုအတွင်း နေ့ချင်းညချင်းမှာပင် ဖြစ်တတ်သည်။

ယခုအခါ “ကြံ့ဖွံ့” မှ ရွေ့လျောလာသော "ကြံ့ဖွတ်" သည် "ကျားဖြန့်" ဟု ထပ်မံ လျောရွေ့သွားပြီ။

ပါတီတွင်းမှာတော့ မြီးတံတိုတိုနှင့် အဆီစား အသားမျိုသမို့ "ကြောင်ဖား" ဟုလည်း ဆိုကြသည်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar