Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၆ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၅၆ )

(မိုးမခ) ဇန်နဝါရီ  ၁၂၊ ၂၀၂၄

10/1/24

Diary in the darkness


တနေ့ တနေ့ မြို့သိမ်းတိုက်ပွဲ သတင်းတွေ မျှော်ရ၊ ဖတ်ရ တာနဲ့ ရွတ်နေကျ မေတ္တာသုတ်ရွတ်ဖို့ တောင်ပျက်ကွက်နေတယ်။ မေတ္တာပွားဖို့ သတိမေ့နေတယ်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို့ ဆိုတာ ဝေလာဝေး။  

စစ်ကောင်စီက သူ့တပ်စခန်းတွေမှာ ဘုရားစာတွေရွတ်ရမယ်လို့အမိန့်ထုတ်မှ ကိုယ်လည်း မေတ္တာသုတ်ကို သတိရတယ်။ ရန်သူ မိတ်ဆွေ မခွဲခြားဘဲ မေတ္တာမထားနိုင်‌သေးတော့ မေတ္တာသုတ်ရွတ်ရတာ ဘုရားကို အားနာတာလဲပါရဲ့။ မေတ္တာသုတ်ကို လက်တွေ့ကျင့်သုံးဖို့ကြိုးစားတာ အတော်ခရီးရောက်နေပြီလို့ မိမိကိုယ်မိမိ အထင်ကြီးခဲ့တာ ခုတော့ အခြေအနေမှန်ကို သိပြီလေ။ 

နေ့စဉ်နဲ့အမျှ ဗုံးကြဲ၊ ရွာမီးရှို့၊ ဘုရားကျောင်းတွေ တိုက်ခိုက်ကာ အကုသိုလ်တွေ ပွားများနေတဲ့ စစ်ကောင်စီက ဘုရားစာတွေ အသံကုန်ရွတ်ဖို့ အကြိမ်ကြိမ်နိုးဆော်နေကြပြီ။ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဥပသကာအပေါင်းတို့ ဘာများတတ်နိုင်ပါဦးမည်နည်း။

လူမိုက်တွေ၊ လူယုတ်မာတွေ က သူတော်ကောင်း ၊ သူမြတ်လောင်း ဘွဲ့တံဆိပ်တော်တွေ နဖူးချိတ်ထားတဲ့ ကာလ။ မလုပ်ရဲတာ ဘာမှ မရှိလို့ သူက ပြောထားပြီးသားလေ။ 

ခေါင်းဆောင်ကြီက ခိုးပြ၊ ယိုးပြ၊ သတ်ပြ၊  ယုတ်မာပြနေမှတော့ နောက်လိုက်တွေက ပိုကဲပြကြတာပေါ့။ 

တနေ့က တာမွေ ၁၅၆ လမ်းမှာ စတိုးဆိုင်ထဲ ပစ္စည်းဝင်လုတယ်။ ဆိုင်ရှင်က အော်ပြီး အကူအညီတောင်းတယ်။ လုယက်သူက ဆိုင်ရှင်ကို အုတ်ခဲနဲ့ထုတယ်။ ဆိုင်ရှင်ခမျှာ ဆေးရုံ‌ ရောက်။ သေမလား ရှင်မလား မသိရတဲ့။ ညီလေးက ဖုန်းဆက်ပြောတာ။ 

သတိထားနေတဲ့။ စားသတိ။သွားသတိ။ နေသတိ။ ဗုဒ္ဓဟောတဲ့ နိဗ္ဗာန်ရောက်ကြောင်း ဆင်ခြင်နေရတဲ့သတိမျိုးမဟုတ်။ အဖမ်းမခံရရေး ၊ အသတ်မခံရရေး အလုမခံရရေး၊ ဆင်ခြင်နေရတဲ့ သတိမျိုးပါ။ လူမိုက်၊ လူယုတ်မာတွေ တန်ခိုးထွားချိန်ကိုး။ 

ဒီအချိန်၊ ဒီကာလမှာ  လူမိုက် အားကျ "ကိုဘောမ" မီဒီယာ တွေလည်းစင်ပေါ်တက်လာကြ။ 

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီအခြေယိုင်သွားတော့မှ ဘောမ မီဒီယာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြ။ တချို့က မင်းအောင်လှိုင်ကို ငိုသံပါကြီနဲ့ ဆဲကြ ဆိုကြ။ "ဘောမ"တွေ "ဘောပိ" ဖြစ်ကုန်ကြ။ 

တိုင်းပြည်အတွက် စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီတွေလည်း စစ်ကောင်စီက "ပြည်သူ့ လုံခြုံကာကွယ်ရေးအဖွဲ့"ဖွဲ့မယ်ဆိုတော့ မှ ရွေးကောက်ပွဲ စပေါ်ငွေသိန်းတစ်ထောင် ပြန်တောင်းသူတောင်း မြေကွက်ကလေး ရလိုရငြား အသနားခံသူခံနေကြ။

သိန္နီက စစ်ကောင်စီတပ်တွေ အလုအယက် လက်နက်ချ။ သီပေါ၊ မေမြို့၊ လားရှိုးက စစ်ကောင်စီမိသားစုတွေက ခြေဦးတည့်ရာပြေးကြ။ အနောက်ဖက်စစ်မျက်နှာက စစ်ကောင်စီတပ်တွေကတော့ အန္ဒိယ နိုင်ငံထဲ အသုတ်လိုက် အသုတ်လိုက် ဝင်ပြေးကြ။

ဒီ ရာထူးနဲ့ ဒီလစာကလေး ပြန်သနားမယ် ဆိုရင် တော်ပါပြီ၊ ကျွန်တော်တို့ အလံဖြူထောင်မှာပါလို့ ဗိုလ်ကြီးနေမျိုးဇင်နဲ့ ညှိသူညှိ။ 

ပြည်သူချဉ်ဖတ် စစ်ကောင်စီတပ်ကြီးပျက်နေတာ မြင်ရ ကြားရ အရသာရှိပါ့ဗျာ။ 

ဒေဝဒတ် မြေမျိုခန်းကို ကြည့်‌နေရသလိုပ။ ကြည်နူးလိုက်တာ။

ဒီညလည်း မေတ္တာပို့တဲအထဲ သူယုတ်မာ၊ သူခိုးဓမြ၊ လူသတ် သမား စစ်ကောင်စီတွေ မထည့်နိုင်သေးတာ နားလည်ခွင့်လွတ်တော်မူပါ အရှင်ဘုရား။

လူကောင်းသူကောင်းတွေသာမက လူဆိုးလူမိုက်တွေကိုပါ မေတ္တာပွားနိုင်မှ ငြိမ်းချမ်းခြင်းအစစ်အမှန်ရမယ်လို့ ဆရာတော်ကြီးများထံမှ သင်ယူခဲ့ရပေမယ့် ခုထိမကျင့်သုံးနိုင်သေး။ ကျွန်တော်ကြိုးစားရပါဦးမယ်။

တနိုင်ငံလုံး "စစ်ကောင်စီ ကင်းစင်နယ်မြေ " ဖြစ်ပါစေ။

အန်ကယ် တူမီး

10/1/24



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar