မြဝတီ ကော့ကရိတ်ကြားက တံတားတစင်း ဖောက်ခွဲခံရ၊ တိုက်ပွဲနဲ့ စစ်ကြောင်းတွေ တကျော့ပြန်အရှိန်တက်လာတဲ့ စစ်ကိုင်းတိုင်း
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၃
မြဝတီ ကော့ကရိတ်ကြားက တံတားတစင်း ဖောက်ခွဲခံရ၊ တိုက်ပွဲနဲ့ စစ်ကြောင်းတွေ တကျော့ပြန်အရှိန်တက်လာတဲ့ စစ်ကိုင်းတိုင်း
မကြာခင် သီတင်းပတ်တွေကတည်းက ပိတ်ဆို့ခံထားရတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရဲ့ အဓိကကျတဲ့ အာရှလမ်းက တံတားတစင်း ဖောက်ခွဲဖျက်ဆီးခံရပြီး ကားတွေသွားလာဖို့ မရတော့တဲ့ အခြေအနေရောက်ရှိသွားတယ်လို့ သတင်းတွေထဲ ဖေါ်ပြထားကြပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတာ သီတင်းပတ်နဲ့ချီ ကြာမြင့်လာပြီးနောက် အခုလို ကော့ကရိတ်အနီးက ကော့နွဲ့ကျေးရွာနားမှာရှိတဲ့ တံတားဖောက်ခွဲဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ကော့ကရိတ်မြို့ကိုလည်း ကေအန်အယ်လ်အေနဲ့ ပူးပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ကော့ကရိတ်မြို့ ကို သိမ်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ မြို့ပေါ်မှာ ကျန်ရှိနေတဲ့မြို့ခံတွေ လက်နက်ကြီးကျည် ထိခိုက်သေဆုံးတာ၊ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးတာတွေ ရှိသလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
ထိုင်းနဲ့မြန်မာအကြား နယ်စပ်ကုန်သွယ်ရေး မှာ တင်ပို့တဲ့ကုန်ကားတွေ ထိုင်းကုန်ပစ္စည်းတင်သွင်းလာတဲ့ ကုန်ကားတွေ အစီးရေရာဂဏန်းနဲ့ချီ ပိတ်မိနေပြီး ကားငယ်တွေကတော့ ထော့ကော့ကိုး လမ်းပိုင်းကနေ ဖားအံ၊ မော်လမြိုင် ရန်ကုန်ကို သွားလာနေကြတာဖြစ်ပြီး သီတင်းပတ်နဲ့ ချီလာတဲ့နောက်မှာ ထိုင်းနယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ လတ်တလော တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ နေရာတွေ အနေနဲ့ ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကျိုက်မရော ထိစပ်တဲ့ စပါယ်ဂူတံတားအနီး နေရာတွေဖြစ်ပြီး ကေအန်အယ်လ်အေနဲ့ ပူးပေါင်းတပ်တွေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မုန်းမြို့သိမ်းတိုက်ပွဲတွေလည်းမကြာခင်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေ ရှမ်းမြောက်၊ ကချင်ပြည်နယ် အောက်ပိုင်း၊ စစ်ကိုင်း၊ ချင်းနဲ့ အိန္ဒိယနယ်စပ် တို့မှာ စခန်းတွေ မြို့တွေ တိုက်ခိုက်ခံနေရချိန်ကို စစ်ရေးအရ အခွင့်အရေး တခုအဖြစ် အကဲဖြတ်မှတ်ယူပြီး ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် အစပ်တို့မှာ တိုက်ခိုက်နေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီအချိန်မှာပဲ စစ်ကိုင်းတိုင်း မှာလည်း ပုလဲမြို့နယ်ထဲမှာ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေ၊ ရေဦးနဲ့ ဒီပဲယင်းမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ထောင်နဲ့ချီပြီး ထွက်ပြေးနေကြရတဲ့ သတင်းတွေ တွေ့နေရတာ ဖြစ်ပါတယ်။
ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်ရွာကို ပြီးခဲ့တဲ့ သီတင်းပတ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး NUG လက်အောက်က တရားရုံး အဆောက်အဦ ထိမှန်ကာ တရားရေးတာဝန်ခံနဲ့ ကလေးသူငယ် တဦးအပါအဝင် အခြား ဒေသခံ ၅ ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီရက်တွေတုန်းက မင်းတိုင်ပင် ရွာမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းမရှိပေမယ့် အနီးအနားရွာတွေကို လှည့်လည်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တပ်ဖွဲ့တွေကို ထောက်ခံအားပေးတဲ့ ဒေသခံတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာ သတ်ဖြတ်တာ၊ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေ အဖို့ အခုလိုအိမ်တွေစွန့်ပြီး စားစရာရိက္ခာ၊ အဝတ်အစားတွေကို လှည်းပေါ်၊ ဆိုင်ကယ်ပေါ်တင်ကာ စစ်ကောင်စီစစ်ကြောင်း လွတ်ကင်းရာ ရွာနဲ့ တောတွေဆီ တိမ်းရှောင်ကြရတာ ခုဆိုရင် ၂ နှစ်ကျော် ၃ နှစ်ထဲရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ အရာတော်၊ ဝက်လက်၊ ရွှေဘို၊ ချောင်းဦးစတဲ့ မြို့နယ်တွေက ကျေးရွာတွေက ဒေသခံတွေအဖို့ စစ်ဘေးတိမ်းရှောင်ရတာက တကြိမ်မကတော့တဲ့ အဖြစ်တွေ၊ အချို့ဆို အိမ် မီးလောင်ပြီး ယာယီနေထိုင်ဖို့ ပြန်ဆောက်ထားတဲ့ နေစရာကို နောက်တကြိမ် စစ်ကြောင်းထိုးတဲ့အခါမှာ ထပ်မီးရှို့ခံရတဲ့ အဖြစ်မျိုးတွေအထိ ရှိနေတာလည်း ဖြစ်ပါတယ်။
နကိုက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဒေသအလိုက် ကုန်သွယ်အရောင်းအဝယ်လုပ်ပြီး အတန်အသင့် ချောင်လည်ကြတဲ့ သူတွေ၊ ကိုယ်ပိုင် လယ်၊ ကျွဲနွားနဲ့ အရင်းအနှီးအနည်းငယ် ရှိတဲ့သူတွေလည်း ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရပြီး စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ မလုပ်ကိုင်နိုင်ကြတော့တဲ့ အနေအထား ရောက်ကုန်ကြပါတယ်။ ရှိသမျှ ပိုင်ဆိုင်တဲ့ ငွေကြေးကို ချစ်ခြုပ် ထုတ်သုံးစွဲကြရတဲ့ အနေအထားတွေ ရောက်ရှိကုန်ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ မြေလှန်စနစ်၊ ပိုင်ဆိုင်မှုတွေထဲက တန်ဖိုးရှိတာ ယူဆောင်လို့ရတာတွေ ယူသွားတဲ့ ဒါးပြတိုက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးရတာက တမျိုး၊ စိုက်ပျိုးကုန်သွယ်တာတွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အနေအထားမှာ ဝင်ငွေမရှိတဲ့ အနေအထားရောက်ပြီး အသက်ရှင်သန်ဖို့ အနိမ့်ဆုံးလိုအပ်ချက် ဖြစ်တဲ့ စားသောက်ကုန်၊ ဆေးဝါးလိုမျိုး သယ်ဆောင်လာတဲ့အခါ မတန်တဆ ပိုက်ဆံတောင်းခံတာတွေ ကြောင့် စစ်ကိုင်းတိုင်းက ဒေသခံတွေရဲ့ ဘဝက ရှင်သန်နေထိုင်ဖို့ အခက်အခဲအမျိုးစုံကို ကျော်ဖြတ်နေကြရတဲ့ ဘဝတွေဖြစ်ပါတယ်။
အချို့သော နယ်စပ်ဒေသက ပြည်နယ်တွေလို ဘေးလွတ်ရာ ဒေသတွေကို လနဲ့ချီ တိမ်းရှောင်ဖို့ ပထဝီအနေအထားမျိုးလည်း မဟုတ်ပဲ မြို့နယ်တခုနှစ်ခု အတွင်း လှည်း၊ ဆိုင်ကယ်၊ ခြေလျင် တသွယ် လှည့်လည် တိမ်းရှောင်နေကြရတဲ့ ဘဝတွေ ဖြစ်ပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ စခန်းတွေ နဲ့ မြို့အချို့ကို လက်လွှတ်လိုက်ရတဲ့ အနေအထား၊ ကရင်ပြည်နယ် ပဲခူးတိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေချိန်၊ အနောက်ဘက် ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်မှာ ရင်ဆိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို အသည်းအသန် ခုခံနေရချိန်မှာလည်း မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း မကွေးတိုင်းအထက်ပိုင်းလိုမျိုးကို စစ်ကောင်စီက လက်မလွှတ်ရအောင် ဖက်တွယ်ထားတဲ့ သဘောမျိုးတွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ သေရေးရှင်ရေး အတွက် ပိုပြီးကြမ်းတမ်း ရက်စက်စွာ အင်အားသုံးပြီး လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းတွေနဲ့ ဖျက်ဆီး သတ်ဖြတ် မီးရှို့တာတွေ ပိုမိုလုပ်လာမယ့် အလားအလာတွေလည်း မြင်တွေ့နေရတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar