Breaking News

ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၁ )

(📸 - နမူနာ ပျံကျစျေးတစ်ခုရဲ့ ဓာတ်ပုံ ဖြစ်ပါသည်။)


ကိုကျော်(မြစ်ကြီးနား) - ဦးထုပ်အကြောင်း၊ နာရီအကြောင်း ( ၁ )

(မိုးမခ) ဒီဇင်ဘာ ၁၈ ၊ ၂၀၂၃


ကယ်လီဖိုးနီးယားပြည်နယ်၊ ကွန်းကော့မြို့ (Concord) မှာ နေစဥ်တုန်းက အိမ်အနားက ကားလမ်းမကြီးရဲ့ ဟိုဘက်ခြမ်းကို ကူးလိုက်တာနဲ့ လဟာပြင်ကွင်းအကျယ်ကြီးမှာ ပျံကျဈေး (flea market) ရန်ကုန် ဗိုလ်ချုပ်စျေးရှေ့ ရွှေဘုံသာလမ်းမ လမ်းဘေးမှာ ချရောင်းတဲ့ ဆိုင်တွေလိုပေါ့) တစ်ခု ရှိတယ်။ ဒီက ပျံကျဈေးတွေက အလုပ်ပိတ်ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲ ရောင်းကြတယ်။

အရင်ကဆို ပျံကျဈေးတွေမှာ ကိုယ့်အိမ်မှာ အသုံးမလိုတော့တဲ့ အိမ်သုံးပစ္စည်းမျိုးစုံတွေ (ရှေးဟောင်းပစ္စည်းတွေလည်း ရောပါလာ) သယ်လာပြီး ရောင်းကြတာ၊ နောက်ပိုင်းမှာတော့ လူသုံးကုန်ပစ္စည်းအသစ်တွေ ရောင်းတဲ့ဆိုင်တွေလည်း ပေါ်လာတယ်။

ရှော့ပင်းမောလို ကုန်တိုက်ကြီးမှာကျတော့ ဘရန်းတံဆိပ်ဆိုင်တွေက ဘယ်‌ရှော့ပင်းမောပဲသွားသွား ဒီတံဆိပ်တွေချည်းပဲ တွေ့နေရတော့၊ ပြီးတော့ ဈေးကလည်း ကြီးတယ် ဆိုတော့ ကြာလာရင် အီသွားကြတယ်။ ဒီလိုနဲ့ နောက်ပိုင်း လူတွေက အလုပ်ပိတ်ရက်တွေမှာ ပျံကျဈေးတွေကို လာလည်တတ်ကြတယ်။ ကိုယ်နဲ့အသုံးတည့်တဲ့ ပစ္စည်းလေးတွေ၊ အထူးအဆန်းလေးတွေ ဈေးချိုချိုနဲ့ရနိုင်တော့ တချို့ပျံကျဈေးတွေ လူအတော်စည်ကားတယ်။ 

အိမ်နားက 'ကွန်းကော့'ပျံကျဈေးက နေရာကျယ်တယ်၊ လူလည်း စည်တယ်၊ ကိုယ်တိုင်လည်း မကြာခဏရောက်ဖြစ် အခြေအနေကိုလည်း သိထားပြီဆိုတော့ အဲဒီမှာ အလုပ်ပိတ်ရက် ၂ ရက်မှာ ဈေးရောင်းရင်ကောင်းမလားလို့ အတွေးဖြစ်ခဲ့တယ်။ ကုန်ပစ္စည်းအသစ်တွေပဲ ရောင်းမယ်လို့ စိတ်ကူးခဲ့တယ်။ ဒါပေမဲ့ ယူအက်စ်မှာ ကိုယ်ကတခါမှ ဈေးမရောင်းဖူးဘူးလေ၊ ဘာပစ္စည်းတွေရောင်းမလဲ၊ ကုန်ပစ္စည်းရင်းမြစ်ကရော ဘယ်မှာ ရှာမလဲ၊ ဘယ်လိုရှာရမလဲ ဆိုတာတွေ စဥ်းစားကြံစည် အတွေးချဲ့နေတုန်း ဖြစ်ခဲ့တယ်။ 

ယူအက်စ်ရောက် ငယ်သူငယ်ချင်း ဒေးဗစ်ရန်ရဲ့ ကျေးဇူးကြောင့် သူနဲ့ တမြို့တည်းနေ သူ့ရဲ့မိတ်ဆွေ ဖန် (Phan) နဲ့ ရင်းနှီးခဲ့ရတယ်။ ဖန်က တရုတ်ပြည်ကြီး ကွမ်ကျုံးပြည်နယ် ဇာတိ၊ သူက ဘာအလုပ်မှမလုပ်ဘဲ ကျောင်းဆက်တက်နေရင်း စနေ တနင်္ဂနွေ ၂ ရက်မှာ သူတို့မြို့ (Sacramento)ရဲ့ ပျံကျစျေးတစ်ခုမှာ ဈေးရောင်းနေတာလို့ သိရတော့ ပိုပြီးစိတ်ဝင်စားမိတယ်။

ဖန်ကလည်း သဘောကောင်းပြီး အတတ်နိုင်ဆုံး ကူညီ လမ်းပြပေးခဲ့တယ်။ သူက ဒီလိုအကြံပေးတယ်။ ဘာရောင်းရမလဲလို့ မဆုံးဖြတ်နိုင်သေးရင် လောလောဆယ်မှာ သူ ရောင်းတဲ့ပစ္စည်းတွေအတိုင်းပဲ စပြီးရောင်းပေါ့တဲ့။ တပတ် တကြိမ် ဒိုင်မှာ ဈေးသွားဝယ်တဲ့အခါ ကျနော့်အတွက်ပါ ပစ္စည်းတွေ ဝယ်ပေးခဲ့မယ်ပေါ့၊ ပြီးရင် ဘယ်လောက်ဈေးနဲ့ ရောင်းသင့်သလဲဆိုတာ ရှင်းပြမယ် စသည်ဖြင့် အကြံပေးပါတယ်။ (ကျနော်က တနင်္လာ - သောကြာအထိ ပုံမှန်အလုပ်လည်း လုပ်နေတော့ ဒိုင်ဆီအထိသွားဖို့ အချိန်မရှိဘူး၊ နောက်ပြီးတော့ ဒိုင်တွေစုပြီး တပတ် တကြိမ် ကုန်ကားကြီးတွေနဲ့ စုဝေးတဲ့နေရာကလည်း ၂-၃ နာရီကြာ ကားမောင်းသွားရတာ။)

အရင်းနှီး ဒေါ်လာ ၄၀၀ နဲ့ စတင်

တဖက်မှာ ကျနော်ကလည်း ပျံကျဈေးရုံးခန်းကိုသွား၊ ဈေးရောင်းဖို့ ဆိုင်းခန်းအကွက်တွေကို ဘယ်လိုယူရတာ၊ ဘာတွေ လိုအပ်တာတွေကို သွားစုံစမ်းခဲ့တယ်။ လဟာပြင်မှာ ထုံးအဖြူနဲ့အကွက်တွေ ချထားတာ တစ်ကွက်ကို ၁၀ ပေပတ်လည်လောက် ကျယ်မယ်။ ဆိုင်ခန်း ၂ မျိုး ၂ စားရှိတယ်၊ ပုံသေနေရာမရှိတဲ့ဆိုင်ခန်း (စျေးတံခါးစဖွင့်ချိန် ကြုံတဲ့အကွက် လွတ်နေတဲ့အကွက်) ဆိုရင် တစ်နေ့စာအတွက် ဒေါ်လာ ၂၀ ပဲ ပေးရတယ်။ နေရာယူပြီးရင် ကိုယ့်ဖာသာ ဆိုင်ခန်းပြင်ဆင် (စားပွဲခင်း၊ တဲထိုး စသဖြင့်)၊ ပြီးရင် ကိုယ် သယ်လာတဲ့ပစ္စည်းတွေ ချရောင်းရုံပေါ့။

နောက်ဆိုင်ခန်းတမျိုးကတော့ နေရာကောင်း၊ ရုံးခန်းရှေ့တည့်တည့်က မျက်နှာစာလမ်းမကြီး အတန်းပေါ့၊ အဲဒီက အကွက်တွေကတော့ စီနီယာလူဟောင်းတွေ ပစ္စည်းအသစ်တွေချည်းပဲ ရောင်းတဲ့အတန်းပါ။ တစ်နှစ် တစ်ကြိမ် အဲဒီအကွက်တွေကို လေလံဆွဲရတယ်။ ကြမ်းခင်းစျေးက ဒေါ်လာ ၅၀၀ ကစတယ်၊ စျေးအမြင့်ဆုံးပေးနိုင်သူက လိုချင်တဲ့အကွက်ကိုရကြေးပေါ့။

ဖန် က သူ့ရဲ့ပျံကျစျေးမှာ နာရီနဲ့ ဦးထုပ်တွေ ရောင်းတယ်၊ ဖုန်းနဲ့ဆက်စပ်တဲ့ ဖုန်းကာဗာ နဲ့ ဖုန်းအားသွင်းကြိုးတွေလည်း ရောင်းတယ်။ မက္ကဆီကိုလူမျိုးတွေ အများစုက ပျံကျဈေး လည်ပတ်တာကြိုက်တယ်၊ သူတို့ကိုယ်တိုင်လည်း စျေးရောင်းကြတာရှိတယ်။ သူတို့တတွေက နာရီတို့ ဦးထုပ်တို့ ကြိုက်ကြတယ်လို့ ဖန်က ရှင်းပြခဲ့တယ်။

ဒါကြောင့် ဖန် ပေးတဲ့အကြံအတိုင်း ကျနော်လည်း နာရီနဲ့ ဦးထုပ်ကို စပြီးရောင်းခဲ့တာပဲ။ (နဂို ကျနော့်စိတ်ကူးနဲ့ဆိုရင် ကျနော်က နေကာမျက်မှန် ကြိုက်တော့ နေကာမျက်မှန်ရောင်းဖို့ စဥ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်တဲ့ပစ္စည်းအစား သူများကြိုက်တဲ့ပစ္စည်းတွေကို ရောင်းရင် ပိုကောင်းတယ်လို့ ဖန်က အကြံပေးခဲ့ပါတယ်။)

ပထမဆုံးအကြိမ် ဖန်က ဒိုင်ကနေ ဝယ်လာတဲ့ ကျနော့်အတွက် နာရီနဲ့ ဦးထုပ်တချို့ကို အမှိုက်အိတ်အနက်နဲ့ သယ်လာပေးတယ်။ ဘောက်ချာပြတယ်၊ စုစုပေါင်း ဒေါ်လာ ၄၀၀ ခန့်လောက် ထင်တယ်၊ ပြီးတော့ ဘယ်နာရီ၊ ဘယ်ဦးထုပ် အမျိုးအစားဆိုရင် ဘယ်လောက်နဲ့ရောင်း၊ ဈေးဆစ်လာရင် အနည်းဆုံး ဒီလောက်နဲ့ရောင်းပါ စသဖြင့် သေချာရှင်းပြတယ်။

ပျံကျဈေးသမားရဲ့ ပြင်ဆင်မှု

ပျံကျဈေးမှာက ထုံးဖြူနဲ့ လေးထောင့်ခတ်ထားတဲ့ ဗလာအကွက်ပဲ ရတာ။ ကျန်တာအားလုံး ခုံ၊ သစ်သားပြား၊ စားပွဲ၊ တဲထိုးဖို့သံတိုင်၊ သံတိုင်အဆက်၊ တာလပတ်အမိုး၊ ချည်တဲ့ကြိုး၊ လေတိုက်ရင် တဲမလွင့်သွားအောင် ဘိလပ်မြေတုံးတွေ၊ ကြွပ်ကြွပ်အိတ်၊ အကြွေအမ်းဖို့ ၁ - ၅ ဒေါ်လာပိုက်ဆံတွေ အစအဆုံး ကိုယ်တိုင်စီစဥ်ရတာ။ 

အစပိုင်းမှာတော့ ကြုံတဲ့လွတ်တဲ့ အကွက်တစ်ကွက်ကို ဒေါ်လာ ၂၀ ပေးပြီး စရောင်းခဲ့တယ်။ မိန်းလမ်းက နေရာကောင်းတွေတော့ ဘယ်တော့မှ မရနိုင်ဘူး၊ အဟောင်းပစ္စည်းတွေ ချရောင်းတဲ့ ဆိုင်ခန်းတွေကြားမှာ ရောင်းခဲ့ရတယ်။ အိမ်သုံးကား ဟွန်ဒါစီဗစ် ဆလွန်းကားလေးနဲ့ လိုတဲ့ပစ္စည်းကိရိယာတွေ ပြည့်ကျပ်အောင်တင်ပြီး စရောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပစ္စည်းတွေလည်းများလာ ကားလေးနဲ့ သိပ်မဆံ့ချင်တော့လို့ ဈေးရောင်းဖို့ကားတစ်စီး ရှာရတော့ပါတယ်။

Craigslist အွန်လိုင်းဝက်ဆိုက်ကနေ ဖို့ဒ်ကားဟောင်းတစ်စီး (ပေါင်မုန့်ကားပုံစံ) ဒေါ်လာ ၁၀၀၀ နဲ့လား မသိဘူး ဝယ်လိုက်တယ်။ မူလပိုင်ရှင်က လူဖြူအဖိုးကြီးဆိုတော့ ကားကို သေချာ ဂရုစိုက်ခဲ့တော့ ကားမော်ဒယ်နိမ့်ပေမဲ့ ကောင်းကောင်းခိုင်းလို့ရသေးလို့ အဆင်ပြေတယ်။

ပေါင်မုန့်ကားရဲ့နောက်ခန်း ထိုင်ခုံအတန်းတွေ အားလုံးဖြုတ်၊ Home Depot ကိုသွားပြီး ၄x၁ လက်မ သစ်သားချောင်းနဲ့ ငါးထပ်ပြားတွေဝယ်၊ ဆိုင်မှာပဲ လိုချင်တဲ့အတိုင်းအတာ အတိအကျ စက်နဲ့ ဖြတ်ပေးတယ်။ ပြီးရင် ကားနောက်ခန်းမှာ ကြမ်းခင်းလုပ်လိုက်တယ်။ ၅ ထပ်ပြား ကြမ်းခင်းအောက်မှာ တဲထိုးဖို့ လိုအပ်တဲ့ သံပိုက်လုံးတွေ ထည့်တယ်၊ အပေါ်ကြမ်းခင်းမှာတော့ ပလတ်စတစ်ဘူးကြီးတွေနဲ့ ကုန်ပစ္စည်းအပြည့် သယ်လို့ပြုလို့ အဆင်ပြေသွားပါတော့တယ်။ 

စီနီယာပျံကျစျေးသည် ဖြစ်လာ

ကြုံတဲ့အကွက်မှာ စျေးရောင်းရင်း မိန်းလမ်းအကွက်တွေမှာ ဈေးရောင်းနေတဲ့ ဆိုင်ရှင်တချို့နဲ့ ရင်းနှီးလာတယ်။ မိန်းလမ်းမှာ ခရီးဆောင်အိတ် ဆိုက်မျိုးစုံရောင်းတဲ့ ကိုရီးယား အစ်မကြီး၊ မာဆချ် (အကြောနှိပ်)လုပ်တဲ့ တရုတ်ကြီး လင်မယား၊ နေကာမျက်မှန် ရောင်းတဲ့ ဖိလိပိုင် အကိုကြီး၊ ဖုန်းကာဗာနဲ့ အားသွင်းကြိုး သီးသန့်ရောင်းတဲ့ အရှေ့အလယ်ပိုင်းလူမျိုးနဲ့ အင်္ကျီအနွေးထည်တွေရောင်းတဲ့ ပါလက်စတိုင်း အစ်မကြီးတို့နဲ့ သိကျွမ်းခဲ့ရတယ်။ 

သူတို့ရဲ့ အတွင်းသတင်းနဲ့ မိန်းလမ်းမှာ နေရာကောင်းတကွက် လွတ်လိမ့်မယ်၊ လေလံဆွဲတဲ့အခါ ယူလို့ရတယ်၊ လေလံဆွဲရင် သူ့နေရာ ကိုယ့်နေရာ မလုကြေး၊ အဲလိုဆိုရင် ကြမ်းခင်းစျေး ဒေါ်လာ ၅၀၀ (တစ်နှစ်စာ) + နေ့စဥ် ဆိုင်ခန်းခ ဒေါ်လာ ၂၀ နဲ့ ရနိုင်မယ်လို့ အားလုံး ကြိုတင်တိုင်ပင်ထားခဲ့တော့ နောက်ဆုံးမှာ နေကာမျက်မှန်နဲ့ မာဆချ် ဆိုင်ခန်း ၂ ခုကြားက အကွက် (ရုံးခန်းရှေ့တည့်တည့်)ကို ကျနော် အပိုင်ရသွားခဲ့ပါတယ်။

မှတ်မှတ်ရရ ခရီးဆောင်အိတ် ရောင်းတဲ့ ကိုရီးယားအမကြီးရဲ့ အကွက်ကို ပြိုင်ဘက်တစ်ယောက်က ဝင်လုပြီး လေလံဆွဲတာ သူမက တင်းပြီး စျေးတွေ တဆင့်ဆင့်ပေးရင်းနဲ့ ဒေါ်လာ ထောင်ကျော်သွားတာကို မှတ်မိသေးတယ်။ ကိုရီးယားမကြီးက သူ ရောင်းနေကျနေရာကို လာလုရကောင်းမလားဆိုပြီး ပြန်ရအောင် ယူနိုင်ခဲ့ပါတယ်။

အခွင့်အရေး ဆိုတာ ရှိတယ်၊ ဒီမှာ လူ့အခွင့်အရေး ဆိုတာလည်း ရှိတယ်။ ဒါပေမဲ့ ကိုယ် ဖိုက်မှ ကိုယ်ရနိုင်ပါတယ်။ 

နာရီအကြောင်း ဦးထုပ်အကြောင်း ( ၂ ) ဆက်ပါအုံးမည်။ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar